Saturday, July 5, 2008

တွယ်ရာမဲ့ ဘ၀များ (၁၂)

ဒေါက်တာလွဏ်းဆွေ

သောတရှင်များခင်ဗျာ …

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အများစု နေထိုင်လုပ်ကိုင်တဲ့ ထိုင်း-မြန်မာနယ်စပ်က မဲဆောက်မြို့က လေးကို တခါတခေါက် အလည်ရောက်ခဲ့မယ် ဆိုရင်ဖြင့် တနင်္ဂနွေနေ့ဟာ အခြားနေ့တွေထက် ပိုမိုပြီး စည်းကားနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲသလို စည်ကားရတာဟာ စက်ရုံအလုပ်ရုံတွေမှာ မိုးလင်းပေါက် အချိန်ပိုဆင်းပြီး ဈေးဝယ်ထွက်လာကြတဲ့ မြန်မာအလုပ်သမလေးတွေကို လမ်းမတွေပေါ် ဈေးထဲတွေမှာ ဖွေးဖွေးလှုပ် တွေ့ရတာကြောင့်ပဲ ဖြစ်ပါတယ်။ သူတို့လေးတွေကို ကြည့်တဲ့အခါ အိပ်ရေးပျက်ပြီး အ၀တ်အစား ပိုသီဘတ်သီနဲ့ ဖြူဖတ်ဖြူလျော် ပုံမျိုးလေးတွေ တွေ့ရတတ်တာမို့ ကျနော့်ရင်ထဲ ပိုးဟပ်ဖြူလေးတွေ တိုးကြိတ်ရွေ့လျား နေသလိုမျိုး ခံစားရပါတယ်။

သူတို့တတွေ အဲသလို လွတ်လွတ်လပ်လပ် လျှောက်သွားခွင့်ရဖို့ဆိုတာ ဘတ်လို့ခေါ်တဲ့ အလုပ်သမား လက် မှတ်ရှိဖို့လိုပါတယ်။ အလုပ်သမားလက်မှတ် ဆိုတာကလည်း ထိုင်းနိုင်ငံမှာ နေထိုင်ခွင့် လက်မှတ်ရှိပြီးသူကိုသာ လုပ်ပေးတာပါ။ အဲဒီဘတ်လုပ်ဖို့အတွက် အလုပ်သမားတယောက်ကို ထိုင်းဘတ်ငွေ ၃၈၀၀ ကုန်ကျပါတယ်။ အဲဒီကုန်ကျငွေကို သူတို့ရဲ့ ထိုင်းအလုပ်ရှင်တွေက တ၀က်စိုက်ပေးပြီး ကျန်တဲ့တ၀က်ကိုတော့ သူတို့လုပ်အား ခထဲကနေ ဘတ်၂၀၀၀ ပြည့်တဲ့အထိ လစဉ်ဖြတ်ယူတယ်လို့ သိုးမွှေးစက်ရုံတရုံက အလုပ်သမတဦးက ပြောပါတယ်။ ဒါပေမယ့် လုပ်ထားတဲ့ အလုပ်သမားလက်မှတ် မူရင်းကို အလုပ်ရှင်တွေက သိမ်းထားပြီး မိတ္တူသာ ကိုင်ခွင့်ပေးတဲ့အတွက် သွားရင်းဟန်လွဲ ပုလိပ်နဲ့ တိုးတဲ့အခါ ငွေညှစ်ခံရတာမျိုး၊ ငွေမပေးနိုင်ရင် အဖမ်းခံရပြီး မြ၀တီဘက်ကမ်းကို အသွန်ခံရတာမျိုး ဒုက္ခလှလှ တွေ့ရတတ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အချိန်ပိုကို ဆက်တိုက်ဆိုသလို ဆင်းခိုင်းတဲ့အတွက် ကျန်းမာရေး ထိခိုက်ပြီး ၀င်ငွေကျဆင်းလာတဲ့ အကြောင်းလည်း အခုလိုပြောပြပါတယ်။

(အသံ) သူတို့က ဒါဇင်ဖိုးထဲကတော့ ဖြတ်တာပဲ၊ သက်သက် အဲလိုမျိုး ဘာဖိုးညာဖိုးလို့တော့ မရှိဘူးပေါ့နော်။ ဘတ်ဖိုးတော့ တလကို (၃၀၀)ဖြတ်တယ်။ အဲဒါ ၂၀၀၀အထိ ဖြတ်တယ်။ သူတို့က ၂၀၀၀ ခံတယ်လို့ သူတို့ ပြောတာပေါ့နော်။ ကျန်တဲ့ ထမင်းတော့ သူတို့ကျွေးတယ်။ ဟင်းကတော့ ကိုယ့်ဘာသာကိုယ် ၀ယ်စားရတာပေါ့၊ ဒါပေမယ်လို့ အိုတီတွေ အရမ်းဆင်းရတဲ့အတွက် အိုတီကတော့ ၁၁နာရီအထိ ဆင်းမှ ၁၅ဘတ်ပဲ ရတယ်ပေါ့။ ဒါပေမယ်လို့ ဆက်တိုက်ဆက်တိုက် ခိုင်းတဲ့အတွက် လူတွေက ကျန်းမာရေးလည်း မကောင်းတော့ အလုပ်လည်း မလုပ်နိုင်ဘူးပေါ့နော်။ အလုပ်မလုပ်နိုင်တော့ ပိုက်ဆံလည်း မရဘူးပေါ့၊ အခုဟာက ပျမ်းမျှမှ အားလုံးမှ ၂၀၀၀ ကျော်ကျော်လောက်ပဲ ရတာပေါ့။ ၂၅၀၀၊ ၃၀၀၀ အဲလို အရမ်းဆွဲနိုင်တဲ့သူ ဆိုရင်တော့ ၃၀၀၀ ကျော်လောက်တော့ ရတယ်ပေါ့။ ကျမတို့ ပထမလုပ်ခဲ့တဲ့ ရုံမှာ ဆိုလို့ရှိရင် ဒါပေမယ့် သူတို့က ဘတ်ဖိုးကို မဖြတ်ဘူးဆိုပြီးတော့ ဒါဇင်ဈေးထဲက နှိမ်တယ်ပေါ့နော်၊ နှိမ်ပြီးလို့ ဆိုလို့ရှိရင် အဲဒီဘတ်ဆိုလည်း မိတ္တူပဲ ပေးတယ်။ မိတ္တူကိုမှ ဒိတ်ကုန်မှ ပေးတယ်ပေါ့နော်။ အဲလိုဆိုတော့ ပုလိပ်တွေ့နဲ့တွေ့တယ် ဆိုလို့ရှိရင် ကျမတို့က အမြဲတမ်း ပိုက်ဆံပေးရတယ်ပေါ့နော်။ လမ်းတခု သွားမယ်ဆိုလို့ရှိရင် အမြဲတမ်း ထိတ်လန့်နေရတယ်ပေါ့နော်။ အဲဒီပုလိပ်တွေ့မှာကို ကြောက်တာပေါ့။ တွေ့ရင်လည်း ပိုက်ဆံတွေ ဘာတွေပေးရတယ်။ ပိုက်ဆံမပါရင် သူတို့ဖမ်းတယ်ပေါ့။

သူမအနေနဲ့ အလုပ်ကောင်းခဲ့စဉ် ကာလတုန်းက မိဘတွေဆီ တလကို အလယ်အလတ် ၇သောင်း၊ အရမ်းအလုပ်ကောင်းတဲ့ လတွေဆိုရင် မြန်မာငွေတသိန်း တသိန်းခွဲအထိ ပြန်ပို့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ ၅သောင်းလောက် ပို့နိုင်ဖို့တောင် မနည်းကြိုးစားနေရတယ်လို့ အခုလို ပြောပြပါတယ်။

(အသံ) ဟိုမှာ ၉၈ မှာ ဟိုမှာလုပ်တာ ၉၀၀၀ ဆိုရင် ဒီမှာ ၁၀ရက်လောက် လုပ်လိုက်ရင်တော့ အဲဒီလောက်မက ရတယ်ပေါ့နော်။ တသောင်းကျော်လောက် အဲလောက်အထိ ရတယ်ပေါ့။ အဲဒီတုန်းကကျတော့ ဘတ်ဈေးက ၁၅ ဘတ်ဆိုတော့ အိမ်ကို ငါးသောင်းလောက် ပို့နိုင်တာပေါ့ တလကို။ အဲလိုမျိုးဆိုတော့ ဟိုနဲ့ဆို အရမ်းကွာတယ်ပေါ့နော်။ အရင်တုန်းက အဲဒီ ငါးသောင်းဆိုတာကလည်း သုံးလို့ တော်တော်များများ အဆင်ပြေတယ်ပေါ့နော်။ အခုကတော့ ငါးသောင်းက ဘာမှလုပ်လို့ မရဘူးပေါ့နော်။

သူမက မဲဆောက်မှာ အလုပ်လာလုပ်တာ ၈နှစ်ကျော်ပြီ ဖြစ်ပါတယ်။ အဲဒီအတောအတွင်း မြန်မာပြည်ကို နှစ်ခေါက်လောက်ပဲ ပြန်ဖြစ်ပြီး အခုဆို မပြန်တာ နှစ်နှစ်ကျော်သွားပြီလို့ ဆိုပါတယ်။ ရသမျှ ပိုက်ဆံတွေ အိမ်ကိုပို့နေရတာနဲ့ လက်ထဲမှာ များများစားစား စုမိဆောင်းမိ မရှိတော့လို့ မပြန်ဖြစ်တာလို့ သူမက ပြောပြပါတယ်။ နောက်ပြီး လစာထုတ်တဲ့အခါမှာလည်း နေမကောင်းလို့ ဆေးကုတာတွေ၊ လပေးစားထား သောက်ထားတာတွေကို ရှင်းပေးရတဲ့ အတွက်ကြောင့် အခုအခါမှာ တလကို ဘတ်နှစ်ထောင်လောက် ကျန်အောင် မနည်းစုနေရတယ်လို့ သူမက ဆက်ပြောပြပါတယ်။

(အသံ) လစာကတော့ ထုတ်လိုက်ရင် စာအိတ်ထဲမှာ ၃၀၀၀၊ ၄၀၀၀လို့သာ လာတယ်။ နောက်ကျတော့ ဆိုလို့ရှိရင် အဲသလိုမျိုးပေါ့။ နေမကောင်းတာတွေ ပေးတာနဲ့ လပေးဟင်း ၀ယ်စားရတာတွေ ဘာတွေကော အခုဆိုဟင်းက သူတို့က တထုပ်ကိုသာ ငါးဘတ်လို့ ရောင်းတယ်။ ဒါပေမယ့် တရာပြည့်ရင် ၂၀ အတိုးယူတယ်ပေါ့နော်။ လပေးနဲ့ပေါ့နော်။ လကုန်ရင်ပေး။ တကယ်လို့ ၂၀၀ ဖိုးကျရင် နှစ်ရာနဲ့လေးဆယ် ယူတယ်ပေါ့နော်။ တခြား နေမကောင်းတော့ ကော်ဖီမစ်တို့ ဘာတို့ သောက်တာ ဘာညာဆိုတော့ လစာက တစ်လတစ်လ နှစ်ထောင်လောက် ကျန်ဖို့ဆိုတာ တော်တော်လေး စုရတယ်ပေါ့နော်။ အရမ်းချွေတာ စားမှသာလျှင် စုနိုင်တာပေါ့၊ အဲလိုမျိုး။

သူမအနေနဲ့ ဘန်ကောက်ကို တက်ဖို့ ကြိုးစားခဲ့သေးပေမယ့် လမ်းမှာ အသက်အန္တရာယ်နဲ့ ကြုံရတဲ့သတင်းတွေ၊ ဟိုရောက်တဲ့ သူငယ်ချင်းတွေဆီက သတိပေးစကား ပြောကြားတာတွေ ကြားရတာကြောင့် ကြောက်လန့်ပြီး မသွားဖြစ်ခဲ့ဘူးလို့ ပြောပြပါတယ်။

(အသံ) ဘန်ကောက်ကိုတော့ သွားဖို့ အစီအစဉ်ရှိတယ်၊ ဒါပေမယ်လို့ အခက်အခဲတွေ အရမ်းဒုက္ခတွေရောက်လို့ ဘန်ကောက်ကိုတော့ မသွားဖြစ်ဖူးပေါ့နော်။ ကြိုးစားပါတယ် ကြိုးစားပြီးတော့ ဘယ်လိုလဲ မဖြစ်မြောက်တာပေါ့နော်။ ကိုယ်က သွားမယ်လုပ်လိုက်၊ သူများတွေက လမ်းမှာ တောင်ပေါ်က ပြုတ်ကျလို့ သေတာမျိုးတို့၊ နောက်တခုကျတော့ လမ်းမှာ အဲလိုမျိုး ကယ်ရီတွေက မကောင်းတဲ့ သစ္စာဖောက်တွေ ရှိတာမျိုးတို့၊ နောက် စစ်သားတွေနဲ့ တွေ့ရင် အဲလိုမျိုး အစော်ကားခံရပြီး အသတ်ခံရတာမျိုးတွေ ရှိတယ်လေ။ အဲဒါသတင်းတွေ ကြားရတယ်။ နောက်တခု သူငယ်ချင်းသွားတယ်။ ဟိုရောက်တယ် ဆိုလို့ရှိရင် ဆေးရုံတွေ ဘာတွေရောက်ပြီးမှ ဆေးကုပြီးမှ အလုပ်လုပ်ရတာမျိုးတွေ ရှိတယ်လေ၊ အဲဒါနဲ့ သူတို့အနေနဲ့ မလာနဲ့ဆိုတော့ သွားဖို့လုပ်လိုက်တိုင်း လုပ်လိုက်တိုင်း အဲဒီကို မရောက်ဖြစ်ဘူးပေါ့နော်။ ကြိုးပဲကြိုးစားတယ် မရောက်ဖြစ်ဘူးပေါ့နော်။ အဲလိုကြောက်ပြီးတော့ မသွားတာပေါ့။

ဒါ့အပြင် စက်ရုံမှာ လုပ်ကိုင်ရင်း အလုပ်သမားအခွင့်အရေးတွေ တောင်းဆိုမိတဲ့အတွက် အလုပ်ရှင်နဲ့ ပဋိပက္ခဖြစ်ကာ ဘ၀တူ အလုပ်အမား ၂၀၀ ကျော် စက်ရုံအပြင်မှာ စုပေါင်းငှားရမ်း နေထိုင်ရခဲ့ရပုံကိုလည်း အခုလို ပြောပြပါသေးတယ်။

(အသံ) အပြင်မှာ ငှားနေတယ်ဆိုတာ အဲလိုမျိုး ကျမတို့တွေက အခွင့်အရေး တောင်းတာပေါ့။ ကျမတို့ကို ရေးပေးတာလည်း သောက်ရေလည်း မကောင်းဘူး။ သောက်ရေထဲမှာ တီကောင်တွေ ဘာတွေပါတယ်။ ရေမသန့်ဘူးပေါ့၊ ထမင်းကလည်း ခဲတွေပါတယ်။ နောက် အိပ်ရတာလည်း မိုးမလုံဘူးပေါ့ အဆောင်တွေက။ အလုပ်ကျတော့လည်း သူက တနင်္ဂနွေနေ့ဆို အိုတီမပိတ်ဘဲနဲ့ မိုးလင်းပေါက် ခိုင်းတာမျိုးတွေလည်း ရှိတယ်ပေါ့၊ အိုတီကြေးလည်း မပေးဘူးပေါ့နော်၊ မားမားထုပ် တထုပ်နဲ့ပဲ ပြီးတယ်။ ဘတ်တွေ ဘာတွေ ပေးတော့လည်း မိတ္တူကုန်တဲ့ဟာမှ ပေးတော့ ပုလိပ်တွေနဲ့ ပြဿနာဖြစ်တယ်ပေါ့နော်။ ကောင်မလေး ၃ယောက် အဆွဲခံထိတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကျမတို့တွေက ဆန္ဒပြကြတာပေါ့။ ဆန္နပြတော့ သူက ၁၄၃ ဘတ်ပေးတယ်။ တနေ့ကို ၆၅ ဘတ်ဖြတ်မယ်ဆိုတော့ ကျမတို့က အဖြတ်မခံနိုင်လို့ စက်ရုံအပြင်မှာ ငှားနေတယ်ပေါ့နော်။ ငှားနေတာကတော့ အများကြီးပေါ့နော်။ လူ၂၀၀ ကျော်လောက်ကို ခုနှစ်သောင်းပေးပြီး ကျမတို့ ငှားနေတယ်ပေါ့နော်။ ငှားနေတော့ အဲတာကျတာ့ စားတာနဲ့ သောက်တာနဲ့ ဆိုလို့ရှိရင် အဲသလောက်မကျဘူး။

အလုပ်သမား ၂၀၀ ကျော် အဲသလို အပြင်မှာစုပြီး ငှားရမ်းနေထိုင်ခဲ့ကြပေမယ့် အလုပ်သမား အဖွဲ့အစည်းတွေက အကူအညီပေးတဲ့ အတွက်ကြောင့် ရဲတွေဖမ်းဆီးတာကို မခံခဲ့ရဘူးလို့ ဆိုပါတယ်။ ထိုင်းအလုပ်သမားအဖွဲ့က စကားပြန်တွေနဲ့ မြန်မာအလုပ်သမားအဖွဲ့တွေက အကျိုးဆောင်တွေ လိုက်ပြီးကူညီတဲ့အတွက် သူတို့အဖမ်းမခံရဘဲ အာမခံချက် ရရှိခဲ့တယ်လို့ သူမက ပြောပြပါတယ်။

(အသံ) ကျမတို့ကို တော်တော်ကူညီပါတယ်။ ကျမတို့ ပထမလုပ်တဲ့ရုံမှာ လေးငါးနှစ် လုပ်ပြီးတော့ အပြင်လောကကို သိပ်မသိဘူးပေါ့။ အခု ဆန္ဒပြပြီး အပြင်လည်းရောက်သွားရော ကျမတို့ကို သူဋ္ဌေးက အကုန်လုံး အလုပ်ဖြုတ်လိုက်တယ်ပေါ့နော်။ အယောက် ၂၀၀ ကျော်။ ဖြုတ်လိုက်တဲ့အချိန်မှာ သူတို့တွေက တဖွဲ့တဖွဲ့စီမှာ လူလေးငါးဆယ် ခေါ်ပြီးတော့ အဲသလိုမျိုး နှစ်လလောက်အထိ ကျမတို့ကို ကျွေးထားတယ်ပေါ့နော်။ နေဖို့ထိုင်ဖို့လည်း အလကားပေးတယ်၊ စားဖို့သောက်ဖို့ကော အားလုံး ကျမတို့ကို ထောက်ပံ့ပေးထားတယ်။ အပြင်မှာ ငှားနေမယ်ဆိုလို့ရှိရင် တနေ့ပဲ အိပ်ခနဲ့ စားခဆို တနေ့ကို ၃၀ လောက်ရှိပါတယ်။ ဒါပေမယ့် ကျမတို့တွေမှာ ငှားလည်း မနေနိုင်ဘူးပေါ့နော်။ အဲဒီက ကူညီတဲ့ အလုပ်သမား ကူညီရေး စောင့်ရှောက်ရေးအဖွဲ့တွေမှာပဲ လိုက်ပြီးနေတယ်။ နှစ်လလောက်နေပြီးမှ အလုပ်ရှာပြီး အလုပ်ဝင်သွားကြတာပေါ့နော်။

သောတရှင်များ ကြားခဲ့ရတာတွေကတော့ မဲဆောက်မြို့က သိုးမွေးစက်ရုံမှာ လှုပ်ရှားရုန်းကန်နေတဲ့ မြန်မာအလုပ်သမတဦးရဲ့ အဆိုးအကောင်း သံသရာလည်နေပုံများပဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဘက်ကို အလုပ်လာလုပ်ဖို့ ကြိုးစားနေကြသူများအနေနဲ့ သူမရဲ့ ပြန်ပြောင်း ပြောပြချက်တွေထဲကနေ စဉ်းစားဆင်ခြင်စရာတွေ တပုံတပင် ရရှိလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ကြောင်း ပြောကြားရင်း အခုတပတ် အစီအစဉ်ကို ရပ်နားလိုက်ရပါတယ်။

ဒေါက်တာလွဏ်းဆွေ

(အသံဖိုင်ကို ဒီဗွီဘီဝက်ဘ်ဆိုက် အပတ်စဉ်ဆောင်းပါးကဏ္ဍတွင် ရှာဖွေနားဆင်နိုင်ပါသည်)

No comments: