Friday, July 18, 2008

မြို့သစ်မိုး (ကဗျာ)

မြို့သစ်မိုး
မောင်ချောနွယ်

ငှက်တွေက လေထဲမှာ နားနေကြ
ကန်စွန်းပင်တွေက ရေထဲမှာ နားနေကြ
ဆောက်ပြီးစ တိုက်တွေလိုလို
ဆောက်လက်စ အိမ်ကလေးတွေလိုလို
မှိုနတို ကနဖော့တွေလည်း စီပြီး
ပေါ့ပေါ့ပါးပါး စကားတွေ ဆိုကြလို့
“ဘယ်လိုမှ မအောက်မေ့နဲ့နော်
ကိုယ့်အရပ် ကိုယ့်အခြေမို့ မစွန့်လွှတ်နိုင်ဘူး” တဲ့
ကန်သင်းရိုးကနေ မြေနီလမ်းဖြစ်သွားတဲ့
ကန်သင်းရိုး မြေနီလမ်းတွေကလေ
ငယ်ဘ၀တွေကို လွမ်းရင်းနဲ့ပျော်
ကန်စွန်းခင်းနဲ့ အဖွဲ့လေးဖွဲ့နေထိုင်
မှိုနတို ကနဖော့ ဘ၀ကနေ
ဘ၀မပြောင်းလဲဘဲ နေထိုင်ကာမျှော်ကြည့်
အလှပျက်ခဲ့ပေမယ့် အလှမဖျက်အောင်ပေါ့။
ဘ၀ပျက်ခဲ့ပေမယ့် ဘ၀မဖျက်အောင်ပေါ့။

ကောင်မလေး မောင်းလာတဲ့ ဆီဒင်ကားက
ဓာတ်ဆီနံ့လေး ရှူရှိုက်ရင်းလေ
မြို့သစ်ဖြစ်စေ မြို့သစ်မှာ
ဟိုတုန်းက လူဟောင်း လူကောင်း
လေရိုင်းတွေကို လှမ်းနှုတ်ဆက်ရင်း
ဝင်းပနေစ ဘ၀တွေ
မြို့သစ်ဖြစ်ဖို့
အသစ်စက်စက်မြို့တွေ မြို့ဖြစ်ဖို့
မိုးကလေ …
အသစ်စက်စက်မြို့မှာ
မိုးကလေ …
သူ့လယ်ကွက်တွေ မြို့ဖြစ်သွားတာ
သူမသိပေမယ့်
မိုးကလေ …
သူ့လယ်ကွက်တွေ သူရေပေးဖို့ပဲ
သူသိ၊
မိုးကလေ …
သူ့ဘ၀တစ်လျှောက်လုံး မြတ်နိုးခဲ့တဲ့ လယ်ကွက်တွေ
သူရေပေးမယ့်
သူ့မြတ်နိုးမှုက ရေတွေကမ်းဖို့ပဲ
ဒီအသိတစ်ခုတည်း သူ့မှာရှိ၊
ခဏခဏရွာ
တော်ကြာရင်းရွာ
တော်နေကြာရွာ
တဗြန်းဗြန်းရွာ
ကွန်ကရစ်ဖျော်စက်တစ်ခုလို
တအုန်းအုန်း အသံပေး
ရွာချ၊
မိုးကလေ …
အသစ်စက်စက်မြို့မှာ
အညာဖုန်လုံးကြီးတွေလို
တလိပ်လိပ်နဲ့
လှိမ့်လှိမ့်ပြီးရွာ ။ ။

မောင်ချောနွယ်

No comments: