Wednesday, August 20, 2008

လေးသည်တော် ၀ီလျံတဲ(လ်)၏ မြားချက်များ (ကဗျာ)

လေးသည်တော် ၀ီလျံတဲ(လ်)၏ မြားချက်များ
မောင်ချောနွယ်

လာပြီဟေ့
ငါ လာပြီဟေ့
ကမ္ဘာမြေကြီး
သီးစေ … ပွင့်စေ။

(၁)
အချစ်ရေ
မင်းကို လမင်းကြီးနဲ့ မလဲနိုင်ပါဘူးကွယ်
သဘာဝတရားကလည်း
ကျောက်သားဖွဲ့စည်းလို့
သိပ်သည်းလှချည်ရဲ့။

လောကကြီးကလဲ
အရောအနှောတွေနဲ့ ကျောချလို့
အချစ်ရေ
မြစ်တွေကလည်း စီးဆင်းလွန်းလှ
တောတောင်တွေက အရှိန်မြင့်လွန်းလှချည်ရဲ့
ပယောဂတွေကလည်း
လောကကြီးထက် ကြီးမားကျယ်ပြန့်လှ
လူသားအပေါင်းကလည်း
အပူအားကောင်းလှချည်ရဲ့။

အမှိုက်တွေကလည်း
အသိုက်ဖွဲ့နေထိုင်လို့
ကျောရိုးမဲ့သတ္တ၀ါတွေကလည်း
အသံခက်မာလွန်းလှရဲ့
သင်္ခါရတရားကလည်း
အသံထက်မြန်စွာ ၀ဲပျံလို့
ငွေကြေးကလည်း
သွေးကို အလေးခိုးလှချည်ရဲ့
အသက်ဓာတ်ကလည်း
တပ်မက်စရာ ကောင်းလှချည်ရဲ့
ဓာတ်ကြီးလေးပါးကလည်း
သွေးသားသောင်းကျန်းလှချည်ရဲ့
တဏှာကလည်း
အညှာဖြစ်လို့
ရောဂါပိုးမွှားတွေကလည်း
ခွန်အားကြီးမားလှပါရဲ့။

ဘ၀ကလည်း
အရသာကြွယ်ဝလွန်းလှပါတယ်။
ပလုတ်တုတ်လေးကလည်း
စိတ်လှုပ်ရှားစေရဲ့။

(၂)
အချစ်ရေ
ကမ္ဘာကြီးကို ဆည်းပူးကြစို့ရဲ့
လေးသည်တော် ၀ီလျံတဲ(လ်)ရဲ့ မြားချက်များ
မလွဲခဲ့ပါ။

မောင်ချောနွယ်

No comments: