ခေါင်းထဲမှာ ၀ိညာဉ်တခုပဲ လုံးလုံးရှိတယ်
ခေါင်းထဲမှာ အလောင်းမရှိဘူး
အလောင်းက သေခြင်းတရားနဲ့ စားသောက်နေလေရဲ့။
ကြက်ကင်တွေ
ဒိန်ခဲတွေ နိုင်းချင်း
ဒန်းဘလက် အမန်းညက် ဘရန်ဒီ
ကမ္ဘာကျော် စီးကရက်တွေနဲ့ ၀ိုင်းကောင်းလို့။
သူတို့အပါးမှာ စားပွဲထိုး ၉၆ ယောက်ကလည်း
လိုလေးသေးမရှိအောင် ပြုစုလို့ပေါ့။
သေခြင်းတရားက ဟောဒီလို စကားစပြောတယ်
“ဟောဒီလောကကြီးမှာ
မြက်လျှောလို လင်းမြွေလို လမ်းလျှောက်တဲ့ သူတွေကို
ငါသိပ်အထင်သေးတယ်”
အလောင်းက ဒီစကားကို ထောက်ခံတယ်
“ဟုတ်တယ် …
ဒီကောင်တွေက ဘ၀တစ်လျှောက်လုံးလုံးချည်း
ကာယိနြေ္ဒမရှိတဲ့ ကောင်စားတွေ
ပြီးတော့လည်း
ရှေ့ခုနှစ်ဘ၀ နောက်ခုနှစ်ဘဝ
အနုပညာမရတဲ့ ကောင်တွေ
အနုပညာသည်ယောင်ယောင် ကောင်စားတွေ
တကယ်ပြောတာ
ရှေ့ခုနှစ်ဘ၀ နောက်ခုနှစ်ဘဝ
အနုပညာမရတာ သိပ်သေချာတဲ့ ကောင်စားတွေ”
အလောင်းက အရက်ခွက်ကို မော့ချလိုက်တဲ့အခါ
သေခြင်းတရားက ပြောတယ်
“ဟုတ်တယ် …
အဲဒီကောင်တွေဟာ
ပုစွန်ခြောက်သုပ်လောက်မှ
စားမကောင်းတဲ့ ကောင်တွေပါကွာ
ဘုရားသခင်က သူတို့ဦးနှောက်ကို နှစ်ဇွန်းလောက် ခပ်ယူပြီးမှ
လူ့ဘ၀ လွှတ်လိုက်တာ
ဒါတွေ ဒင်းတို့က သိတဲ့ကောင်တွေ မဟုတ်ဘူး
ဟား ဟား ဟား …
စားပွဲထိုးတွေကပါ ၀ိုင်းရယ်လိုက်ကြလို့
တခန်းလုံး အသံတွေလျှံပြီး အခန်းကြီး ပွင့်သွားလေရဲ့။
အလောင်းက …
“ဟုတ်တယ် ဒီငနဲတွေက
အတုတွေကို လိုက်လိုက်တုနေရတဲ့ ငနဲတွေကွ
သူတို့မှာ အမှားအမှန် မလိုဘူး
သွေးပူနေတဲ့ အချိန်မှာ ကိုက်မယ်
ပြီးတော့ လိုချင်တာ အကုန်ပူဆာတတ်တဲ့ ကောင်တွေကွ”
သိလား ဟုတ်လား
အာလေးလျှာလေးနဲ့
အလောင်းရော သေခြင်းတရားပါ မူးနေကြပြီ
သေခြင်းတရားက မူးရင် သွေးဆိုးတယ်လေ
“ဘာလဲ မင်းက ငါ့ကို ပူဆာတဲ့ ကောင်လို့ ပြောတာလား
ဟော ဟိုမှာ ၀ိညာဉ်ရှိတယ်
မင်းကဘာလဲ”
အဲဒီလိုကနေ သေခြင်းတရားနဲ့ အလောင်း ရန်ဖြစ်ကြတယ်
အလောင်းက သေခြင်းတရားကို လက်သီးနဲ့ ထိုးပစ်လိုက်တယ်
ရွှံ့စေးမြေ ပျော့ဖတ်ကြီးထဲ
သေခြင်းတရား ထိုးကျသွားတယ်
အလောင်းက ရင့်ကျက်သူ မျက်နှာနဲ့
သေခြင်းတရားကို လက်ပိုက်ပြီး စိမ်းစိမ်းကြည့်နေ
ဒီအချိန်မှာ ခေါင်းထဲက ၀ိညာဉ် ခုန်ထလာ
အရက်တလုံးကို ဖောက်ပြီးသောက်
ဟေ့ …
ဒါတွေအားလုံးဟာ
(ဒီအဖြစ်အပျက်အားလုံးကို ဆိုလိုချင်ဟန်)
သောကြာနေ့က သောက်ထားတဲ့
လက်ကျန်အရက်တွေ မဟုတ်ဘူးလို့ ပြောလိုက်တယ်။
အဲဒီအခါမှာ
အလောင်းရော သေခြင်းတရားပါ သေဆုံးသွားပါလေရော။ ။
မောင်ချောနွယ်
Saturday, July 5, 2008
ခေါင်းထဲက ၀ိညာဉ် (ကဗျာ)
Posted by ဒေါက်တာလွဏ်းဆွေ at 5:17 PM
Labels: မောင်ချောနွယ်ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment