Thursday, August 21, 2008

လူထုအုံကြွမှုကသာ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်စေမည်

ဒေါက်တာလွဏ်းဆွေ
(၂၀၀၆ ခုနှစ် စက်တင်ဘာလထုတ် ခေတ်ပြိုင်ဂျာနယ်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်ပါသည်)

အာဆီယံအဖွဲ့ကြီးတော့ အကြီးအကျယ် မြွေဖမ်းနေလေပြီ။ နအဖစစ်အစိုးရဆိုတဲ့ မြွေပွေးတကောင်ကို ဆက် ပိုက်ထားလည်းအခက် လွှတ်လိုက်ပြန်ရင်လည်းအခက် ဆိုတဲ့အဖြစ်မျိုးနဲ့ တိုးနေလေပြီ။ ဆက်ပိုက်ထားပြန် ရင်လည်း အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ နအဖဆိုတဲ့ ငါးခုံးမတကောင်ကြောင့် တလှေလုံးပုပ်ရမယ့်အ ဖြစ်မျိုးနဲ့ တိုးနေလို့ပဲဖြစ်ပါတယ်။ တိုင်းပြည်အတွင်းမှာ မတရားဖိနှိပ်အုပ်ချုပ်ပြီး လူ့အခွင့်အရေးအချိုးဖောက် ဆုံးအစိုးရဖြစ်တဲ့ နအဖကြောင့် နိုင်ငံတကာနဲ့ဆက်ဆံရေးမှာ အာဆီယံအဖွဲ့ကြီးဟာ အလွန်အမင်း မျက်နှာ ပျက် အရှက်ရလျက်ရှိပါတယ်။ ဇူလိုင်လထဲမှာပဲ ဥရောပသမဂ္ဂ(အီးယူ)အဖွဲ့ရဲ့ ကုန်သွယ်ရေး အကြီးအကဲဖြစ် တဲ့ ပီတာမင်ဒယ်လ်ဆန်က အီးယူအဖွဲ့ကြီးအနေနဲ့ အာဆီယံအဖွဲ့နဲ့ လွတ်လပ်တဲ့ ကုန်သွယ်ရေးသဘောတူစာ ချုပ် ချုပ်ဆိုချင်ပေမယ့် မြန်မာစစ်အစိုးရဟာ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ မှတ်တမ်းတွေရှိနေတဲ့အတွက် ကြောင့်ရယ်၊ ဒီမိုကရေစီဖော်ဆောင်ရေးမှာ လစ်ဟင်းမှုတွေရှိတာကြောင့်ရယ် ပြဿနာဖြစ်နေရတယ်လို့ ပြော ဆိုခဲ့တာကိုကြည့်ရင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေဟာ နအဖစစ်အစိုးရ ကြောင့် နစ်နာဆုံးရှုံးလျက်ရှိတာ ပေါ်လွင်နေပါတယ်။ အထူးသဖြင့် အာဆီယံအဖွဲ့ဟာ အမေရိကန်နဲ့ အနောက် နိုင်ငံတွေရဲ့ဖိအားပေးမှုကို အကြီးအကျယ် ရင်ဆိုင်နေရတာဖြစ်ပါတယ်။

လွှတ်လိုက်ပြန်ရင်လည်း အခက်ဆိုတာကတော့ နအဖကို အာဆီယံအဖွဲ့ကြီးကထုတ်လိုက်ရင် ဘိန်းစားပစ္စည်း ရောင်းသလို ရတဲ့ဈေးနဲ့ ရှိတာအကုန်ထုတ်ရောင်းနေတဲ့ နအဖစစ်အစိုးရဆီက ခပ်ချောင်ချောင်ဈေးနဲ့ ရစရာ ရှိတဲ့ သဘာဝအရင်းအမြစ်တွေ လက်လွှတ်ဆုံးရှုံးရမှာကို စိုးရိမ်တာကြောင့်ဖြစ်ပါတယ်။ အဲဒါအပြင် နအဖစစ် အုပ်စုရဲ့ အဆင်ခြင်မဲ့ ဖိနှိပ်အုပ်ချုပ်မှုကြောင့် အိမ်နီးချင်းနိုင်ငံတွေထဲ အစုလိုက်အပြုံလိုက် ထွက်ပြေးစိမ့်ဝင် လာတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည်တွေရဲ့ ၀န်ထုပ်ဝန်ပိုးကြီးတွေကို ထမ်းထားရမှာရယ်၊ အဲဒီကတဆင့် ဒေသ အတွင်းမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေ၊ ပြည့်တန်ဆာလုပ်ငန်းတွေ အဆမတန်ကြီးထွားလာ ပြီး အိပ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ်ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်း မြင့်တက်လာမှာကို အထူးတလည် စိုးရိမ်တာ ကြောင့်လည်း ဖြစ်ပါတယ်။

အဲဒါကြောင့်မို့ အာဆီယံအဖွဲ့ဟာ နအဖစစ်အုပ်စုကို ဒီမိုကရေစီအသွင် ဖော်ဆောင်လာစေဖို့ အပြုသဘော ဆောင်တဲ့ ချဉ်းကပ်မှုမျိုးနဲ့ နှစ်အတော်ကြာ ကြိုးစားကြည့်ခဲ့တယ်။ ဒါပေမယ့် နအဖက အာဆီယံရဲ့တိုက် တွန်းမှုကို ဂရုမစိုက်အရေးမလုပ်ဘဲ အာဆီယံအလှည့်ကျဥက္ကဌနေရာကိုပင် မျက်နှာပြောင်ပြောင်နဲ့ စွန့်လွှတ် ကာ အတိုက်အခံအင်အားစုတွေနဲ့ တိုင်းရင်းသားပြည်သူအများစုက လက်မခံတဲ့ လမ်းပြမြေပုံ (၇)ချက်ကိုပဲ အချိန်ဆွဲတဲ့အနေနဲ့ အယောင်ပြ ဆက်လုပ်နေခဲ့တယ်။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ဖမ်းဆီးထိန်းသိမ်းထားရာက ပြန်လွှတ်ပေးဖို့နဲ့ တွေ့ဆုံဆွေးနွေးရေး အမြန်လုပ်ဖို့ နိုင်ငံတကာရဲ့ တောင်းဆိုမှုကိုလည်း အကောင်အထည်မဖော်ဘဲ တုံဏှိဘာဝေ လုပ်နေခဲ့တယ်။ အလည်အပတ်လာ ရောက်ခဲ့ကြတဲ့ အင်ဒိုနီးရှားသမ္မတ ဆူစီလိုဘန်ဘန်ယူဒိုယိုနို၊ မလေးရှားနိုင်ငံခြားရေးဝန် ကြီး ဆာရက်ဟာမစ်အယ်ဘာနဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ကိုယ်စားလှယ် မစ္စတာဂမ်ဘာ ရီတို့ အားလုံးကိုလည်း လမ်းပြမြေပုံ (၇)ချက်ကိုပဲ ထပ်တလဲလဲ ရွတ်ပြကာ ကျောသတ်ပြီး ပြန်လွှတ်ခဲ့တယ်။

အခုနောက်ဆုံးသွားခဲ့တဲ့ အာဆီယံအလှည့်ကျဥက္ကဌဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး အယ်လ်ဘာတိုရို မြူလိုရဲ့ ခရီးစဉ်ဟာလည်း လမ်းပြမြေပုံ(၇)ချက်ကို အမြန်ဆုံး အကောင်အထည်ဖော်ပါ့မယ်ဆိုတဲ့ နအဖရဲ့ လိမ်လည်လှည့်ဖျားမှုအောက်မှာပဲ ပြီးဆုံးခဲ့ရပါတယ်။ အဲဒါအပြင် နအဖက ကုလသမဂ္ဂအထွေထွေအတွင်းရေး မှူးချုပ် ကိုဖီအာနန်နဲ့ သူ့ရဲ့ကိုယ်စားလှယ်ကို မြန်မာနိုင်ငံကို အလည်အပတ်လာရောက်ဖို့ ဖိတ်ခေါ်ထားပါတယ် ဆိုတဲ့ အချိုသတ်မှုနဲ့ မက်လုံးပေးလိုက်ပါသေးတယ်။ ဒါကလည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အပြစ်ပေး အရေးယူခံရမှာကို အချိန်ဆွဲလှည့်စားဖို့အတွက် မတတ်သာလို့ ဖိတ်ခေါ်တာဖြစ်ပါတယ်။ အဲဒါကြောင်မို့ ကုလ သမဂ္ဂက ကိုယ်စားလှယ်လာရင်သာ နိုင်ငံတကားဖိအားကို ခေတ္တခဏရှောင်လွှဲဖို့အတွက် အတိုက်အခံခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ခဏတဖြုတ် ပေးတွေ့တာဖြစ်ပါတယ်။ အာဆီယံက ခေါင်းဆောင်တွေကိုဆို လုံးဝပေးတွေ့တာ မဟုတ်ပါဘူး။ ဒါဟာ နအဖအနေနဲ့ အာဆီယံအဖွဲ့ကြီးကို လုံးဝဂရုမစိုက်ဘူးဆိုတာ ပေါ် လွင်တာပဲဖြစ်ပါတယ်။

တကယ်တော့ နအဖစစ်အုပ်စုဟာ မျက်နှာပြောင်ပြောင်နဲ့လိမ်ပြီး အချိန်ဆွဲတဲ့အတတ်ကို အထူးတလည် ကျွမ်း ကျင်နေပါပြီ။ အရေလည်ထူနေပါပြီ။ အရှက်ကုန်တာလည်း ဂိတ်ဆုံးနေပါပြီ။ အာဆီယံအဖွဲ့ကြီးကို နအဖက ရှိ တယ်လို့တောင် ထင်ပုံမရတော့ပါဘူး။ အဲဒီလို သဘောထားတာပေါ်လွင်ပုံကို ဒေါ်အောင်ဆန်းစု ကြည်ကို နေအိမ် အကျယ်ချုပ်သက်တမ်း (၁)နှစ်ထပ်တိုးပြီး နှစ်ရက်အကြာ မလေးရှားမှာ နအဖနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း သတင်းထောက်တွေကို ပြောကြားသွားတဲ့စကားက သက်သေပြနေပါတယ်။ ဦးဥာဏ်ဝင်းက ဒေါ် အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ချထားတဲ့ကိစ္စဟာ ပြည်တွင်းရေးကိစ္စသာ ဖြစ်တယ်လို့ ထီမထင်တဲ့ လေသံနဲ့ ပြောခဲ့တာပဲဖြစ်ပါတယ်။ အဲဒီမှာတင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဟတ်ဆန်ဝီရယုဒက ချက်ချင်း တုန့်ပြန်ပြောကြားပါတော့တယ်။ မစ္စတာဟတ်ဆန်က လူ့အခွင့်အရေးတွေ မတရားချိုးဖောက်နေတဲ့ နိုင်ငံဆို လို့ရှိရင် ဘယ်နိုင်ငံကမှ အဲဒါဟာ ပြည်တွင်းရေးလို့ ပြောလို့မရဘူး။ ဒီလိုဆင်ခြေပေးတာကို လက်မခံနိုင်ဘူး လို့ ပြောကြားခဲ့ပါတယ်။ ဒါဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ကိုယ်စား အပြင်းထန်ဆုံး ပြစ်တင်ပြောကြားလိုက် တဲ့ သတိပေးချက်တရပ်လည်း ဖြစ်ပါတယ်။ အဲဒီသတိပေးပြောကြားချက်ကိုလည်း ဂရုမစိုက်ဘဲ နအဖခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အာဆီယံအဖွဲ့ ထူထောင်တဲ့ (၃၉)နှစ်မြောက်အထိမ်းအမှတ် သ၀ဏ်လွှာ ပေးပို့ရာမှာ အာဆီယံအသင်းကြီးရဲ့ မူဝါဒတခုဖြစ်တဲ့ ပြည်တွင်းရေးဝင်ရောက်မစွက်ဖက်ရေးမူဟာ အရေးကြီး တဲ့အကြောင်း ထပ်လောင်းဖော်ပြလာပြန်ပါတယ်။

အဲဒီသ၀ဏ်လွှာနဲ့ ပတ်သက်ပြီး မလေးရှားဝန်ကြီးချုပ် ဘာဒါဝီက မြန်မာနိုင်ငံအနေနဲ့ အာဆီယံရဲ့ ပြည်တွင်း ရေး မစွက်ဖက်ရေးမူကို အကာအကွယ်မယူသင့်ဘူးလို့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပါတယ်။ ဒါ့အပြင် အာဆီယံရဲ့ အဓိကအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံက အဖွဲ့ကြီးရဲ့ အဓိကမူတရပ်ဖြစ်တဲ့ ပြည်တွင်းရေး မစွက်ဖက်ရေးမူကို ပြန်လည်အနက်အဓိပ္ပ္ပ္ပ္ပ္ပါယ် ဖွင့်ဆိုသင့်ပြီလို့ ပြောကြားခဲ့ပါတယ်။ အဲဒီလိုပြောကြားတာကို တွက်ဆရင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ နအဖစစ်အုပ်စုအပေါ် သည်းခံနိုင်မှုအတိုင်းအတာ ကျော်လွန် နေပြီဆိုတာ ပေါ်လွင်နေပါတယ်။ ဒါပေမယ့် နအဖအနေနဲ့ကလည်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက သည်းမခံ နိုင်တော့လို့ အဖွဲ့ဝင်အဖြစ်က ထုတ်ပယ်ရင်တောင် ဂရုစိုက်မယ့်ပုံ မပေါ်တော့ပါဘူး။ သူတို့အာဏာလက်မ လွှတ်ရရေးကိုပဲ ဦးတည်လုပ်ဆောင်တော့မယ့် အနေအထားကို တွေ့မြင်နေရပါတယ်။ သူတို့ အနည်းငယ် စိုးရိမ်မှုရှိတာဆိုလို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရေးယူအပြစ်ပေးမှာကို စိုးရိမ်တာလောက်ပဲရှိပါတယ်။ ဒါပေမယ့်လည်း ဂျပန်လိုနိုင်ငံမျိုးကတောင် မြန်မာနိုင်ငံရဲ့အရေးဟာ နိုင်ငံတကာလုံခြုံရေးကို ထိပါးနေတယ် ဆိုတဲ့ကိစ္စ ဖြစ်တယ်ဆိုတာကို လက်မခံနိုင်ဘူးဆိုတဲ့ ပြောဆိုမှုကိုချင့်တွက်ရင် အရေးယူတဲ့ အနေအထားမျိုး ဖြစ်လာတယ်ပဲထားဦး အချိန်ကြာ ဦးမယ်ဆိုတဲ့ သဘောပါပဲ။ နောက်ပြီးတော့ နအဖအနေနဲ့ တရုတ်၊ ရုရှား၊ အိန္ဒိယလို နိုင်ငံကြီးတွေနဲ့ စီးပွားရေး၊ စစ်ရေးအရ ကောင်းမွန်တဲ့ ဆက်ဆံမှုအနေအထားတွေ ရှိနေခြင်းဟာ လုံခြုံရေးကောင်စီရဲ့ အရေးယူမှုကို ကြန့်ကြာစေမယ့် အဓိကအတားအဆီးပါပဲ။

အဲဒီတော့ မြန်မာ့ဒီမိုကရေစီအရေးဟာ ကိုယ့်အားကိုယ်ကိုးဖို့ကလွဲပြီး အရည်မရအဖတ်မရ အားကိုရှာတဲ့ နည်း လမ်းတွေနဲ့ အချိန်ထပ်ဖြုန်းရတော့မယ့် အနေအထားမဟုတ်တော့ဘူးဆိုတာ လုံးဝရှင်းနေပြီဖြစ်ပါတယ်။ ပြည် သူလူထုရဲ့ အခြေအနေကလည်း သတင်းစာဆရာကြီး လူထုစိန်ဝင်းရေးသားခဲ့သလို လုံးဝမစောင့်နိုင်တော့ ဘူးဆိုတဲ့ အနေအထားပါပဲ။ နအဖ အကြောက်ဆုံးအရာကလည်း အဲဒီလိုကိုယ့်အားကိုယ်ကိုးပြီး ထကြွလာ မယ့် ပြည်သူလူထုကြီးကိုပါပဲ။ ကမ္ဘာ့နိုင်ငံရေးသမိုင်းကို ပြန်ကြည့်ရင်လည်း အာဏာရှင်စနစ်တွေ အမြစ်ပြတ် ခဲ့တာဟာ လူထုအုံကြွမှုနည်းလမ်းနဲ့သာ ဖြစ်တယ်ဆိုတာကို အိမ်နီးချင်းထိုင်း၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံ တွေရဲ့ မဝေးသေးတဲ့ အတိတ်သမိုင်းတွေကို ပြန်ကြည့်ရင် အထင်အရှားတွေ့ရမှာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ က အာဏာရှင်မားကို့စ်၊ အင်ဒိုနီးရှားနိုင်ငံက စစ်အာဏာရှင် ဆူဟာတိုနဲ့ ထိုင်းနိုင်ငံရေးလောကမှာ အချိန်ကာ လအတော်ကြာ ချယ်လှယ်မင်းမူနေခဲ့တဲ့ ဗိုလ်ချုပ်ကြီးတွေ ပြုတ်ကျသွားရတာဟာ လူထုအုံကြွမှုဆိုတဲ့ အာ ဏာရှင်စနစ် အမြစ်ပြတ်ဆေးကြောင့်ပဲ ဖြစ်ပါတယ်။ အဲဒီနာမူနာတွေကိုယူပြီး ဒီကနေ့မြန်မာပြည်မှာ အမြစ် တွယ်နေတဲ့ စစ်အာဏာရှင်စနစ်ဆိုတဲ့ ရင့်မှည့်ပေါက်ထွက်လုဆဲဆဲ အိုင်းအနာပြည်ဖုကြီးကို စည်းလုံးညီညွတ် တဲ့ ပြည်တွင်းပြည်ပ လူထုအုံကြွမှုအားနဲ့ အမြစ်ပါမကျန်အောင် ၀ိုင်းဝန်းညှစ်ထုတ်ပစ်ကြပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်။

ဒေါက်တာလွဏ်းဆွေ

No comments: