ခင်မမမျိုး
www.khinmamamyo.blogspot.com မှ ကူးယူဖော်ပြပါသည်
မြန်မာနိုင်ငံမှာ ဒီမိုကရေစီရရင်ဆိုတဲ့ စကားလုံးကို ကျွန်မတို့တွေ ပြောလေ့ရှိကြပါတယ်။ အထူးသဖြင့် ပြည် ပမှာ နိုင်ငံရေးလုပ်နေရင်း မွေးရပ်မြေကို လွမ်းဆွတ်ကြတဲ့အခါ၊ မွေးရပ်မြေအကြောင်း ပြောဆိုကြတဲ့အခါမှာ ပြောဆိုလေ့ရှိကြပါတယ်။ စစ်အစိုးရကြောင့် တိုင်းပြည်ကြီးရစရာမရှိအောင် ပျက်စီးနေတာတွေ၊ တိုးတက် မှုမရှိဘဲ ဆုတ်ယုတ်နေတာတွေကို တွေးမိတဲ့အခါတိုင်း ဒေါသတွေ ထွက်မိကြ၊ အားမရတွေလည်းဖြစ်နေကြနဲ့ အတော်ပဲ စိတ်ပင်ပန်းရပါတယ်။ တကယ်ပါ။ ကျွန်မကိုယ်တွေ့မှာဆိုရင် မြန်မာပြည်အကြောင်း တွေးမိရင်း အိပ်ပျက်ခဲ့ရတဲ့ ညတွေ၊ ရထားဘူတာ ကျော်သွားတာတွေ၊ ဘတ်စ်ကားမှတ်တိုင် ကျော်သွားတာတွေ၊ ၀မ်း နည်းမျက်ရည် ကျမိတာတွေ၊ စိတ်ဆိုးမာန်ဆိုးနဲ့ နံရံကိုလက်သီးနဲ့ ထထိုးမိတာတွေ၊ အိမ်ထဲက ပစ္စည်းတွေ ကို ကောက်ပေါက်မိတာတွေ ဖြစ်ခဲ့ရတာ အများကြီးပါ။ လက်သီးကို ကျစ်ကျစ်ဆုတ်ပြီး၊ ၀မ်းနည်းကြေကွဲမှု တွေကို နာကျည်းမှု ခွန်အားအနေနဲ့ ပြောင်းဖြစ်ခဲ့ရတဲ့ အကြိမ်တွေလည်း မရေတွက်နိုင်အောင်ပါ။ ဒါပေမယ့် ... ကျွန်မ တို့တွေ ဒီလိုဖြစ်နေရုံနဲ့ ဒီပွဲက ပြီးသွားမှာလား ...။
အဖြေက ရှင်းပါတယ်။ မဟုတ်ပါဘူး။ ကျွန်မတို့တွေ လုပ်နိုင်တာလုပ်ရင်း ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင် ရင်း အနာဂတ်ဒီမိုကရေစီနိုင်ငံတော်သစ်အတွက် မျှော်လင့်ချက်အပြည့်ထားကြရမှာပါ။ တကယ်တမ်းကျ တော့ ဒီမိုကရေစီရရင်ဆိုတဲ့ စကားလုံးကို ကျွန်မတို့ အလွယ်တကူ ပြောတတ်ကြပေမယ့် ကျွန်မတို့ အခု စစ်အာ ဏာရှင်စနစ်ကို ဖြုတ်ချပြီး ဒီမိုကရေစီနိုင်ငံလို့ ကြေညာလိုက်ရုံနဲ့ ဒီမိုကရေစီ အပြည့်အ၀ရှိတဲ့နိုင်ငံ ချက်ချင်းဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါဟာ ကနဦး ဒီမိုကရေစီ အသွင်ကူးပြောင်းမှု (Initial Democratization)ပဲ ရှိပါသေးတယ်။ ကျွန်မတို့ရဲ့ နောင်တော်မျိုးဆက်တွေ အသက်ပေးပြီး တောင်းဆိုခဲ့ကြတဲ့ ဒီမိုကရေစီဆို တဲ့စနစ်ကြီး ရေရှည်တည်တံ့ဖို့အတွက် Democratic Consolidation ဆိုတဲ့ အဆင့်ကြီး အောင်မြင်လာအောင် ကိုပါ ဆက်လက်လုပ်ကိုင်ကြဖို့ ကျွန်မတို့မှာ သမိုင်းပေးတာဝန်ရှိပါတယ်။ “မုန့်ဆီကြော်က ဘယ်နေမှန်းမသိ။ နှုတ်ခမ်းနာနဲ့ တည့်ပါ့မလား“ဆိုပြီး လုပ်နေတယ်လို့ ကျွန်မကို ဆိုချင်လည်းဆိုကြပါ။ ဒါပေမယ့် နောက် တနေ့တာ အချိန်ဇယားကို ကြိုတင်ပြင်ဆင်ပြီးမှ ညအိပ်လေ့ရှိတဲ့ ကျွန်မ၊ လေးငါးနှစ်မှာ ဖြေသင့်တဲ့ စာမေးပွဲ ကိုလည်း အခုကတည်းက ကြိုတင်ရွေးချယ်လေ့ရှိတဲ့ ကျွန်မ၊ မလွန်ဆန်နိုင်သော ကံကြမ္မာဆိုး တစုံတရာ ကြောင့် ချထားတဲ့ စီမံကိန်း လွဲချော်သွားရင် လုပ်သင့်တဲ့ Back up plan နဲ့ ကိုယ်သွားမယ့် လမ်းကြောင်းပေါ် မရောက်ရောက်အောင် တစိုက်မတ်မတ်နဲ့ ပြန်တက်လေ့ရှိတဲ့ ကျွန်မအတွက်တော့ ကြိုတင်ပြင်ဆင်မှုဆိုတာကို အလွန်အမင်း အလေးအနက်ထားတတ်တာ အကျင့်ဖြစ်နေလို့ ဒီပို့စ်လေးကို ရေးဖြစ်တာပါ။
စစ်မဟာဗျူဟာ လေ့လာရေးမှာရော၊ စီးပွားရေးဗျူဟာမှာရော၊ ဈေးကွက်ဗျူဟာမှာရော အလွန်ပဲအရေးကြီး တဲ့ ဆန်းစစ်ချက်တခု ရှိပါတယ်။ SWOT analysis လို့ အတိုကောက် ခေါ်လေ့ရှိပါတယ်။ Strengths, Weaknesses, Opportunities, Threats ပါ။ ကိုယ့်ဘက်ကိုရော၊ ရန်သူဘက် (ယှဉ်ပြိုင်ဘက်)ကိုပါ ဒီဆန်း စစ်ချက်လုပ်ပြီးမှ မဟာဗျူဟာတခုကို ချမှတ်အကောင်အထည်ဖော်ရပါတယ်။ လူတိုင်းလူတိုင်းဟာ အားနည်း ချက်နဲ့ မကင်းနိုင်ကြပါဘူး။ ဘယ်သူမှ ပြီးပြည့်စုံသောလူရယ်လို့ မရှိပါဘူး။ ဒီလိုပဲ တယောက်နဲ့တယောက် အားသားချက်တွေကလည်း မတူပြန်ပါဘူး။ သူ့အားနည်းချက်မှာ ကိုယ်က အားသာပြီး complement ဖြစ်သွားရင်တော့ အောင်မြင်မှုဟာ အထွတ်အထိပ်ပါပဲ။ ဒါကြောင့်လည်း ပူးပေါင်းဆောင်ရွက်မှု ဆိုတာက လိုအပ်တာပါ။ ယုံကြည်ချက်တူ၊ လမ်းကြောင်းတူတဲ့ အဖွဲ့အစည်းတွေဆိုရင် ပူးပေါင်းဆောင်ရွက်မှုရှိမှလည်း ပိုပြီးထိရောက်မှုဆိုတာဖြစ်စေနိုင်ပါတယ်။ ဒီလိုပူးပေါင်းဆောင်ရွက်မှုဆိုတာကိုမရောက်ခင် လူတိုင်းလူတိုင်း၊ အဖွဲ့အစည်းတိုင်းဟာ ကိုယ့်အားနည်းချက်ကို ကိုယ့်ဘာသာသိနေဖို့လည်း လိုအပ်ပါတယ်။ ဒါကိုထောက်ပြ ပြောဆိုတာကိုလည်း ဟုတ်မှန်တယ်ဆိုရင် အမှန်အတိုင်း လက်ခံပြုပြင်တတ်နိုင်ဖို့ လိုအပ်ပါတယ်။ မှန်ရင်ခံ ခက်ဖြစ်တတ်တယ် ဆိုပေမယ့် ဇွတ်မှိတ်ပြီး ငါတို့ကို မစော်ကားနဲ့လို့ ထိုင်ပြောနေတာထက် သူပြောရအောင် ငါတို့က ဖြစ်နေသလားဆိုတာ အရင်ဆန်းစစ်ဖို့ လိုအပ်ပါတယ်။ ကိုယ့်အားနည်းချက်ကို ကိုယ်မသိရင်တော့ ပစ်မှတ်ကို ထိဖို့မလွယ်ပါဘူး။
ဥပမာပြောရရင် ကျွန်မသေနတ်ပစ်တဲ့အခါတိုင်းမှာ အားနည်းချက်တခုရှိတယ်။ ခလုတ်ညှစ်လိုက်တိုင်း သေ နတ်ပြောင်းက ခါသွားတယ်။ မၿငိမ္ဘူး။ ဖြစ်သင့်တာထက် ပိုဆိုးတာကိုပြောတာပါ။ ခါသင့်တာထက် ခါတော့ ပစ်မှတ်လွဲတယ်။ target card ကို ထိပေမယ့် အလယ်ဗဟိုကို မထိဘူး။ ဒီတော့ ကျွန်မသူငယ်ချင်းက အား နည်းချက်ကို ထောက်ပြပါတယ်။ လူဆိုတာကလေ အတ္တမျိုးကြီးပဲရှင့်။ ကိုယ့်ကိုလာပြောတော့ နည်းနည်းတော့ စိတ်ထဲကသိကအောင့်ဖြစ်သား။ ဒါပေမယ့် ဟုတ်နေတော့လည်း လက်ခံရတာပေါ့။ ဒါကို ဘယ်လိုလုပ်နိုင်မလဲ ဆက်မေးရတယ်။ ကျွန်မရဲ့အဓိက Goal က ပစ်မှတ်ဗဟိုကို ထိဖို့လေ။ သူငါ့ကို ဒီလိုပြောတယ်ဆိုပြီး သူနဲ့ သွားငြင်းဖို့၊ ရန်ဖြစ်ဖို့ မဟုတ်ဘူးကို။ မှန်သည်ဖြစ်စေ၊ အမြင်မှားပြီးပြောတာဖြစ်စေ၊ သူဒီလိုပြောလာပြီဆိုရင် တော့ အကြောင်းတခုခုရှိလို့ပဲ ဖြစ်တယ်။ အဲဒီအကြောင်းရင်းကိုသာ အရင်ဆွေးနွေးသင့်တယ် မဟုတ်လား။ ဒီလိုပဲပြောကြရင်း၊ အကြံဥာဏ်တောင်းရင်းနဲ့ ပစ်မှတ်ချိန်တဲ့အခါမှာ ပုံမှန်ထက် နည်းနည်းလေး မြှင့်ချိန်ဖို့ သူ က အကြံပေးလာတယ်။ ကျွန်မလုပ်ကြည့်တယ်။ ထိတယ်။ အလယ်ဗဟို တိတိပဲ။ သူပြောတာမှားပြီး ပစ်မှတ် ကိုပါ လုံးဝမထိတော့တာလည်း ဖြစ်ချင်ဖြစ်နိုင်တာပေါ့။ ဒါပေမယ့် ကိုယ့်ကို ပြောလာပြီဆိုရင်တော့ သူ့အမြင်နဲ့ သူ့အကြံကိုလည်း ထည့်သွင်းစဉ်းစားသင့်တယ်။ ဒါကို ကျွန်မဆိုလိုတာပါ။
ဒီတော့ အဲဒီဥပမာလေးကို နှလုံးမူပြီး၊ ပြည်ပရောက် အတိုက်အခံတယောက်အနေနဲ့ ပြည်ပရောက် အတိုက် အခံတွေနဲ့ ပတ်သက်ပြီး မြင်တာပြောကြည့်မယ်နော်။ ကျွန်မတို့တွေ အချိန်တွေကို ထိရောက်တာမှာ မသုံးဘဲ အလဟဿ ဖြုန်းပစ်နေကြတယ်။ လိုအပ်တဲ့ ပြင်ဆင်မှုတွေလည်း မလုပ်ဘဲ ပွဲလမ်းသဘင်များစွာနဲ့ ဟိုနေ ရာစုစု၊ ဒီနေရာစုစု အချိန်ကုန်နေကြတယ်။ ဒီလို ကျွန်မပြောမယ်။ ကျွန်မကို လာမငြင်းခင်မှာ ကိုယ့်ဘာသာ ကိုယ် ဟုတ်လား၊ မဟုတ်လား အရင်ပြန်မေးကြည့်ပါနော်။ မဟုတ်ဘူးဆိုရင်တော့ အချက်အလက် အခိုင်အ မာနဲ့ ပြန်လာပြောပါ။ ကျွန်မ ဒီအမြင်ကို ရုတ်သိမ်းပေးပါ့မယ်။
ပထမဆုံးအနေနဲ့ လုပ်ငန်းအကောင်အထည်ဖော်ရေးအကြောင်းကို စပြောကြရအောင်။ ပြည်ပရောက်အတိုက် အခံအများစုက ကိုယ့်ဘာသာကို တော်လှန်ရေးသမားလို့ စိတ်ကြီးဝင်နေတတ်ကြတယ်။ တကယ်လုပ်နိုင်တာ ကျတော့ campaign ပဲဖြစ်တယ်။ တော်လှန်ရေးနဲ့ ကင်ပိန်းကို မကွဲပြားကြဘူး။ မြန်မာပြည်ရဲ့ တော်လှန် ရေးဟာ မြန်မာပြည်တွင်းနဲ့ မြန်မာ့မြေထဲက တောထဲမှာပဲရှိတယ်။ ပြည်ပရောက်လာရင်တော့ ဆန္ဒပြပွဲနဲ့ သက်ဆိုင်ရာအစိုးရတွေကို lobby လုပ်တာ၊ မြန်မာပွဲလမ်းသဘင်တွေ လုပ်တာပဲရှိတယ်။ တော်လှန်ရေး ဆိုတာ မရှိဘူး။ ဒီအချက်ဟာ တော်လှန်ရေးရဲ့ အဓိက လိုအပ်ချက် မဟုတ်ဘူး။ တော်လှန်ရေးကို ထောက်ကူမ ပေးတာပဲရှိတယ်။ မထောက်ကူရင်ကော ဖြစ်မလားလို့ ပြန်ငြင်းချင်ငြင်းပါ။ ဒါပေမယ့် အများစုက ထောက်ကူ တာပဲလုပ်နေတော့ မှော်ဆရာ လူသေကောင် အသက်သွင်းတာ ခြေထောက်ကြီးပဲ ထောင်နေသလို ဖြစ် နေတယ်။ တကိုယ်လုံးက မကြွလာဘူး။ ပိုဆိုးတာက ဒါတွေကို အလုပ်ကြီးတခုအနေနဲ့ နိုင်ငံတကာဖိအား ဆိုတာကြီးကိုပဲ လုံးဝအားကိုးပြီး၊ ဒါကမှ မြန်မာပြည်အတွက် နိုင်ငံရေးလုပ်နေတာ၊ တော်လှန်ရေးလုပ်နေ တာလို့ လွဲမှားစွာ ထင်လာတဲ့ အချက်ပဲ။ တကယ်တမ်းကျတော့ တော်လှန်ရေးတခုရဲ့ အရေးကြီးတဲ့ pillar တွေဖြစ်တဲ့ political pillar, social-economic pillar, cultural- spiritual pillar, military pillar တွေမှာ လုံးဝအားနည်းသွားတယ်။ အားလုံးက international pillar ကိုပဲ အာရုံစိုက်လာကြတယ်။ အရေးကြီးဆုံး မြေအောက်ကလာဘ်စည်း အစုအဖွဲ့တွေကို နက်နက်ရှိုင်းရှိုင်း အကောင်အထည် မဖော်နိုင်တော့ဘူး။ မြေ ပေါ်လိုင်း အိုဂျီမှာပဲ အားလုံးစုပုံကုန်တယ်။ ဒီအထဲမှာလည်း ကိုးဆယ်ရာခိုင်နှုန်းလောက်က ပြည်ပအခြေ စိုက်ပြီး ဆယ့်နှစ်လရာသီ မရိုးနိုင်သော ပွဲများဖြစ်တဲ့ လွတ်လပ်ရေးပွဲ၊ တော်လှန်ရေးနေ့ဆန္ဒပြပွဲ၊ သင်္ကြန်ပွဲ၊ ဒေါ် စုမွေးနေ့ပွဲ၊ ရှစ်လေးလုံးဆန္ဒပြပွဲ၊ စက်တင်ဘာအာဏာသိမ်း နှစ်ပတ်လည်ပွဲ၊ ဒီဇင်ဘာလူ့အခွင့်အရေးနဲ့ ဆန္ဒပြပွဲတွေ လုပ်နေတာနဲ့ပဲ အလုပ်ရှုပ်နေကြတယ်။ အစည်းအဝေးတွေမှာလည်း နိုင်ငံရေးလမ်းစဉ်တရပ်ကို ချပြကြ၊ ဆွေးနွေးကြ၊ တော်လှန်ရေး အရှိန်မြင့်လာအောင် ဘယ်လိုလုပ်မလဲ အဖြေရှာကြတာမဟုတ်ဘဲ ဘယ် ပွဲမှာ ဘယ်သူက အခမ်းအနားမှူးလုပ်မယ်၊ စကားတက်ပြောမယ်၊ ထုတ်ပြန်ကြေညာချက်တွေ ထုတ်မယ်ဆို တာတွေနဲ့ပဲ ပြီးသွားကြတာများတယ်။
ဒီထုတ်ပြန်ကြေညာချက်တွေ ဆိုတာကလည်း ဟိုအဖွဲ့အစည်းက ထုတ်လိုက်၊ ဒီအဖွဲ့အစည်းက ထုတ်လိုက်နဲ့ ပြန်ခြုံကြည့်ရင်လည်း ဒါတွေပါပဲ။ တနှစ်လည်း ဒါပဲ၊ နောက်တနှစ်လည်း ဒါပဲ၊ template သဘောထားပြီး ရက်စွဲလေးတွေ ပြောင်းတာပဲရှိတယ်။ ဒါတွေလုပ်ဖို့ ပေးဆပ်လိုက်ရတဲ့ အချိန်တွေ၊ အင်အားတွေနေရာမှာ တခြားပိုမိုထိရောက်တဲ့ လုပ်ရပ်တွေဖြစ်ဖြစ်၊ မြန်မာပြည် အနာဂတ်အတွက် ကြိုတင်ပြင်ဆင်မှုတွေဖြစ်ဖြစ် လုပ်ရင် အင်အားပြုန်းတီးမှု ဖြစ်နေတာတွေ လျော့သွားမလားပဲ။ ဒီကြားထဲ မညီညွတ်မှုတွေနဲ့ ဆန္ဒပြပွဲကို တောင် ဟိုတဖွဲ့က တနာရီ၊ ဒီတဖွဲ့က နှစ်နာရီလို့ လုပ်နေကြတာ သေချာတွေးကြည့်ရင် ရှက်ဖို့အလွန်ကောင်း တဲ့ကိစ္စ။ မြန်မာ့အကြောင်းကို ကမ္ဘာလှည့် ဖော်ကျူးပြနေကြသလိုပဲ။
တပ်ပေါင်းစုတခုသာရှိရင် Pubic Relations ဌာနအနေနဲ့ ထုတ်ပြန်ကြေညာချက်တခုကိုပဲ ခေါင်းစည်းတခုနဲ့ ထုတ်လိုက်၊ လုပ်ငန်းဖော်ဆောင်ရေးဌာနအနေနဲ့ သက်ဆိုင်ရာနိုင်ငံကိုယ်စီမှာ ပွဲတွေကျင်းပလိုက် လုပ်လိုက် တာနဲ့တင် အခုလူတသောင်းလောက် လုပ်နေတဲ့ အလုပ်တွေက လူတရာလောက် လုပ်တာနဲ့တင် ပြီးကိုပြီး တယ်။ သက်ဆိုင်ရာနိုင်ငံက အကြီးအကဲတွေ နေရာကလည်း စဉ်းစားကြည့်ပါ။ အစောင်စောင် တက်လာနေ တဲ့ ထုတ်ပြန်ချက်တွေကို တကယ်ရော ဖွင့်ဖတ်ကြပါ့မလားလို့ တွေးကြည့်ကြပါ။ ပြောမကောင်းလို့သာ မပြော ကြတာ။ မြန်မာတွေ ဘယ်လိုဖြစ်နေလဲဆိုတာ သူတို့က သိမှသိ ဖြစ်နေပြီ။
နောက်တခုက ပရိုပိုဆာကိစ္စ။ နိုင်ငံရေးတင် မဟုတ်ဘူး။ လူသားချင်းစာနာမှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်တဲ့ အဖွဲ့တွေမှာတောင် leaking bucket ဆိုတဲ့ သဘောတရားရှိတယ်။ အတိုဆိုရရင်တော့ ပေးတဲ့သူတွေဆီင်္ကနေ လက်ခံသူတွေဆီ မရောက်ခင်ကြားမှာ အထွေထွေ ကုန်ကျစရိတ်တွေပေါ့။ ဒီအထဲမှာ ၀န်ထမ်းစရိတ်က အ ကြီးဆုံး။ ဒါကြောင့်လည်း တချို့ လုပ်ငန်းကြီးတွေမှာ downsizing လုပ်လာကြတာပါ။ ပြီးတော့ လုပ်မယ့်အ လုပ်ကို ထိရောက်မှုဖြစ်ဖို့ရာမှာလည်း အလုပ်ခွဲဝေမှုဆိုတာ ရှိရတယ်။ ဘက်ပေါင်းစုံမှာ လုပ်ကြရမယ်။ အခုကျွန်မတို့တွေက ပရိုပိုဆာတင်ပြီး ကျလာရင် လုပ်ကြတာတွေက ဟိုအဖွဲ့ကလည်း ဒါပဲ။ ဒီအဖွဲ့ကလည်း ဒါပဲ။ Project planning ဌာနတခုထားပြီး လိုအပ်တဲ့ ကဏ္ဍတွေကို ခွဲဝေချပေးမှု လုပ်လိုက်ရင် တဖွဲ့က civil society အတွက်လုပ်၊ တဖွဲ့က ဒီမိုကရေစီပညာပေးရေးလုပ်၊ တဖွဲ့က ကင်ပိန်းလုပ်၊ တဖွဲ့က မှတ်တမ်းပြုစု ရေးလုပ်နဲ့ ပိုပြီးနေရာမကျနိုင်ဘူးလား။ overlapping ဖြစ်တဲ့ ဧရိယာတွေကို လျှော့ချနိုင်တာပေါ့။ နောက်ပြီး ခရီးသွားကုန်ကျစရိတ်တွေ။ ဒါလုပ်ဖို့ကိုပဲ ဟိုအဖွဲ့က အဲဒီနေရာ တခါသွား၊ ဒီအဖွဲ့က တခါထပ်သွားနဲ့။ ဟိုလူက တခါသွား၊ ဒီလူက တခါသွားနဲ့။ သူ့နေရာနဲ့သူ ဒေသဆိုင်ရာ in-charge တွေ ထားလိုက်ရင် အဆင်မပြေဘူးလား။ အဲလိုဆိုရင်လည်း ကုလားထိုင်လုနေကြမှာပေါ့။ ကိုယ့်မြန်မာအကြောင်း မသိဘူးလား လို့တော့ ကျွန်မကို မပြောပါနဲ့။ ဒါတွေလုပ်နေလို့ အကျိုးမှမရှိတာ။ ကျဆုံးသွားတဲ့ ရဲဘော်တွေ၊ ထောင်ထဲက ရဲဘော်တွေ မျက်နှာထောက်ပြီး ဒီလောက်တော့ သဘောထားကြီးသင့်တယ် ထင်တာပဲ။ ဒီလိုပဲ ဟိုတမျိုး၊ ဒီ တမျိုးနဲ့ ပွစာကျဲနေလို့ကတော့ ဘယ်လိုလုပ်ပြီး united force ကိုရမှာလဲ။ လူ့ဘီလူးကြီးကို ခြေထောက် သွားကုပ်လိုက်၊ လက်သွားပုပ်လိုက်၊ ကလိသွားထိုးလိုက် ပုံစံမျိုးဖြစ်နေမှာပေါ့။ အားလုံးက အားနဲ့မာန်နဲ့ တ ပြိုင်တည်း တွန်းလှဲပြီး တက်ဖိသတ်မှ ရမှာကိုး။
ကဲ - ဒါတွေက ထားပါတော့။ မြန်မာပြည် မတိုးတက်လို့ ကျွန်မတို့တွေ ယူကြုံးမရ စိတ်ဆိုးနေကြရတာမ ဟုတ်လား။ ဒီတော့ စစ်အာဏာရှင်ပြုတ်ကျပြီး ဒီမိုကရေစီစနစ် အကောင်အထည်ဖော်တဲ့အခါ မြန်မာပြည် တိုးတက်အောင် လုပ်ဖို့ကိုကော ကျွန်မတို့ ဘာတွေပြင်ဆင်ထားပြီးပြီလဲ။ ဒီမိုကရေစီဆိုတာက ဥုံဖွ - တိုင်းပြည် တိုးတက်စေသတည်း လုပ်ပေးနိုင်တဲ့ မန္တန်မဟုတ်ဘူးနော်။ ဒီမိုကရေစီစနစ်ဆိုတာနဲ့ ချက်ချင်း ဂျီဒီပီတက် လာမှာ မဟုတ်ဘူး။ မီးမလင်းတဲ့ တိုင်းပြည် ချက်ချင်း မီးလင်းလာမှာ မဟုတ်ဘူး။ တဲထဲက လူတွေ ချက်ချင်း လက်ငင်း တိုက်ပေါ်ရောက်သွားမှာ မဟုတ်ဘူး။ ဒါတွေဖြစ်ဖို့ နှစ်ပေါင်းများစွာ တိုင်းပြည်ကို တည်ဆောက် ကြရမယ်။ ဒါပေမယ့် ဒီမိုကရေစီစနစ် ရှိနေခြင်းအားဖြင့် အာဏာဟာ ပြည်သူရဲ့လက်ထဲမှာ ရှိတယ်။ တိုင်း ပြည်တိုးတက်ရေး မလုပ်ပေးနိုင်တဲ့ အစိုးရ၊ လူတဦးချင်းစီရဲ့ ဂုဏ်သိက္ခာကို မလေးစားတဲ့ အစိုးရမျိုးကို ပြည်သူက ဖြုတ်ချပိုင်ခွင့်ရှိတယ်။ ဒီတော့ လူတွေဟာ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီး ပိုင်ခွင့်ရှိတယ်။ ဒီတော့ သူများတွေ တိုင်းပြည်အုပ်ချုပ်တာ မကောင်းတဲ့ အကြောင်းတွေကို မြိန်ရေယှက်ရေ ထိုင်ပြောထိုင်ဆဲနေကြတဲ့ ကျွန်မတို့ ဒီမိုသမားတွေ၊ ကိုယ်ယုံကြည်တဲ့ ဒီမိုစနစ် ဖော်ဆောင်ရင်းနဲ့ တိုင်းပြည်တိုးတက်အောင် မလုပ်နိုင်လို့ Democratic consolidation မဖြစ်ဘဲ reverse democratization ဖြစ်သွားလို့ကတော့ ကျွန်မတို့ ကြိုးဆွဲ ချသတ်သေဖို့ပဲ ကောင်းလိမ့်မယ်။ လူဆိုတာ ကိုယ်လုပ်ခဲ့တဲ့ အလုပ်ကို တာဝန်ခံရမယ်၊ တာဝန်ယူရမယ်လေ။ ဒီတော့ ကျွန်မတို့တွေ ပွဲကြိုက်မောင်၊ ပွဲကြိုက်မယ်တွေ ဖြစ်နေတာတင်မဟုတ်ဘဲ တလှမ်းတိုးပြီး စနစ်တကျ ကြိုတင်ပြင်ဆင်ကြဖို့ကော မလိုအပ်ဘူးလား။
နိုင်ငံတိုင်း၊ နိုင်ငံတိုင်းရဲ့ ၀န်ကြီးအဖွဲ့တွေမှာ၊ အစိုးရဌာနဆိုင်ရာတွေမှာ သက်ဆိုင်ရာ ကဏ္ဍအလိုက် ကျွမ်း ကျင်သူတွေကို ပေါ်လစီတွေ ရေးဆွဲဖို့၊ သုံးသပ်ဖို့ ထောင်နဲ့ချီ၊ သောင်းနဲ့ချီပြီး ခန့်ထားကြတာ။ အမေရိကန် နိုင်ငံမှာဆို ပေါ်လစီမပြောနဲ့။ တခြားနိုင်ငံအစိုးရအဖွဲ့ဝင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ပြောဆိုပုံ၊ လုပ် ကိုင်ပုံ၊ ဆုံးဖြတ်ချက်ချပုံတွေကိုပါ အသေးစိတ်လေ့လာတဲ့ ပညာရှင်တွေ စီအိုင်အေမှာ ခန့်ထားတာ။ ဒီတော့မှ လည်း သံတမန်ရေးရာ ဆက်ဆံမှုတွေမှာ ဆောင်ရန်၊ ရှောင်ရန်တွေကို ဆုံးဖြတ် နိုင်တာပေါ့။ ဒါတွေရှိဖို့ နေနေသာသာ။ နိုင်ငံတနိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အရမ်းကိုအရေးကြီးတဲ့ နေရာတွေအတွက်ကိုတောင် ကျွမ်းကျင်အောင် လေ့လာထားသူတွေ ကျွန်မတို့ ဘယ်လောက်ရှိနေလို့လဲ။ အများစုက ပြောလိုက်ရင် ဒေါ်စု ကိုပဲ လက်ညှိုးထိုးနေကြတယ်။ အစိုးရအဖွဲ့ဆိုတာ တယောက်တည်း တတ်နေ၊ သိနေလို့ ရတာမဟုတ်ဘူး။ ပြီးတော့ အဲဒီအချိန်မှာ တက်လာမယ့် အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေနဲ့တင် ပြီးသွားတာမဟုတ်ဘူး။ ဒီကိစ္စမျိုး တွေကို တယောက်တည်း လုပ်ရတာမဟုတ်ဘူး။ Think Tank တွေ အများကြီး လိုအပ်တယ်။
ပေါ်လစီရေးရာ ကျွန်မကပြောတော့ တယောက်က ပြောဘူးတယ်။ ခင်ဗျားက ၀န်ကြီးရူး ရူးနေတာလားတဲ့။ ဒီကိစ္စတက်လာတဲ့ ပါတီကပဲပြောရမှာ။ ခင်ဗျားပြောစရာမလိုဘူးတဲ့။ ဒီစကားမျိုးကိုသာကြားရင် အခုယူကေ က Government Economic Department မှာ economic analyst တွေ၊ senior economic adviser တွေ လုပ်နေကြတဲ့ ကျွန်မသူငယ်ချင်းတွေ၊ ဆရာမတွေ သတ်များသေသွားကြမလားပဲ။ ဒီမိုကရေစီ ရရှိရေးဆိုတဲ့ စကားလုံးရယ်၊ နအဖ လူသတ်တယ်၊ နအဖ မကောင်းဘူးဆိုတဲ့ စကားတွေရယ် တင်မကဘဲ ဒီမိုကရေစီ စနစ်ကို တကယ်အကောင်အထည်ဖော်ချင်သူတွေအနေနဲ့ လက်ရှိဒီမိုကရေစီနိုင်ငံတွေရဲ့ အစိုးရယန္တရားတွေ ဘယ်လိုလည်ပတ်နေလဲဆိုတာကို ကြိုတင်မလေ့လာထားသင့်ကြဘူးလား။ ဘယ်လိုအခြေအနေမျိုးမှာ ဘယ် လိုပေါ်လစီတွေ ချလိုက်တယ်၊ ဘယ်ပေါ်လစီတွေက ဘယ်လိုအခါမျိုးမှာ failure ဖြစ်တတ်တယ်ဆိုတာတွေ ကို ကြိုတင်သိထားခြင်းဟာ အနာဂတ်ဒီမိုကရေစီနိုင်ငံအတွက် အကျိုးဖြစ်ထွန်းနိုင်တယ်မဟုတ်ဘူးလား။
ကျွန်မတို့ မြန်မာနိုင်ငံဟာ လယ်ယာစိုက်ပျိုးရေးနိုင်ငံ ဖြစ်တယ်။ ဒီလိုနိုင်ငံမျိုးအတွက် Land Reform လုပ်သင့် မလုပ်သင့်၊ Agricultural Exports တွေကို enlarge လုပ်နိုင်မယ့် နည်းလမ်းတွေ၊ Agriculture Price Policy တွေကို ကျွန်မတို့တွေ ကြိုတင်လေ့လာမထားသင့်ဘူးလား။ တခါစက်မှုလယ်ယာကို စနစ်တကျ ပြောင်းတဲ့အခါ Rural to Urban migration ဖြစ်မယ်။ ဒီအတွက် industrialization ဖြစ်နေဖို့ လိုမယ်။ ဒီတော့ Industrialization via import substitution လုပ်သင့်မလုပ်သင့် ဆိုတာကိုကော ကျွန်မတို့တွေ မဆွေးနွေး သင့်ကြဘူးလား။
ကဲ ... ကျွန်မတို့တွေက နအဖ စစ်အသုံးစရိတ်ကြီးတာကိုပဲ ထိုင်ပြောနေကြတယ်။ ဒီမိုကရေစီနိုင်ငံကျရင် အခု တပ်မှာရှိနေတဲ့ manpower ကို civilian production တက်လာအောင် ဘယ်လို conversion လုပ်မလဲ။ ဘယ်လို Retooling လုပ်မလဲဆိုတာ ကြိုလေ့လာထားတာ မကောင်းဘူးလား။ တခါ ကာကွယ်ရေး အသုံးစ ရိတ်လျှော့မယ်ဆိုရင် ဘယ်ကဏ္ဍတွေမှာ ပိုတိုးမလဲ၊ ပိုလျော့မလဲစသည်ဖြင့် public expenditure policy တွေကို နိုင်ငံတခုချင်းစီအလိုက် နှိုင်းယှဉ်သိနေသူတွေရှိနေရင် မကောင်းဘူးလား။ Domestic resources တွေကို ဘယ်လို mobilize လုပ်ကြမလဲ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုဖြစ်အောင် ရေရှည်၊ ရေတိုစီမံ ကိန်းတွေ ဘယ်လိုချသင့်ကြသလဲ ဆိုပြီးစဉ်းစားတာကလဲ နအဖတွေ ခိုးနေကြတာပဲ၊ ပညာရေးလည်း စုတ် ပြတ်နေပြီဆိုပြီး ထိုင်ပြောနေတာထက် ပိုအကျိုးရှိတယ်။ နိုင်ငံတကာမှာ ဘာတွေ ဖြစ်ခဲ့ကြသလို၊ ဘယ်လို လုပ်ခဲ့ကြသလဲသိမှ ကောင်းတဲ့နမူနာတွေ သုံးနိုင်တော့မှာပေါ့။
ဒီလိုပဲ foreign resources တွေကို ဘယ်လို mobilize လုပ်မလဲ၊ International trade မှာ အာဆီယံနဲ့ ကုန်သွယ်မှုဆိုင်ရာတွေ၊ တရုတ်၊ အိန္ဒိယတို့နဲ့ ကစားရမယ့် trade game ဆိုင်တာတွေကို ကြိုပြီးလေ့လာ ထားရင်ရော အာဆီယံက နအဖကို ကူညီနေတယ်၊ တရုတ်က ကူညီနေတယ်။ သူတို့ကို မကူညီအောင် ကင် ပိန်းလုပ်ရမယ် ပြောနေတာထက် ပိုအကျိုးရှိပါလိမ့်မယ်။ သူတို့က lobby လုပ်လို့ကတော့ နောင်မျိုးဆက် ခြောက်ဆယ်လောက်အထိ ထူးမခြားနားပါပဲ။ မယုံရင် ပုံပြင်မှတ်ပါတော့။ စမ်းချင်ရင်လည်း ဆက်သာစမ်း ကြပါ။ လုပ်နေသူများကို ဝေဖန်လိုခြင်းအလျဉ်းမရှိပါကြောင်း။ ဒီမိုသမားပီသစွာ လွတ်လပ်စွာပြောဆိုနိုင်သော အခွင့်အရေးကိုသာ အသုံးချခြင်းဖြစ်ပါတယ်။
ပြီးတော့တခါ အာဏာရှင်နိုင်ငံကနေ ဒီမိုနိုင်ငံပြောင်းထားတဲ့ နိုင်ငံတိုင်းမှာ civil-military relationship ကို ပုံမှန်ပြန်ဖြစ်အောင် အတော်ပဲ လုပ်ယူကြိုးစားကြရပါတယ်။ ဒီအတွက်လည်း တတ်သိနားလည်သူများစွာ လိုအပ်ပါတယ်။ နိုင်ငံတခုရဲ့ ဖွဲ့စည်းပုံရေးရာတွေနဲ့ ပတ်သက်လို့ရော ကျွန်မတို့ဒီမိုတွေ Administrative law ကို စပယ်ရှယ်လစ် ဘယ်သူတွေ လုပ်ထားကြပါသလဲ။ ကျွန်မတို့ အကြိမ်ပေါင်းများစွာ ရေရွတ်နေတဲ့ လူ့အခွင့် အရေးနဲ့ ဆိုင်ရာတွေမှာကော ပညာရှင်တွေ လက်ချိုးရေတွက်လို့တောင် ရပါသေးရဲ့လား။
တခြားနယ်ပယ်တွေကလည်း အများကြီးပဲ။ ဆက်ပြောနေရင် ဒီပိုစ့်ကပြီးမှာ မဟုတ်ပါ။ ခင်ဗျားက စာအုပ် ကြီးပဲ။ စာအုပ်တွေပဲ အားကိုးမနေနဲ့။ စာအုပ်နဲ့လက်တွေ့ မတူတာအများကြီးလို့ ပြောချင်လည်း ပြောပါ။ အမှန်ပါပဲ။ ဒါပေမယ့် ဒီသီအိုရီတွေကို လက်တွေ့မှာ apply လုပ်ရတဲ့ နယ်ပယ်တွေ အများကြီးပါ။ အထူးသဖြင့် စီးပွားရေးနဲ့ လူမှုရေးပေါ်လစီတွေမှာပါ။ enviorment policy, regional and urban policy, income distribution policy, taxation policy, public expenditure policy, monetary policy, fiscal policy, macroeconomic reform, competition policy, microeconomic reform စတာတွေမှာ အခြေခံသီအိုရီ မပါဘဲ ပြောချင်ရာပြောပြီး လုပ်ချင်ရာလုပ်ကြည့်ကြပါလားကွယ်ရို့။ အခုမြန်မာပြည်မှာ လက်တွေ့ဖြစ်နေတာ တွေက သက်သေပဲမဟုတ်လား။ ယူကေက Government Economic Department တို့၊ Government Actuary Department တို့မှာ အနည်းဆုံး မဟာဘွဲ့ရထားသူတွေမှ အလုပ်လျှောက်လို့ရတာ အလကား သတ်မှတ်ထားတာ ဟုတ်နိုင်ပါ့မလား။
မြန်မာပြည်ထဲမှာ ပညာရှင်တွေ မရှိဘူးလို့ မဆိုချင်ပါ။ သို့ပေမယ့် အသိပညာရှင်တွေထက်စာရင် အတတ်ပ ညာရှင်တွေဖြစ်တဲ့ ဆရာဝန်၊ အင်ဂျင်နီယာ၊ ကွန်ပြူတာပညာရှင်များက ပိုများနေပါတယ်။ ပြည်ပမှာ ပညာနဲ့ အသက်မွေးသူများမှာလည်း သူတို့တွေပဲ များပါတယ်။ မြန်မာပြည်မှာကတော့ ပညာရေးအဆင့်အတန်းကို နှိမ့်ချထားလို့ ထားပါတော့။ ပြည်ပရောက်နေပြီဆိုလျှင်တော့ အတတ်ပညာရှင်များသာမက မြန်မာအသိပ ညာရှင်များလည်း အင်နှင့်အားနှင့် ပေါ်ထွန်းသင့်ကြပြီ။ သက်ဆိုင်ရာ နယ်ပယ်တခုချင်းဆီမှာ ကျွမ်းကျင်သူ အုပ်စုများလည်း ခိုင်ခိုင်မာမာ ရှိသင့်ကြပြီ။ မြန်မာ့အရေးကျွမ်းကျင်သူဆိုတာနှင့် ရှိသမျှ နယ်ပယ်အားလုံး ကျွမ်းကျင်သည်ဟု မည်သူမျှမဆိုနိုင်။ မည်သည့်တက္ကသိုလ် ၀က်ဆိုဒ်ကိုမဆို ဖွင့်ကြည့်ပါ။ ပါမောက္ခအမည်များ ရှာကြည့်ပါ။ ဘေးမှာ Research Interests ဆိုတာ အမြဲပါပါတယ်။ သူစိတ်ဝင်စားသော၊ ကျွမ်းကျင်သော နယ်ပယ်များသာ ကိုယ်စီသီးသန့်ရှိကြပါတယ်။ ဘယ်သူမှ ရှိသမျှနေရာစုံ မကျွမ်းကျင်နိုင်။ ပညာရပ်တခု တည်းမှာပဲ ကိုယ်သုတေသနလုပ်နေသော နယ်ပယ်ကိုသာ ကျွမ်းကျင်ကြတာပါ။ ဘွဲ့ဆိုတာက ပညာရပ်ဆိုင် ရာကို ယေဘုယျသိခြင်းသာဖြစ်ပြီး၊ မဟာဘွဲ့ဆိုတာက အနည်းငယ် ပိုသိလာခြင်းပါ။ ပါရဂူဘွဲ့ဆိုတာကျ တော့ ပညာရပ်ဆိုင်ရာ ပင်လယ်ထဲက ရေအိုင်ငယ်တခုအကြောင်းကို အသေးစိတ် လေ့လာမိခြင်းသာရယ်ပါ။ တကယ်သိဖို့ရန်မှာလည်း ဘ၀တလျှောက်လုံး ဆက်လက်လေ့လာကြရတာ။ လုပ်ငန်းခွင်ထဲ ၀င်တာဆိုရင် လည်း ကိုယ်လုပ်ရတဲ့ အတွေ့အကြုံများအပေါ် အခြေခံပြီးမှသာ ကျွမ်းကျင်မှုဆိုတာ ဖြစ်လာနိုင်တာပါ။ နိုင်ငံသားဆိုင်ရာ ကန့်သတ်ချက်များကြောင့် အစိုးရအဖွဲ့များအတွင်းသို့ ၀င်ရောက်မလုပ်ကိုင်နိုင်လျှင်ထား၊ Knowledge တော့ ရှိရပါမယ်။ ပြည်ပရောက် ၀န်ကြီးများကလည်း Human Resources Development အတွက် ပါလီမန်များ၊ သက်ဆိုင်ရာ ကျွမ်းကျင်မှု နယ်ပယ်ဌာနများတွင် Internship များလုပ်နိုင်ဖို့ တရားဝင် တောင်းဆိုမှုများ လုပ်သင့်ကြပါတယ်။ နိုင်ငံတော်လုံခြုံရေးတို့၊ အမျိုးသားထောက်လှမ်းရေးဌာနတို့မဟုတ် ရင်တော့ အခြားဌာနများအတွက် အကူအညီပေးကြပါလိမ့်မယ်။
မြန်မာများ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားသင့်သည်မြင်ပါတယ်။ တချို့ က ပြောကြတယ်။ ခင်ဗျား ဘာမှပြောမနေနဲ့။ ဒီမိုကရေစီရရင် နိုင်ငံတကာကပညာရှင်တွေကို ငှားသုံးမှာ ပေါ့တဲ့။ မြတ်စွာဘုရား။ ဒီမိုကရေစီရလိုက်တာနဲ့ပဲ နိုင်ငံရဲ့ သုံးစွဲနိုင်စွမ်းအားတွေ မိုးပေါ်က ကျလာမှာမို့လား။ နိုင်ငံတကာက ချေးငွေတွေ ယူရဦးမှာ။ တသိန်းလောက် ချေးပြီး ရှစ်သောင်းလောက်ကို ပြည်ပပညာရှင်တွေ ငှားရမ်းသုံးဖို့များ သုံးကြတော့မလို့လား။ ကိုယ့်ဘာသာကိုယ်နဲ့ပဲ ယှဉ်ပြီးတွေးကြည့်ကြပါ။ မြန်မာဖြစ်တဲ့ ကိုယ်တိုင်တောင် ရနေတဲ့ တလ ဒေါ်လာခြောက်ထောင်လောက်ကို စွန့်ပြီး ဒီမိုကရေစီမြန်မာနိုင်ငံသစ်မှာ တလ သုံးရာလောက်နဲ့ သွားလုပ်နိုင်ပါ့မလားဆိုတာ။ သူ့ကိုငှားရင်တော့ ပေးတန်သလောက်ပေးရတော့မှာပေါ့။ ဆင် ဖိုးထက် ချွန်းဖိုးကြီးနေရင် မခက်ပါပကောလား။ တချို့ကျတော့တမျိုး။ ကမ္ဘာ့ဘဏ်တို့၊ အိုင်အမ်အက်ဖ်တို့ ဆီမှာ ပေါ်လစီတွေ ပက်ကက်လိုက်ပါလာမှာပဲ။ သူတို့ဝင်လာတာနဲ့ အားလုံးပြီးရောတဲ့။ အမလေး။ လွယ်လိုက် ကြတာ။ သူတို့ဆီက ပရောဂျက်တွေ ချပေးဖို့ ပရောဂျက်စီမံချက်တွေ တင်ရပါတယ်ရှင့်။ အချိန်နဲ့အညီလည်း ပေါ်လစီဆန်းစစ်ချက်တွေ တင်ရပါတယ်။ ဒါတွေက ကင်ပိန်းလေးလုပ်ဖို့ ပရိုပိုဆာလေးရေးတာတွေနဲ့တင် မရဘူးရှင့်။ ကဲ- project planning လုပ်ဖို့၊ forecasting လုပ်ဖို့၊ Development policy analysis လုပ်ဖို့ အခြေခံကျတဲ့ econometrics ပိုင်းမှာ လေ့ကျင့် သင်ကြားထားသူတွေ။ ဘယ်မှာလဲ။ modeling လုပ်ဖို့ actuary တွေ။ ပြီးတော့ ဒီပက်ကက်တွေနောက်မှာ political string တွေက အများကြီး။ လက်တင်အမေ ရိကတို့၊ အာဖရိကတို့မှာဖြစ်နေတဲ့ ဥပမာတွေကိုလည်း လေ့လာကြည့်ကြပါဦး။ World Social Forum တို့၊ European Social Forum တို့တွေကို နှစ်စဉ်လူသန်းပေါင်းများစွာ တက်ပြီး ဘာကြောင့် ကျင်းပနေကြသလဲ ဆိုတာကိုလည်း သွားကြည့်ကြပါဦး။ World Trade Organization နဲ့ပတ်သက်တဲ့ implications တွေကို လည်း လေ့လာကြည့်ကြပါဦး။ အားလုံးအထင်ဝိုင်းကြီးနေကြတဲ့ အမေရိကန်နိုင်ငံက မက်ဆီကိုနဲ့ ဘယ်လို trade game တွေ ကစားသွားသလဲ ဆိုတာလည်း လေ့လာကြပါဦး။ ဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယ နိုင်ငံကြီး ဘာကြောင့် poverty သံသရာက မထွက်နိုင်သေးတာလဲဆိုတဲ့ အကြောင်းတွေကိုလည်း ရှာကြပါဦး။ ကိုယ့်နိုင်ငံရဲ့ ကံကြမ္မာကိုများ ဒီလိုပဲနိုင်ငံခြားသားတွေငှားသုံးပြီး၊ သူတို့လက်ထဲကိုပဲ ၀ကွက်အပ်လိုက်ကြ တော့မလို့လား။
ဒီတော့ တချို့အချို့ကိစ္စများက ထိုင်ပြောနေရုံ၊ ဆဲနေရုံနဲ့ အကျိုးမထူးပါ။ သူ့ပထွေးတွေကို ကာကွယ်ပေးနေ တယ်ဆိုပြီး မှတ်ချက်ထဲမှာ ကျွန်မကို ထပ်ပြီး လာပြောမနေကြဖို့လည်း ကြိုတင်တောင်းပန်ပါတယ်။ ပြောနေ တာကို ဂရုစိုက်လို့တော့ မဟုတ်ပါ။ ကျွန်မအမေရဲ့ ကိုယ်ကျင့်တရားကို ကျွန်မယုံကြည်တာမို့ ရယ်နေရုံပဲရှိ တာပါ။ ကျွန်မကို လာရမ်းနေလို့လည်း အကျိုးမရှိကြောင်းကိုသာ ပြောချင်တာပါ။ အခုအနှစ်နှစ်ဆယ်အတွင်း မှာ ဒါတွေလုပ်ရင်းပဲ အချိန်ကုန်ခဲ့ကြတယ် မဟုတ်လား။ နအဖဆဲလိုက်၊ ကိုယ့်အချင်းချင်း ဆဲလိုက်၊ သူဘာ ကောင်လဲ - ငါဘာကောင်လဲ ပြောလိုက်၊ သုံးယောက်လောက်ရှိရင် တဖွဲ့ခွဲထောင်လိုက်၊ ကုလားထိုင်လုလိုက်၊ အချင်းချင်းတွေ့ရင် သူက ဘာလုပ်ခဲ့တာ။ ငါက ဘယ်လောက် ပေးဆပ်ခဲ့ရတာ ပြောလိုက်၊ နောက်ကွယ်ကနေ ဟိုလူမကောင်းဘူး၊ ဒီလူမကောင်းဘူးဆိုပြီး အတင်းအုပ်လိုက်၊ ပွဲတွေလုပ်လိုက်၊ ဒို့အရေး သွားလုပ်လိုက်၊ ကြုံရာကျပန်း အလုပ်လုပ်လိုက်၊ စုဖွဲ့ပြီး စားလိုက်၊ သောက်လိုက်၊ ငြင်းခုန်လိုက်၊ ပွဲလန့်ရင် ခဏဖျာခင်းလိုက်၊ ပရိုပိုဆာလေး တင်လိုက်၊ တစိုက်မတ်မတ် လမ်းစဉ်မချဘဲ ဟိုခုန်လိုက်၊ ဒီကူးလိုက်နှင့် အချိန်ကုန်ခဲ့ကြတာက အများအပြား။ တက္ကသိုလ်တခုထဲမှာ ကွန်ဖရင့်လို့ အကြီးအကျယ် ခေါင်းစဉ်တပ်ပြီး လာသူများကို ကော်မတီ in - charge ရွေးခိုင်းရင်း တနေ့လည်လုံး ကုန်သွားသည်လည်း ကြုံဖူးပါရဲ့။ ဖိုရမ်လို့ ခေါင်းစဉ်တပ် ဆွေးနွေး ကြပြီး၊ ချမှတ်လိုက်သော လမ်းစဉ်များ နှစ်ပေါင်းများစွာ ကြာသည်အထိ ဘာမှဖြစ်လာတာ မရှိသည်ကိုလည်း တွေ့ဖူးပါရဲ့။
လုပ်နေတဲ့ တိုက်ပွဲဝင်လမ်းကြောင်းမှာကလည်း ပေါ်လစ်ဗျူရိုမရှိ။ တယောက်တပေါက်။ တင်ချင်တဲ့လိုင်း ကောက်တင်နေကြတာပဲ တွေ့နေရပါတယ်။ အနာဂတ်အတွက်ကျတော့လည်း ဟိုနားတယောက်စ၊ ဒီနား တယောက်စမှလွဲ၍ ပညာရပ်ဆိုင်ရာ နယ်ပယ်တိုင်းတွင် ဖွဲ့စည်းထားသော အုပ်စုများမရှိ။ ယူဂျီနည်းကို ကျပြန်တော့လည်း စနစ်တကျ အကောင်အထည်ဖော်ခြင်းမရှိ။ သတင်းဦး ပြောချင်ဇောနှင့် အပြိုင်အဆိုင် ကိုယ့်လူကိုယ် ပြန်သတ်နေကြတာ မကောင်းပါ။ သူတို့က တကယ်တိုက်ပွဲဝင်နေရတာပါ။ စစ်မြေပြင်မှာပါ။ ကျွန်မတို့က အဝေးကနေ လက်နက်ကြီး ပစ်ကူပေးတာလောက်ပဲ လုပ်နိုင်တာပါ။ ဒီဂရီအတွက်မှားပြီး အ မြောက်ဆန်က ကိုယ့်တပ်ပေါ် ကိုယ့်ပြန်ကျတာမျိုးကတော့ မဖြစ်သင့်ပါ။ သတင်းဌာနအချို့ကလည်း တော် လှန်ရေးလို လျှို့ဝှက်သင့်တာ လျှို့ဝှက်၊ ဖော်သင့်တာဖော် မလုပ်ကြပါ။ ဒီမိုကရေစီရပြီးသား နိုင်ငံများမှာ ကျင့် သုံးသည့် မီဒီယာပုံစံကို စစ်အာဏာရှင်စနစ်တွင်းတွင် ပိတ်မိနေသည့် ပြည်တွင်းလူများအတွက် သွားသုံးနေ ကြတာတွေ မြင်နေရပါတယ်။
စက်တင်ဘာတော်လှန်ရေးတုန်းက မစုစုနွေး အခုလှည်းတန်းကိုသွားနေပြီဟု မီဒီယာတခုက ကြေညာလိုက် တော့ အံ့သြလို့မဆုံး။ အဲဒီလို prominent leader မျိုးဆိုတာ ရုတ်တရက် ဘွားကနဲ ပေါ်သွားလိုက်သည်က ပိုမကောင်းဘူးလား။ အခုတော့ ဘာမှတောင် မစရသေး။ အသင့်လာစောင့်ကုန်တာနဲ့ ပြေးရပါရောလား။ ပြီးတော့ သတင်းပို့၊ သတင်းယူစနစ်။ အခုတောင် အပေါ်ထပ်က မြင်နေရပါတယ်လို့ တိုက်ရိုက်ပြောတာမျိုးက သတင်းဘယ်လောက်ခိုင်မာတယ်ဆိုတာ သိသာပေမယ့် နအဖ ထောက်လှမ်းရေးတွေအတွက် လူရှာရတာ ပိုမလွယ်ကူုသွားဘူးလား။ အနီးကပ် ဓာတ်ပုံတွေကို ရိုက်တင်ကြတာကကော ပြည်ပက လူတွေသိရတော့ ဘာအကျိုးပိုထူးသွားသလဲ။ သိရသလောက် စက်တင်ဘာတော်လှန်ရေးကြောင့်ဆိုပြီး ပြည်တွင်းမှာ တိုက်ပွဲ ၀င်ဖို့ ပြန်ဝင်သွားတဲ့ ပြည်ပရောက်မြန်မာ ဘယ်သူမှမရှိပါ။ အလွန်ဆုံး သံရုံးရှေ့ သွားတာလောက်ပဲ ရှိတာပါ။ သံရုံးရှေ့ကတော့ တယောက်သွားသွား၊ နှစ်ယောက်သွားသွား။ ဆန္ဒပြပွဲဖြစ်သည်ဆိုလျှင် ပြီးတာပဲ။ ဒီအ တွက်နဲ့ ပြည်တွင်းက အဖိုးတန်တဲ့ ကိုယ့်ကလာဘ်စည်းကို စတေးလိုက်စရာတဲ့လား။ ပြည်တွင်းမှာ ပူးပေါင်း လာနိုင်ဖွယ်ရှိတဲ့ တပ်မတော်အရာရှိတွေကိုလည်း နာမည်တပ်ပြီးကို nominate လုပ်စရာတဲ့လား။ ခေါင်းပြူ လာတဲ့လိပ် အထဲပြန်ဝင်သွားမှာပေါ့။ ဒီလိုကိစ္စမျိုးဆိုတာ ဖြစ်သွားပြီးမှ လူသိခံရတာ။ ဒါတောင် အောင်မြင်မှ။ မအောင်မြင်သေးလည်း ဆက်ပြီးအတွင်းစည်းမှာ ကလာဘ်စည်းမြှုပ်ပေးထားတာက ပိုမကောင်းဘူးလား။
ကျွန်မက မြင်သည့်အမြင်ကို အမှန်အတိုင်း ပြောခြင်းပါ။ တကယ်တော့ ကျွန်မတို့တွေအားလုံးက တိုက်ပွဲဖြစ်ရာ စစ်မြေပြင်ကိုခွာပြီး ပါးစပ်သေနတ် ပစ်နေကြတယ်ဆိုတာ ကိုယ့်မသိစိတ်ထဲမှာ ကိုယ်သိနေကြပါတယ်။ အခွင့် အရေးသမား မဟုတ်ဘူးဆိုရင်ပေါ့။ ဒါကို ဟန်ကိုယ့်ဖို့ ဟန်ရေးပြပြီး တချိန်က အောင်မြင်မှု အတိုင်းအတာ တခုရခဲ့တဲ့ ရှစ်လေးလုံးအိပ်မက်ထဲက နိုးမထွက်နိုင်ဘဲ အထည်ကြီးပျက်တွေ ချမ်းသာခဲ့တဲ့အချိန်ကို ပြန် ပြောနေသလိုမျိုး တသသနဲ့ အထည်ကြီးပျက်နိုင်ငံရေးကို လုပ်နေကြတာပါ။ ပိုပြီးဖြစ်သင့်တာက ကျဆုံး သွားသူတွေကို ထောက်ထားပြီး၊ ဘယ်လိုအချိန်မှာ လမ်းစဉ်တွေချခဲ့သလဲ၊ ဘယ်လို triggering event တွေ ဖြစ်ခဲ့လဲ၊ လူထုစည်းရုံးရေးကို ဘယ်လိုလုပ်ခဲ့ကြလဲ၊ ဘာအမှားတွေလုပ်ခဲ့ကြလဲ ဆိုတာတွေကို ပြန်လည်သုံး သပ် သင်ခန်းစာယူပြီး အောင်ပွဲကို ဦးတည်မယ့် ခြေလှမ်းတွေကိုသာ လှမ်းသင့်ကြတာပါ။ ဟန်ရေးပြဖို့အချိန် လည်း မဟုတ်သလို၊ ကိုယ့်ကိုကိုယ် လိမ်နေကြဖို့အချိန်လည်း မဟုတ်ကြတော့ပါ။ ဘာကြောင့်၊ ညာကြောင့် ဆင်ခြေတွေ ပေးနေရမယ့် အချိန်လည်း မဟုတ်ပါ။ စာမေးပွဲတွေနဲ့ ပတ်သက်ပြီး ကျွန်မမြင်တဲ့အမြင်တခု ကတော့ အောင်ခြင်း၊ ရှုံးခြင်းဟာ အကြောင်းမဟုတ်။ ကိုယ်တကယ် ကြိုးစားပြင်ဆင် လုပ်ကိုင်ခဲ့ခြင်းကသာ အကြောင်းဖြစ်တယ်လို့ပဲ မြင်ပါတယ်။
ကဲ .. ကျွန်မ မေးပါဦးမယ်။ အခုအနှစ်နှစ်ဆယ် တော်လှန်ရေးခရီးတလျှောက်မှာ ကျွန်မတို့တွေ လုပ်သင့်တာ တွေ တကယ်လုပ်ခဲ့ကြပြီးပြီလား။ ပြင်ဆင်သင့်တာတွေ တကယ်ပြင်ဆင်ခဲ့ကြပြီးပြီလား။ ဒီလိုမေးလို့ ဒီလိုပြော လို့ ခင်ဗျားက ဘာလဲ။ ဘာကိစ္စ ဆရာလာလုပ်နေတာလဲ ဆိုရင်တော့လည်း အမှန်အတိုင်းပဲ ဖြေပါမယ်။ ကျွန်မလည်း ဘာမှမဟုတ်ပါ။ မြန်မာပြည်ကို တိုးတက်စေချင်တဲ့၊ မြန်မာ့တော်လှန်ရေးကို အောင်ပွဲရစေလိုတဲ့၊ မြန်မာပြည်မှာ ကျနေသော မျက်ရည်စက်တွေကို ခန်းခြောက်စေလိုတဲ့၊ ကျွန်မမြန်မာပါဆိုတဲ့စကားကို ကမ္ဘာ မှာ ဂုဏ်ယူစွာ လက်မထောင်ပြောချင်တဲ့ လူငယ်တဦးသာဖြစ်ပါကြောင်း။
ခင်မမမျိုး
Wednesday, August 20, 2008
ကျွန်မတို့ ဘာတွေပြင်ဆင်ထားပြီးပြီလဲ
Subscribe to:
Post Comments (Atom)
2 comments:
ကျေးဇူးပါပဲဗျား ... ဒီလိုမျိုးအတွေးအခေါ်ပါတဲ့ အကြံ
ပြုချက်တွေကို ဖတ်ရတဲ့အတွက် ... နောက်လဲ ဒါမျိုး
တွေများများရေးပါလို့ အကြံပြုပါတယ် ...
Post a Comment