Thursday, July 17, 2008

မင်းမုန်းတဲ့နေ့ဟာ ငါအမှန်တရားကို တွေ့ရှိတဲ့နေ့ဖြစ်တယ် (ကဗျာ)

မင်းမုန်းတဲ့နေ့ဟာ ငါအမှန်တရားကို တွေ့ရှိတဲ့နေ့ဖြစ်တယ်
မောင်ချောနွယ်

မင်းရက်စက်မှုဟာ ကမ္ဘာမှာ မရှိခဲ့ပါဘူး
ငါဟာ နာကျင်ကျိုးကြေပြီး
အိပ်ရာပေါ်မှာ အလူးလူး အလှိမ့်လှိမ့်
ဘာမှလည်း မတွေးခေါ်နိုင်
ဘာမှလည်း မခံစားပေးနိုင်
ပွဲတော်တွေနဲ့ ကင်းဝေးလို့
ပြာကျမသွားရုံ အသက်ငွေ့ငွေ့ကလေးနဲ့
မင်းပက်စက်လိုက်တာကွယ်လို့တောင်မှ
ငါ့မှာ အသံမထွက်နိုင်ခဲ့ပါဘူး။

နေထွက်နေ၀င်ချိန်တွေလည်း
ငါ့မှာ မသိတော့ပါ …
ငါ့အနုပညာ အရင်းအမြစ်ကလေးလည်း
ဘယ်ဆီဘယ်ဝယ်မှာလဲ
ငါမသိတော့ပါ …
ငါ့အဘိဓမ္မာတွေလည်း
ငါ့မှာ မဆုပ်မိ မကိုင်မိတော့ပါ။

ငါဟာ
‘၀ိမုတ္တိ’ ကိုသာ ငေးမျှော်ရင်း
ခပ်မျှင်းမျှင်း အသက်ရှူခဲ့ရတယ်
တနင်္ဂနွေတစ်ရက် ထင်ပါရဲ့
စကြ၀ဠာကြီးရယ်
ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ငါ့ဆီရောက်လာတယ်
အင်မတန် ပူနွေးလှတဲ့ သူ့လက်ကြီးနဲ့
လက်ဆွဲနှုတ်ဆက်တယ်
ပန်းသီး ချယ်ရီပန်းနဲ့ ရွှေရောင်ကလောင်တံတစ်ချောင်း
လက်ဆောင်ပေးတယ်။
ပြီးတော့ …
“မိတ်တွေကြီး ခရီးသစ်ထွက်တော့တဲ့”
အဲဒီလို ပြောအပြီးမှာ
စွတ်ဖားလှည်းကလေးစီးကာ ထွက်သွားတော့တယ်။

ငါဟာ
ပန်းသီး ချယ်ရီပန်း
ရွှေရောင်ကလောင်တံနဲ့
ငါ့ရောင်ကလောင်တံနဲ့
ငါ့အမှန်တရားဝတ်စုံကို ၀တ်ဆင်ကာ ။ ။

မောင်ချောနွယ်

No comments: