နောက်ဆုံး ပါဝါပလေး၊ ဒီမိုကရေစီပွဲသိမ်းနဲ့ ဖြစ်နိုင်ဖွယ်ရာ တွက်ဆမှုများ
ဒေါက်တာလွဏ်းဆွေ
(၂၀၀၅ ခုနှစ်၊ သြဂုတ်လထုတ် ခေတ်ပြိုင်ဂျာနယ်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်ပါသည်)
ဒေါက်တာလွဏ်းဆွေ
(၂၀၀၅ ခုနှစ်၊ သြဂုတ်လထုတ် ခေတ်ပြိုင်ဂျာနယ်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်ပါသည်)
မြန်မာနအဖစစ်ခေါင်းဆောင်တွေနဲ့ စစ်တပ်ရဲ့ နောက်ဆုံးရောက်ရှိနေတဲ့ အခြေအနေကို ခွဲခြမ်းစိတ်ဖြာကြည့် ရင် ဒီကနေ့ ကျနော်တို့ တိုက်ပွဲဝင်နေတဲ့ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုရဲ့ အလားအလာကို တွက်ဆလို့ရ မယ်လို့ မြင်မိပါတယ်။ ၁၉၈၈ခုနှစ်မှာ တစ်တိုင်းတစ်ပြည်လုံး အုံကြွခဲ့တဲ့ ရှစ်လေးလုံး အရေးတော်ပုံကို ရက်ရက်စက်စက် နှိမ်နင်းပြီး အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်တွေဟာ တစ်ပါတီအာဏာရှင် ဗိုလ်နေ၀င်း လက်သပ်မွေးထားတဲ့ တပည့်အရင်းတွေချည်းပါပဲ။ အဲဒီတပည့်ရင်းတွေ အချင်းချင်း အာဏာစားခွက်လုရင်း လျင်သူစားစတမ်း ဆိုတဲ့မူနဲ့ ဖြုတ်၊ ထုတ်၊ သတ် (အချင်းချင်း လုပ်ကြံ) ပြီး ပါဝါပလေးခဲ့ကြတာ အခုအချိန် မှာဆို ဗိုလ်နေ၀င်းရဲ့ တပည့်အရင်းထဲက ဗိုလ်ချုပ်သန်းရွှေနဲ့ ဗိုလ်ချုပ်မောင်အေးနှစ်ဦးသာ (လက်ဝှေ့စကားနဲ့ ပြောရရင်) အလံလုရတော့မယ့် အနေအထား ရောက်ရှိခဲ့တာကို တွေ့နေရပြီ ဖြစ်ပါတယ်။
နအဖ စစ်ခေါင်းဆောင်တွေဟာ သူတို့အတွင်းထဲမှာ ဘာတွေပဲဖြစ်နေဖြစ်နေ ဒီမိုကရေစီလှုပ်ရှားမှု အတိုက်အခံ အင်အားစုတွေကို ဆန့်ကျင်နှိပ်ကွပ်တဲ့ နေရာမှာတော့ အားလုံးတညီတည်း တလေတည်းပဲ။ အဲဒီလိုတဘက် က အတိုက်အခံ အင်အားစုတွေကို ရက်ရက်စက်စက် နှိပ်ကွပ်နေတာနဲ့ တပြိုင်နက်တည်းမှာ သူတို့အချင်းချင်း ဖြစ်ပွားနေခဲ့တဲ့ ပါဝါပလေးပွဲတွေကို အဆင့်ဆင့် ပြန်ဆန်းစစ်ကြည့်ရင် သူတို့အတွင်းထဲမှာလည်း ညီညွတ်မှုကို ခက်ခက်ခဲခဲ တည်ဆောက်နေရတယ်ဆိုတာ အထင်အရှား တွေ့နေရပါတယ်။ အများအမြင်မှာ ညီညွတ်သ ယောင် ဟန်ကိုယ့်ဖို့ အနေအထားနဲ့ မှင်သေသေ လုပ်နေတယ်ဆိုတာကို တွေးကြည့်လို့ ရနေပါတယ်။
ဗွေဆော်ဦး ပါဝါပလေး (သို့) ဗိုလ်ချုပ်စောမောင်ကို ဖယ်ရှားခြင်း
၁၉၈၈ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင် အချင်းချင်း ပါဝါပလေးကြတဲ့ပွဲမှာ ဗွေဆော်ဦး ရှုံးနိမ့် သွားသူကတော့ န၀တ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမောင်ပဲဖြစ်တယ်။ သူ့ကို ကျန်တဲ့စစ်ခေါင်းဆောင်တွေက ဖယ် ရှားလိုက်တာဟာ သူကတိပေးခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ စကားတစ်ခွန်းကို သဘောမတူတာ ကြောင့် ဖြစ်တယ်။ သူက ရွေးကောက်ပွဲပြီးရင် အနိုင်ရတဲ့ ပါတီကို အာဏာအပ်ပြီး စစ်တပ်က စစ်တန်းလျားကို ပြန် မယ်လို့ ကတိပေးမိလို့ပဲ ဖြစ်တယ်။ သူ့ကို ဖယ်ရှားလိုက်တာကို ကြည့်ခြင်းအားဖြင့် ကျန်စစ်ခေါင်းဆောင်တွေ ထဲက အများစုဟာ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာလွှဲပြောင်းမပေး နိုင်ဘူး ဆိုတာကို ပြောင်ပြောင်တင်းတင်း ပြသလိုက်ခြင်းပဲ ဖြစ်ပါတယ်။
ဒုတိယ ပါဝါပလေး (သို့) သဘောထား တင်းမာသူများကို ဖယ်ရှားခြင်း
သူတို့အချင်းချင်း ဒုတိယအကြိမ် ပါဝါပလေးကြတဲ့ပွဲမှာ အလစ်အငိုက် ခံလိုက်ရသူတွေကတော့ ကျန်စစ်ခေါင်း ဆောင်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး သဘောထား တင်းမာသူတွေလို့ နာမည်ကြီးတဲ့ ဗိုလ်ချုပ်ထွန်းကြည်၊ ဗိုလ်ချုပ်မြင့်အောင်နဲ့ ဗိုလ်ချုပ်ကျော်ဘတို့ အုပ်စုပဲ ဖြစ်တယ်။ ဒီကိစ္စကို ပါးပါးနပ်နပ် ကိုင်တွယ်ခဲ့သူကတော့ ဗိုလ်ခင်ညွန့်နဲ့ သူ့ထောက်လှမ်းရေးအဖွဲ့ဟောင်းရဲ့ လက်ချက်ဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသူများက ယူဆကြတယ်။ ဒုတိယ ပါဝါပလေးကို ကြည့်ခြင်းအားဖြင့် သူတို့အတွင်းထဲမှာလည်း စစ် ခေါင်းဆောင်အချင်းချင်း ညီညွတ်မှုမရှိဘူး ဆိုတာကို အထင်အရှား တွေ့နိုင်တယ်။ သဘောထားတင်းမာသူ အုပ်စုက အာဏာကိုလက်ဦးမှုရအောင် လုပ်သွားမှာကို စိုးရိမ်လို့ ကျန်ဗိုလ်ချုပ်တွေက ထောက်လှမ်းရေးခေါင်း ဆောင် ဗိုလ်ခင်ညွန့်ကို လိမ္မာပါးနပ်စွာ ကိုင်တွယ်ခိုင်းလိုက်ခြင်းပဲ ဖြစ်တယ်။
တတိယ ပါဝါပလေး (သို့) ဗိုလ်ချုပ်တင်ဦးကို လုပ်ကြံခြင်း
ဗိုလ်ချုပ်တင်ဦးကိုတော့ မသေမချင်း အကြိမ်ကြိမ် လုပ်ကြံခဲ့ခြင်း ဖြစ်တယ်။ သူတို့အချင်းချင်း တတိယအကြိမ် ပါဝါပလေးတဲ့ပွဲပဲ ဖြစ်တယ်။ ဗိုလ်ချုပ်တင်ဦးကို ကမ္ဘာအေးဘုရားမှာ တစ်ကြိမ်၊ နေအိမ်မှာ ပါဆယ်ဗုံးနဲ့ တစ် ကြိမ်၊ နောက်ဆုံး ရဟတ်ယာဉ်ပေါ်မှာ တစ်ကြိမ် စုစုပေါင်း (၃)ကြိမ် လုပ်ကြံခဲ့တယ်။ အဲဒီဗုံးခွဲမှုတွေအပေါ် နိုင်ငံ ရေးသုံးသပ်သူများက ဗိုလ်ခင်ညွန့်နဲ့ ထောက်လှမ်းရေးအဖွဲ့ရဲ့ လက်ချက်ပဲဖြစ်တယ်လို့ ယူဆကြတယ်။ အတွင်း ရေးမှူး(၁) ဗိုလ်ခင်ညွန့်အနေနဲ့ သူ့ကိုအားပြိုင် ကျော်တက်သွားမယ့် အတွင်းရေးမှူး (၂) ဗိုလ်ချုပ်တင် ဦးကို ပိပိရိရိ အပြတ်ရှင်းတဲ့ပွဲပဲလို့ ယူဆကြတယ်။ ဗိုလ်ချုပ်တင်ဦးက စစ်တပ်နောက်ခံရှိသူဖြစ်လို့ ဗိုလ်ခင်ညွန့် က စိုးရိမ်လာပြီး ကိစ္စတုံး ရှင်းပစ်ပုံပေါ်တယ်။ အဲဒီအမှုကို တော်လှပါတယ်ဆိုတဲ့ ထောက်လှမ်းရေးအဖွဲ့က တရားခံပေါ်အောင် မဖော်ထုတ်တာကိုကြည့်ရင် လယ်ပြင်မှာ ဆင်သွားသလို အဖြေက ထင်ရှားလို့နေပါတော့ တယ်။ အဲဒီရဟတ်ယာဉ်ပျက်ကျမှုမှာပဲ သဘောထားတင်းမာသူလို့ နာမည်ထွက်နေတဲ့ သီဟသူရစစ်မောင် လည်း တစ်ပါတည်း ပါသွားတယ်။
စတုတ္ထ ပါဝါပလေး (သို့) ဗိုလ်ချုပ်ဝင်မြင့်ကို ဖယ်ရှားခြင်း
အတွင်းရေးမှူး (၃) အနေနဲ့ နာမည်ထွက်လာတဲ့ ဗိုလ်ချုပ်ဝင်းမြင့်ကို ဖယ်ရှားလိုက်သူကလည်း ဗိုလ်ချုပ်ခင် ညွန့်ပဲလို့ နိုင်ငံရေးစိတ်ဝင်စားသူ အများစုက သုံးသပ်ကြတယ်။ ဗိုလ်ချုပ်ခင်ညွန့်ဟာ အတွင်းရေးမှူး (၃)အနေ နဲ့ တန်ခိုးထွားလာတဲ့ ဗိုလ်ချုပ်ဝင်းမြင့် အပေါ်လည်း စိုးရိမ်ပုံပေါ်တယ်။ ဗိုလ်ချုပ်ဝင်းမြင့်ဟာလည်း စစ်တပ် နောက်ခံရှိသူဖြစ်လို့ နောင်တစ်ချိန်မှာ သူ့အထက်ရောက်သွားမှာကို တွေးပူပုံပေါ်တယ်။ အဲဒါကြောင့် သူ့ရဲ့ ထောက်လှမ်းရေးပါဝါသုံးပြီး လာဘ်ပေးလာဘ်ယူမှုတွေနဲ့ စွဲချက်တင်ကာ ရာထူးက ဖယ်ရှားလိုက်ပြန်တယ်။
ပဉ္စမ ပါဝါပလေး (သို့) ဗိုလ်ချုပ်ခင်ညွန့် ၀ဋ်လည်ခြင်း
စစ်ခေါင်းဆောင်တွေ အချင်းချင်း တစ်ယောက်ပြီး တစ်ယောက် အပြန်အလှန် ပါဝါပလေးပြီးချိန်မှာ န၀တ အာဏာသိမ်းစဉ်က အဖွဲ့ဝင်ဆိုလို့ ဗိုလ်ချုပ်သန်းရွှေ၊ ဗိုလ်ချုပ်မောင်အေးနဲ့ ဗိုလ်ချုပ်ခင်ညွန့် သုံးဦးသာ ကျန် တော့တယ်။သူတို့သုံးဦးကိုတော့ ဖိုခနောင့်ဆိုင် အနေအထားနဲ့ ကျောချင်းကပ်ထားကြလိမ့်မယ်လို့ နိုင်ငံရေး စိတ်ဝင်စားသူ အများစုက ယူဆခဲ့ကြတယ်။ ဒါပေမယ့် သူတို့အထဲက စစ်ခေါင်းဆောင်တွေကို ဗိုလ်ချုပ်သန်း ရွှေနဲ့ ဗိုလ်ချုပ်မောင်အေးတို့ကိုယ်စား ခေါင်းခံဖယ်ရှားပေးခဲ့တဲ့ ဗိုလ်ချုပ်ခင်ညွန့်ဟာ သူ့ကိုယ်သူ ယုံကြည်မှုတိုး ပြီး မာန်တက်လာပုံရတယ်။
ဗိုလ်ချုပ်ခင်ညွန့်နဲ့ သူ့ထောက်လှမ်းရေးအဖွဲ့ဟာ အဆမတန် တန်ခိုးအင်အား ကြီးထွားလာပြီး အာဏာသိမ်းဖို့ အရိပ်အယောင်လည်းမြင်ရော ဘာမှမပြောဘဲ မိန့်မိန့်ကြီး ထိုင်ကြည့်နေတဲ့ ဗိုလ်ချုပ်သန်းရွှေနဲ့ ဗိုလ်ချုပ်မောင် အေးတို့က ကြက်ကလေး ငှက်ကလေး ဖမ်းသလို အသာတကြည် ထိန်းသိမ်းလိုက်တာပဲ ဖြစ်တယ်။ တကယ် တော့ ဗိုလ်ချုပ်သန်းရွှေနဲ့ ဗိုလ်ချုပ်မောင်အေးဟာ ရှေ့မှာ ဖယ်ရှားခဲ့တဲ့ ခေါင်းဆောင်တွေကို ရှင်းထုတ်ဖို့အ တွက် သူတို့အသုံးလိုတဲ့ အချိန်အထိ ဗိုလ်ချုပ်ခင်ညွန့်ကို ရှေ့ထွက်ကစားခိုင်းပြီး နယ်ရုပ်သဖွယ် အသုံးချခဲ့ခြင်း ပဲ ဖြစ်တယ်။ ဗိုလ်ချုပ်ခင်ညွန့် ကျဆုံးတာဟာ စစ်တပ်နောက်ခံအင်အား မရှိတာလည်း အဓိကကျတယ်လို့ နိုင်ငံရေးသုံးသပ်သူများက ယူဆကြတယ်။
နောက်ဆုံး ပါဝါပလေး (သို့) ဖြစ်နိုင်ဖွယ်ရာ တွက်ဆမှုများ
စစ်ခေါင်းဆောင် အချင်းချင်း ပါဝါပလေးကြတဲ့ ပွဲတွေကိုကြည့်ရတာ ရှောင်လင်တရုတ်သိုင်းကားတွေ ကြည့်ရ သလို ရင်သပ်ရှုမောဖွယ်ပါပဲ။ အခုတော့ ပိတ်ကားပေါ်မှာ ဗိုလ်ချုပ်သန်းရွှေနဲ့ ဗိုလ်ချုပ်မောင်အေး နှစ်ဦးသာ ထင်းထင်းကြီး ကျန်ပါတော့တယ်။ အထက်က ပါဝါပလေးပွဲတွေကို ကြည့်ရင် နောက်ဆုံးကျန်တဲ့ သူတို့နှစ်ဦး ကိုလည်း ညီညွတ်မှုနဲ့ လုပ်ဆောင်နေတယ်လို့ ယူဆလို့ မရဘူး။ တစ်ယောက် အခြေအနေကို တစ်ယောက်က စောင့်ကြည့်နေတာလည်း ဖြစ်နိုင်တယ်။ သာတဲ့သူက လက်ဦးမှုယူဦးမယ့် အနေအထားမျိုး (၀ါ) နောက်ဆုံး ပါဝါပလေးပွဲလည်း ဖြစ်နိုင်တယ်။ အခုတစ်ခါဖြစ်ရင် စစ်တပ်ကွဲနိုင်တဲ့ အနေအထားတွေရှိတယ်။ အဆိုးဝါးဆုံး အနေနဲ့ ပြည်တွင်းစစ်ကိုပါ ဦးတည်စေနိုင်တဲ့ အနေအထားဖြစ်တယ်။ ပျဉ်မနားဘက်ကို တပ်ဌာနချုပ် ရွှေ့ ပြောင်းခြင်းဟာ အခြားပယောဂတွေကို ကြောက်တာထက် စစ်တပ်အချင်းချင်း စိတ်မချလို့ရွှေ့တာ ပိုဖြစ်နိုင် တယ်။ စစ်တိုင်းတွေက ထပုန်ကန်ရင် အချိန်တိုအတွင်း ဘယ်စစ်တိုင်းကိုမဆို အချိန်မီ လက်ဦးမှုယူပြီး နှိမ်နင်း နိုင်အောင် အလယ်ဗဟိုချက်မကို ရွှေ့တာဖြစ်နိုင်တယ်။
အဲဒီတော့ အခုအနေအထားမှာ နအဖအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တွေ့ဆုံဆွေးနွေးရေး လမ်း ကြောင်းပေါ် ရောက်လာဖို့ လမ်းစမှေးမှိန်နေဦးမယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာစစ်တပ်ဟာ တစ်ဦးတစ်ယောက်ထဲရဲ့ လက်ထဲမှာ မီးသေတဲ့ အနေအထား မရှိသေးလို့ဘဲဖြစ်တယ်။ စစ်ခေါင်းဆောင် အချင်းချင်းဟာ နွားကွဲရင် ကျားဆွဲခံရမှာ စိုးလို့သာ ညီညွတ်ချင်ယောင် ဆောင်နေကြခြင်းဖြစ်တယ်။ အဲဒီတော့ တွေ့ဆုံဆွေးနွေးရေး လမ်းစမှေးမှိန်နေခြင်းဟာ …
(၁) ဗိုလ်ချုပ်သန်းရွှေနဲ့ ဗိုလ်ချုပ်မောင်အေးအဖွဲ့ နှစ်ဖွဲ့စလုံးက မဆွေးနွေးချင်တာလည်း ဖြစ်နိုင်တယ်။
(၂) တစ်ယောက်က ဆွေးနွေးချင်ပေမယ့် ကျန်တစ်ယောက်က သဘောမတူတာလည်း ဖြစ်နိုင်တယ်။
(၃) နှစ်ယောက်စလုံးက ဆန္ဒရှိကောင်းရှိပေမယ့် အောက်ကတိုင်းမှူးတွေ မီးသေပါ့မလားလို့ တွေးပူတာလည်း ဖြစ်နိုင်တယ်။
(၄) စစ်ခေါင်းဆောင်တွေ ကျူးလွန်ထားတဲ့ ပြစ်မှုတွေက အဆမတန် များပြားလွန်းတော့ အတိုက်အခံတွေက သင်ပုန်းခြေပေးမယ် ကတိပေးတာကိုတောင် စိတ်မချလို့ ဆွေးနွေးပွဲကို မလာရဲတာလည်း ဖြစ်နိုင်တယ်။
အဲဒီတော့ မြန်မာ့ဒီမိုကရေစီအရေး ပွဲသိမ်းဖို့ အနေအထားမှာ တွေ့ဆုံဆွေးနွးရေးလမ်းကြောင်း မပေါ်လာခင် အခြားအနေအထားများလည်း အချိန်မရွေး ဖြစ်ပေါ်လာနိုင်တာကို တွေ့မြင်နေရပါတယ်။ အဲဒီဖြစ်ပေါ်လာနိုင်တဲ့ အနေအထားတွေကတော့ …
(၁) တိုင်းပြည်ရဲ့ အထွေထွေချွတ်ချုံကျမှု ဆိုးဝါးသထက် ဆိုးဝါးလာနေတဲ့အတွက် လူထုအုံကြွမှုဟာ ပုံစံတမျိုး နဲ့ ထပ်မံပေါ်ပေါက်လာနိုင်ခြင်း၊
(၂) စစ်တပ်အချင်းချင်းကွဲပြီး အနိုင်ရတဲ့ အုပ်စုက ဒီမိုကရေစီအင်အားစုနဲ့ ပူးပေါင်းလာနိုင်ခြင်း၊
(၃) ကွဲတဲ့ စစ်တပ်အချင်းချင်း ဘယ်သူ့ဘယ်သူမှ အသာမရဘဲ ပြည်တွင်းစစ်မီး ရှည်ကြာသွားနိုင်ခြင်း … စတဲ့ အနေအထားများ အချိန်မရွေး ဖြစ်ပေါ်လာနိုင်တာပဲ ဖြစ်ပါတယ်။
ဘယ်လိုအနေအထားပဲ ဖြစ်လာဖြစ်လာ ဖြစ်ပေါ်လာတဲ့ အခြေအနေပေါ်မူတည်ပြီး ပြည်သူလူထုကို အကောင်း ဆုံး ခေါင်းဆောင်မှု ပေးနိုင်အောင် အတိုက်အခံ အင်အားစုများအနေနဲ့ သေသေချာချာ စုဖွဲ့ပြင်ဆင်ထားဖို့လို ကြောင်း အကြံပြုရေးသားလိုက်ရပါတယ်။
ဒေါက်တာလွဏ်းဆွေ
No comments:
Post a Comment