Saturday, July 26, 2008

ကြေကွဲမှုအရောင် (ကဗျာ)

ကြေကွဲမှုအရောင်
မောင်ချောနွယ်

ခန္ဓာကိုယ်များ ပေါ့ပါးရေးက စတင်
‘မိုးဝေးရေ …’
ပြီးမှပဲ ကမ္ဘာကြီးကို ချစ်ခင်ကြောင်း ပြောကြတာပေါ့။

ငါတို့တွေ စောခဲ့ကြတယ်
ငါတို့တွေ စောပြီး နောက်ကျခဲ့ရတယ်။

ဒါကြောင့်ပဲ
ဒီဇာတ်ကို ငါတို့တွေ ကခဲ့ကြရ
ငါတို့တွေဟာ
ပြဇာတ်ထဲက ဆက်တင်လို အိမ်တွေမှာ
နေခဲ့ကြရ
ငါတို့တွေဟာ
ချစ်သူ့အသံတွေကို ထိန်ချန်ခဲ့တဲ့ ကံတရားလည်း
တရားစီရင်ခဲ့ရ။

အရေးကြီးတယ်
တစ်ယောက်တစ်ယောက် အရသာရှိဖို့ကလည်း
အရေးကြီးပေရဲ့
တို့တွေ
တစ်ယောက်နဲ့တစ်ယောက် အရသာရှိခဲ့ကြတယ် မဟုတ်လား။

တို့တွေ
တစ်ယောက်နဲ့တစ်ယောက် ချစ်ခဲ့ကြတယ်ဆိုတာ
အမှန်တရားတောင်
နည်းနည်းပါးပါး ရိပ်စားမိသွားပြီလေ။

တို့တွေဟာ
ရာသီဆိုးသွမ်းလမ်းမက
ပျံကျမိုးတွေပေါ့
ဒီလိုမဟုတ်ဘူးလား။

‘မိုးဝေးရေ …’
ငါတို့တွေ အားလုံးဟာ
တစ်ချပ်မှောက်ဖဲဝိုင်းမှာ …
ငါတို့အားလုံးရဲ့ ဖဲတွေက တခြားအိမ်တွေမှာ
ထွက်ကုန်ကြပြီ
ငါတို့ဖဲတွေဟာ ဆန်းဖဲတွေ မဟုတ်ကြတော့ဘူး
တစ်ချပ်မှောက် ကစားရာမှာ
လိုက်ရဲဖို့ထက် ပြေးရဲတာ သတ္တိပါ
‘မိုးဝေးရေ …’
ငါတို့တွေ ပြေးကြစို့ရဲ့
ခုလောက်ဆို
‘မောင်ပြည့်မင်းတစ်ယောက် နှင်းတွေဝေနေရောပေါ့’ ။ ။

မောင်ချောနွယ်
(မြားနတ်မောင်မဂ္ဂဇင်း)

No comments: