“ကမ္ဘာတခု အိပ်မက်တခု” ဆိုတဲ့ ဆောင်ပုဒ်နဲ့ အိုလံပစ်ပွဲတော် ကျင်းပဖို့ တစ်နှစ်တိတိအလို ၂၀၀၇ ခု သြ ဂုတ် (၈)ရက် ည ၈ နာရီ ၈ မိနစ်ဆိုတဲ့ မင်္ဂလာအချိန်မှာ တရုတ်နိုင်ငံ ပီကင်းမြို့တော်ရဲ့ တိန်အန်မင်ရင် ပြင်မှာ အိုလံပစ်အကြို တစ်နှစ်လို အခမ်းအနားကို ကျင်းပခဲ့တယ်။ မော်စီတုံးဓာတ်ပုံကြီး ချိတ်ဆွဲထားတဲ့ ကောင်း ကင်ဘုံ ငြိမ်းချမ်းရေးမုခ်ဦးကို ရွှေရောင်နဲ့ အနီရောင်မီးတွေ ထွန်းထားပြီး အခမ်းအနားအတွက် အကအခုန် အမျိုးမျိုး၊ နာမည်ကျော် အဆိုတော် အမျိုးမျိုးနဲ့ မီးရှူးမီးပန်းတွေ ပါဝင်စေခဲ့ပါတယ်။
လာမယ့် ၂၀၀၈ အိုလံပစ်ပွဲဟာ အာဏာရ တရုတ်ခေါင်းဆောင်တွေအတွက် သူတို့နိုင်ငံကို ဂုဏ်တင်ဖို့ အ ခွင့်အလမ်း ဖြစ်ပေမယ့် တကမ္ဘာလုံးက လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ ပျော်ရွှင်ဝမ်းသာစရာ ပွဲလမ်း သဘင်အဖြစ် မယူဆကြပါဘူး။ ဒါကြောင့် ဒီတစ်နှစ်အကြို သမယမှာ ဆန္ဒပြပွဲတွေကို တခဲနက် စတင်ခဲ့ကြပါ တယ်။
မဟာတံတိုင်းကြီးပေါ်မှာ တိဘက်လွတ်လပ်ရေး ထောက်ခံသူ (၆)ဦးက “ကမ္ဘာတစ်ခု အိပ်မက်တစ်ခု တိ ဘက်လွတ်လပ်ရေး ချက်ချင်းပေး ၂၀၀၈” ဆိုတဲ့ နဖူးစည်း စာတမ်းကို ချိတ်ဆွဲခဲ့တယ်။ ပီကင်းအိုလံပစ် ဦးစီးကော်မတီရုံးဝင်း အပြင်မှာ နယ်စည်းမခြား သတင်းထောက်များအဖွဲ့က အရာရှိတွေက အကျဉ်းခံ တရုတ်သတင်းထောက်တွေ လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြတယ်။ ဖြစ်ချင်တော့ တရုတ်ပုလိပ်ကလည်း အဲဒီမှာ သတင်းယူနေတဲ့ နိုင်ငံခြား သတင်းထောက်တဖွဲ့ကို ဖမ်းလိုက်သေးတယ်။ တက်ကြွလှုပ်ရှားသူ တချို့ကလည်း မြန်မာနိုင်ငံနဲ့ ဆူဒန်နိုင်ငံလို ဖိနှိပ်ချုပ်ချယ်လွန်းတဲ့ အစိုးရတွေကို ထောက်ခံအားပေးနေတဲ့ တရုတ်ပေါ်လစီ မပြောင်းရင် အိုလံပစ်ပွဲကို သပိတ်မှောက်ကြဖို့အထိ လှုံ့ဆော်စည်းရုံး လှုပ်ရှားနေကြတယ်။
တရုတ်အစိုးရပိုင်းကတော့ အိုလံပစ်ပွဲကို နိုင်ငံရေး မပတ်သက်ဖို့ ထပ်တလဲလဲ တောင်းဆိုနေလေရဲ့။ ဒါပေမယ့် ဒီမျှော်လင့်ချက်ကတော့ မဖြစ်နိုင်တဲ့ စိတ်ကူးပါ။ သမိုင်းကို ပြန်ကြည့်ရင် ၁၉၃၆ ခု ဘာလင် အိုလံပစ်ကို ဟစ်တလာက ၀ါဒဖြန့်ချိရေးအတွက် စအသုံးချခဲ့တယ်။ ၁၉၆၈ ခု မက္ကဆီကို အိုလံပစ်မှာတော့ အမေရိကန်ပြည်ထောင်စုရဲ့ လူမည်းအားကစားသမား နှစ်ယောက်က အမေရိကန်နိုင်ငံရဲ့ လူဖြူ လူမည်းခွဲခြားရေးဝါဒ ကန့်ကွက်တဲ့ ဆန္ဒပြမှုကို ဆုယူနေရင်းနဲ့ လုပ်ခဲ့တယ်။
ဟန်ဂေရီ တော်လှန်ရေးကို ဆိုဗီယက်ပြည်ထောင်စုက သွေးချောင်းစီး နှိမ်နင်းခဲ့တာကို ကန့်ကွက်တဲ့ အနေနဲ့ နယ်သာလန်၊ စပိန်၊ ဆွစ်ဇာလန်တို့က ၁၉၅၆ ခု မဲလ်ဘုန်း အိုလံပစ်ကို သပိတ်မှောက်ခဲ့သလို ဆူးအက်တူးမြောင်း အရေးအခင်းမှာ ဗြိတိန်၊ ပြင်သစ်နဲ့ အစ္စရေးတို့ရဲ့ စွက်ဖက်မှုကို ကန့်ကွက်တဲ့ အနေနဲ့လည်း ကမ္ဘောဒီးယား၊ အီဂျစ်၊ အီရတ်၊ လက်ဘနွန်တို့က အဲဒီ မဲလ်ဘုန်း အိုလံပစ်ကို သပိတ်မှောက်ခဲ့ကြတယ်။ အသားအရောင်ခွဲတဲ့ တောင်အာဖရိကနိုင်ငံကို ပါဝင်ခွင့်ပြုလို့ ၁၉၇၂ ခု မြူးနစ် အိုလံပစ်ပွဲနဲ့ ၁၉၇၆ ခု မွန်ထရီယယ် အိုလံပစ်ပွဲတွေကို အာဖရိကနိုင်ငံ (၂၈)နိုင်ငံက သပိတ်မှောက်ခဲ့တယ်။ တရုတ်နိုင်ငံကလည်း နိုင်ငံတကာ အိုလံပစ်ကော်မတီ (အိုင်အိုစီ)က တရုတ်တနိုင်ငံတည်းမူကို လက်မခံလို့ဆိုပြီး ၁၉၇၆ အိုလံပစ်ကို သပိတ်မှောက်ခဲ့တယ်။ ဒီ့အရင်ကလည်း တိုင်ဝမ်(တရုတ်ဖြူ)ကို တရုတ်နိုင်ငံအဖြစ် အသိအမှတ်ပြု ပြိုင်ပွဲဝင်ခွင့် ပေးထားလို့ဆိုပြီး အိုလံပစ်ပွဲတွေမှာ ၀င်ပြိုင်ဖို့ ဖိတ်တာတွေကို တရုတ်(နီ)က ၁၉၅၂ အိုလံပစ်ကစပြီး တောက်လျှောက် သပိတ်မှောက်ခဲ့ပါတယ်။ ၁၉၈၄ ကျမှ တရုတ်နိုင်ငံဟာ ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲတွေမှာ စတင်ပါဝင် ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။
၁၉၈၀ ခု မော်စကို အိုလံပစ်ကိုတော့ အမေရိကန် ခေါင်းဆောင်တဲ့ နိုင်ငံ (၆၂)နိုင်ငံက အာဖဂန်နစ္စတန် အရေးကြောင့် သပိတ်မှောက်ခဲ့သလို ၁၉၈၄ ခု လော့စ်အိန်ဂျယ်လိ အိုလံပစ်ပွဲကိုတော့ ဆိုဗီယက်ရုရှ ခေါင်းဆောင်တဲ့ (၁၅)နိုင်ငံက ၈၀ ခုနှစ်အတွက် လက်စားချေတဲ့ အနေနဲ့ သပိတ်မှောက်ခဲ့တယ်။ အာဖဂန်ကိစ္စကြောင့် မော်စကို အိုလံပစ်ကို သပိတ်မှောက်တဲ့ အထဲမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံလည်း ပါခဲ့ပါတယ်။
၁၉၇၂ မြူးနစ် အိုလံပစ်မှာပဲ ပါလက်စတိုင်း အကြမ်းဖက်သမားတွေက အစ္စရေး အားကစားသမားတွေကို ၀င်ရောက်ဖမ်းဆီး သတ်ဖြတ်ခဲ့တဲ့အတွက် အစ္စရေး အားကစားသမား (၁၁)ယောက်၊ ဂျာမန်ရဲ (၁)ယောက်၊ အကြမ်းဖက်သမား (၅)ယောက် သေခဲ့တယ်။ ၁၉၉၆ အတ္တလန်တာ အိုလံပစ်မှာတော့ အမေရိကန် အကြမ်းဖက်သမား တယောက်က ဗုံးခွဲလို့ လူနှစ်ယောက်သေ (၁၁၁)ယောက် ဒဏ်ရာခဲ့တယ်။
၂၀၀၈ ဧပြီ (၂၄)ရက်မှာ အိုင်အိုစီက နိုင်ငံအသီးသီးက အိုလံပစ် ကော်မတီတွေဆီ တရားဝင်စာတစောင် ပို့ခဲ့ရာမှာ အိုလံပစ်ပွဲတော်ဝင်းအတွင်း ဘယ်နေရာမှာမဆို အားကစားသမားတွေရဲ့ နိုင်ငံရေးသဘောထား ဖော်ထုတ်မှုကို တားမြစ်ထားပါတယ်။ စကားအားဖြင့် (သို့မဟုတ်) စာအားဖြင့် လွတ်လပ်စွာ ဖော်ပြမှုတင်မက အသံတိတ် အမူအရာ ဟန်ပန်အားဖြင့် ဖော်ပြမှုကိုပါ တားမြစ်တာ ဖြစ်ပါတယ်။ ဒီနေရာမှာ အိုင်အိုစီက အိုလံပစ် ပဋိညာဉ်စာတမ်း ပုဒ်မ ၅၁. ၃ ကို ရည်ညွှန်းပြီး “မည်သည့် အိုလံပစ်ပွဲခင်းများ သို့မဟုတ် ပြိုင်ပွဲကွင်းများ သို့မဟုတ် အခြားနေရာများတွင်မှ ဆန္ဒပြမှု သို့မဟုတ် နိုင်ငံရေး ၀ါဒဖြန့်မှု သို့မဟုတ် ဘာသာရေး ၀ါဒဖြန့်မှု သို့မဟုတ် လူမျိုးရေး ၀ါဒဖြန့်မှု မှန်သမျှကို ခွင့်မပြု” လို့ ထောက်ပြထားပါတယ်။ ဒါဟာ အင်မတန့်ကို ကျယ်ကျယ်ပြန့်ပြန့် အဓိပ္ပာယ်ကောက်လို့ရတာ ဖြစ်တဲ့အတွက် ပုဂ္ဂိုလ်တဦး တယောက်ကဖြစ်စေ ဒါမှမဟုတ် ပုဂ္ဂိုလ်တစုကဖြစ်စေ ပြုလုပ်တဲ့ လုပ်ရပ်တွေ၊ တုံ့ပြန်မှုတွေ၊ သဘောထားတွေ သို့မဟုတ် ဘယ်လိုဖော်ပြပုံမျိုးမဆို အကြုံးဝင်နေပြီး အဲဒီလူတွေရဲ့ ပုံသဏ္ဍာန် အပြင်အဆင် အ၀တ်အစား ကိုယ်ဟန်မူရာ၊ စာဖြင့် ထုတ်ပြန်ကြေညာချက်၊ နှုတ်အားဖြင့် ထုတ်ပြန်ကြေညာချက်တွေ အားလုံးပါဝင်ပါတယ်။
ဂျော့အော်ဝဲလ် ရေးတဲ့ “၁၉၈၄” ၀တ္ထုဆန်ဆန် မနောကံ ပြစ်မှုတွေကို အိုင်အိုစီက စာရင်းထုတ်ပြန်တာဟာ တိဘက်အရေး လှုပ်ရှားမှုတွေ၊ မြန်မာ့အရေး လှုပ်ရှားမှုတွေကို တရုတ်အလိုကျ ဟန့်တားဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ ပြင်သစ် အားကစားသမားတွေက “ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီးအတွက်” လို့ ခပ်ပျော့ပျော့ ရေးထားတဲ့ ရင်ထိုးတံဆိပ်တွေ တပ်ဖို့ ကြံရွယ်ထားတာတောင် ပိတ်ပင်ခံရဖို့ ဖြစ်သွားပါတယ်။ ဒါ့အပြင် ခြေဟန် လက်ဟန်ပြတာမျိုး၊ မျက်နှာအမူအရာ ပြတာမျိုးကိုပါ အရေးယူနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ တချိန်တုန်းကလည်း ဗြိတိန်နဲ့ နယူဇီလန်နိုင်ငံ အိုလံပစ် ကော်မတီတွေက ဒီလိုအမိန့်မျိုးတွေ ထုတ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ လူထုဖိအားတွေကြောင့် အဲဒီအိုလံပစ်ကော်မတီတွေ နောက်ပြန်ဆုတ်ခဲ့ရပါတယ်။ အမေရိကန်နိုင်ငံကတော့ အားကစားသမားတွေဟာ တခြားနိုင်ငံသားတွေလိုပဲ ပီကင်း အပါအ၀င် ဘယ်နေရာမှာဖြစ်ဖြစ် လူ့အခွင့်အရေးနဲ့အညီ ငြိမ်းချမ်းစွာနဲ့ လွတ်လပ်စွာ ဖော်ထုတ်ခွင့်ရှိရမယ်လို့ ရပ်တည်ထားပါတယ်။ (၁၉၆၈ ခုတုန်းကတော့ အိုလံပစ်ပွဲမှာ ဆန္ဒပြတဲ့ လူမည်းအားကစားသမား နှစ်ယောက်ကို အမေရိကန် အိုလံပစ်ကော်မတီက ရာသက်ပန် အားကစားပြိုင်ခွင့် ပိတ်ပစ်ခဲ့ပါတယ်။)
အိုင်အိုစီက အဲသလို မီးစိမ်းပြပြီးတဲ့နောက် ဇွန် (၄)ရက်မှာ ပီကင်းအိုလံပစ်ပွဲတော် ဦးစီးကော်မတီက အိုလံပစ်ပွဲလာ နိုင်ငံခြားသားတွေအတွက် ရှောင်ရန် ဆောင်ရန် စည်းကမ်းချက်တွေ တသီကြီး ထုတ်ခဲ့ပါတယ်။ ဒီထဲမှာ ဟော်တယ်မှာ မတည်းတဲ့သူတွေ ရဲစခန်းမှာ ဧည့်စာရင်း တိုင်ရမယ်၊ အဆောက်အဦးပြင်ပ လေဟာပြင်မှာ မအိပ်ရ၊ အိုလံပစ်လက်မှတ် ၀ယ်ထားသူတိုင်းကို ဗီဇာအလိုအလျောက် မထုတ်ပေးနိုင်၊ အိုလံပစ်ပွဲခင်းအတွင်း နိုင်ငံရေး ဘာသာရေး လူမျိုးရေး ကြွေးကြော်သံများ အော်ဟစ်ခြင်း နဖူးစည်း စာတန်းများ ပိုစတာများ ကိုင်ဆောင်ခြင်း မပြုရ၊ တရုတ်နိုင်ငံတော်အလံကို မီးရှို့ခြင်း ဖျက်ဆီးခြင်း မလုပ်ရ။ ‘စိတ်ရောဂါ’ ရှိသူများ မလာရ၊ တိဘက်အကြောင်း လုံးဝ ပါးစပ်မဟရ စသည်တို့ ဖြစ်ပါတယ်။ ဒီစည်းကမ်းချက်တွေကို အင်္ဂလိပ်ဘာသာနဲ့ မထုတ်ဘဲ တရုတ်ဘာသာနဲ့ပဲ ထုတ်တာလည်း ထူးဆန်းနေပါတယ်။
အိုင်အိုစီကတော့ မိမိတို့ဟာ နိုင်ငံရေးအသွင် မဆောင်တဲ့ အိုလံပစ် အစဉ်အလာကို ထိန်းသိမ်းရပ်ခံနေတာသာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အိုလံပစ် ပဋိညာဉ်ထဲမှာ “အားကစားဖြင့် လူသား၏ သဟဇာတကျ ပြေပြစ်ချောမွေ့စွာ ဖွံ့ဖြိုးတိုးတက်ရေးကို အကျိုးဆောင်ပြီး လူ့ဂုဏ်သိက္ခာ ထိန်းသိမ်းခိုင်မြဲရေးနှင့် ဆိုင်သည့် ငြိမ်းချမ်းသော လူ့ဘောင် ဖြစ်ထွန်းရေးကို အားပေးမြှင့်တင်ရန်” လို့လည်း အတိအလင်း ကြေညာထားပါတယ်။ တကယ်တော့ ဒါဟာ နိုင်ငံရေးပဲ မဟုတ်ပါလား။ ငြိမ်းချမ်းရေး ရချင်ရင် စေ့စပ်ဆွေးနွေးရပါတယ်။ လူ့ဂုဏ်သိက္ခာ ခိုင်မြဲဖို့ဆိုရင် တရားမျှတမှု၊ လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးတို့ လိုအပ်ပါတယ်။
အိုင်အိုစီက ၂၀၀၈ ခု အိုလံပစ်ပွဲ အိမ်ရှင်အဖြစ် တရုတ်နိုင်ငံကို ရွေးခဲ့စဉ်တုန်းက အကြောင်းတချက်က ဒီအိုလံပစ်ပွဲကြောင့် တရုတ်နိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေ တိုးတက်အောင် အားပေးနိုင်လိမ့်မယ်ဆိုတဲ့ စဉ်းစားချက်နဲ့ ရွေးခဲ့တာ ဖြစ်ပါတယ်။ အခုတော့ အိုင်အိုစီက ငြိမ်းချမ်းစွာ တိုက်ပွဲဆင်မှုတွေကို ပိတ်ပင်နေတာဟာ (၁၉၃၆ ခု ဟစ်တလာရဲ့ ဘာလင်အိုလံပစ်တုန်းကလို) တရုတ်နိုင်ငံရဲ့ စီးပွားရေး ကြော်ငြာဆန်ဆန် ၀ါဒဖြန့်ပွဲကြီး အကျိုးအတွက်သာဖြစ်ပြီး အားကစား ပြိုင်ဆိုင်မှုထက် အများကြီး ပိုအရေးကြီးတဲ့ တန်ဖိုးစံတွေကို မြေမြှုပ်စတေးပစ်ရာ ရောက်နေပါတယ်။
“အိုလံပစ်ဆိုတာ လူ့သဘာဝနဲ့ ပတ်သက်နေတယ်” လို့ ယခင် တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအ တွင်းရေးမှူး ကျောက်ကျိယန်ရဲ့ အကြံပေးအရာရှိဟောင်း ပေါက်တုံးကိုယ်တိုင်က ပြောပါတယ်။ “ဒီတော့ အိုလံပစ်ကို လူ့အခွင့်အရေးနဲ့ ခွဲခြားပစ်ဖို့ မဖြစ်နိုင်ဘူးဗျ” တဲ့။ တကယ်တော့ တရုတ်ဟာ သူ့တိုင်းပြည်မှာ အိုလံပစ်ပွဲလုပ်ဖို့ လျှောက်လွှာမတင်မီ ကတည်းက အဲဒါကို စဉ်းစားခဲ့ဖို့ ကောင်းပါတယ်။ အခုတော့ တရုတ်အစိုးရဟာ ပီကင်းအိုလံပစ်နဲ့ မြန်မာ့ရွှေဝါရောင် တော်လှန်ရေး၊ တိဘက်ရွှေဝါရောင် တော်လှန်ရေးတွေ၊ ဆူဒန်နိုင်ငံ ဒါဖာလူသတ်ပွဲတွေ ချိတ်ဆက်မိမှာကို အကြီးအကျယ် စိုးရိမ်ကြောက်လန့်နေပြီး အဲဒါမျိုး ချိတ်ဆက်တာဟာ “တာဝန်မဲ့လုပ်ရပ်” ဖြစ်တယ်လို့ သွေးရူးသွေးတန်း ပြောနေပါတယ်။
မြန်မာ့အရေးနဲ့ တိဘက်အရေးတွေကြောင့် ပီကင်းအိုလံပစ်ပွဲကို သပိတ်မှောက်ဖို့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် တောင်အာဖရိက ဂိုဏ်းချုပ်ဘုန်းတော်ကြီး ဒက်စမွန်တူးတူးက လှုံ့ဆော်ထားပါတယ်။ နော်ဝေ ၀န်ကြီးချုပ်ဟောင်း ဘွန်ဒီဝစ်ကတော့ မြန်မာနိုင်ငံ အခြေအနေကို အာရုံစိုက်လာအောင် ပီကင်းအိုလံပစ်ကို ကမ္ဘာက အသုံးချရမယ်လို့ ရွှေဝါရောင် တော်လှန်ရေးအပြီး ၂၀၀၇ အောက်တိုဘာလမှာ ဆော်သြခဲ့ပါတယ်။ ပီကင်းအိုလံပစ်ပွဲဟာ တရုတ်ပြည်ရဲ့ အိမ်နီးချင်း မြန်မာနိုင်ငံ အခြေအနေ တိုးတက်လာစေနိုင်တဲ့ နည်းလမ်းဖြစ်နိုင်တယ်လို့ နော်ဝေ ၀န်ကြီးချုပ်ဟောင်းက ယုံကြည်ပါတယ်။ ဒီအတွက် အိုလံပစ်ပွဲ မတိုင်မီမှာရော အိုလံပစ်ပွဲ ကာလအတွင်းမှာပါ အိုလံပစ်နဲ့ ချိတ်ဆက်ပြီး လှုပ်ရှားမှုတွေ လုပ်ရမယ်လို့ အော်စလို ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေး ဗဟိုဌာနရဲ့ လက်ရှိအကြီးအကဲ ဖြစ်နေတဲ့ ဘွန်ဒီဝစ်က ဆိုပါတယ်။ အားကစားနဲ့ နိုင်ငံရေးကို လုံးလုံးလျားလျား ခွဲခြားရမယ်ဆိုတဲ့ ခေတ်ဟောင်းအမြင်ဟာ ဒီနေ့ခေတ်ကမ္ဘာနဲ့ မကိုက်ညီတော့ဘူးလို့ ဘွန်ဒီဝစ်က ပြောပါတယ်။
ဂါမဏိ
ရည်ညွှန်း ။ ။
တိုင်းမ် မဂ္ဂဇင်း၊ သြဂုတ် ၂၀၊ ၂၀၀၇
နော်ဝေပို့စ်၊ အောက်တိုဘာ ၂၊ ၂၀၀၇
ဝါရှင်တန်ပို့စ် သတင်းစာ၊ မေ ၁၁၊ ၂၀၀၈
Wikipedia
Sunday, July 6, 2008
ကမ္ဘာတစ်ခု အိပ်မက်တစ်ခု တကယ်ဖြစ်စေဖို့ … (ဂါမဏိ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment