ပြည်သူ့လွှတ်တော်ခေါ်ယူရေး အဲန်အယ်လ်ဒီရဲ့ အထူးကြေညာချက်နဲ့ ပတ်သက်ပြီး ဘီဘီစီအသံလွှင့်ဋ္ဌာနရဲ့ “မြန်မာ့အရေး ကမ္ဘာ့အရေး” ဆွေးနွေးခန်း
(၂၀-၆-၀၈၊ သောကြာနေ့ - ညပိုင်း)
ဦးမောင်မောင်သန်း စီစဉ်တင်ဆက်သည်
(၂၀-၆-၀၈၊ သောကြာနေ့ - ညပိုင်း)
ဦးမောင်မောင်သန်း စီစဉ်တင်ဆက်သည်
သောတရှင်များခင်ဗျာ …
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဇွန်လ (၁၈)ရက် နေ့စွဲနဲ့ အထူးကြေညာချက်တစောင် ထုတ်ပြန်ပြီးတော့ လက်ရှိ နာဂစ်မုန်တိုင်းအလွန် ကာလမှာ နိုင်ငံတော်အတွက် အလွန်အရေးကြီးတဲ့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေလုပ်ဖို့ လိုအပ်နေတယ်။ အဲဒီအချိန်မှာ လိုအပ်မယ့် ငွေကြေးအကူအညီတွေကို နိုင်ငံတကာက ရရှိ နိုင်အောင် နိုင်ငံရေးအရလည်းပဲ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရမယ်။ ဒါကြောင့်မို့လို့ ၁၉၉၀ပြည့် ရွေးကောက် ပွဲအနိုင်ရ အဲန်အယ်လ်ဒီပါတီရဲ့ အမတ်တွေကို လွှတ်တော်ခေါ်ယူပြီး လက်ရှိအမျိုးသားရေး အကျပ်အတည်း ကို ဖြေရှင်းပေးဖို့ ဆိုပြီးတော့ တောင်းဆိုလိုက်ပါတယ်။
အဲတော့ ဒီ အခုလို ပြည်သူလူထု ထောက်ခံချက်နဲ့ အနိုင်ရထားတဲ့ နိုင်ငံရေးပါတီကြီးက တောင်းဆိုလိုက်တာ ဟာ တကယ်ပဲ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် လမ်းစလား၊ ဒီကရှေ့ဆက်ပြီးတော့ လက်ရှိအ မျိုးသားရေးအကျပ်အတည်းကို ဘယ်လိုဖြေရှင်းကြမလဲ ဆိုတဲ့အကြောင်းကို “မြန်မာ့အရေး ကမ္ဘာ့အရေး” အစီ အစဉ်ကနေပြီးတော့ ဆွေးနွေးမှာဖြစ်ပါတယ်။ အဲန်အယ်လ်ဒီပါတီရဲ့ အထူးပြန်ကြားရေးအဖွဲ့ဝင် ဦးသိန်းညွန့်၊ နောက်တခါ ခေတ်ပြိုင်ဂျာနယ်ရဲ့ ပင်တိုင်ဆောင်းပါးရှင် ဒေါက်တာလွဏ်းဆွေတို့ကို ကျနော်ဆက်သွယ်မေး မြန်းမှာ ဖြစ်ပါတယ်။
ဦးမောင်မောင်သန်း ။ ။ လွှတ်တော်ခေါ်ပြီးရင် အမျိုးသား အကျပ်အတည်းကို ဘယ်လိုဖြေရှင်းမယ်ဆိုတာ စပြောပါခင်ဗျ။
ဦးသိန်းညွန့် ။ ။ နာဂစ်မုန်တိုင်းကြောင့် ကျွန်တော်တို့ တိုင်းပြည်ရဲ့ ထိခိုက်နစ်နာမှုဟာ လူပုဂ္ဂိုလ် အသက်စည်းစိမ်တင် မကဘူး၊ အခြေခံ အဆောက်အအုံတွေပါ ကျပ်ကုဋေပေါင်းများစွာ ပျက်စီးသွားပြီ ဖြစ်ပါတယ်။ အဲဒီလို အခြေအနေကြီးကို ကျနော်တို့ တဦးတည်း တယောက်တည်း တဖွဲ့တည်း ကျနော်တို့ တနိုင်ငံတည်း လုပ်လို့မရတော့ပါဘူး။ အဲဒီတော့ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ထိရောက်တဲ့ အကူအညီ ရဖို့ဆိုတာ အင်မတန် လိုအပ်နေပါတယ်။ ကျနော်တို့ တိုင်းပြည်ရဲ့ အထွေထွေ အကျပ်အတည်း အားလုံးကို ဆွေးနွေးဖို့ ဥပဒေကြောင်းအရ တာဝန်အရှိဆုံးဟာ ပြည်သူ့လွှတ်တော်ပါပဲ။ ဒါကြောင့် ဒီနေ့ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီကို ပြည်သူ့လွှတ်တော်ခေါ်ပေးဖို့ အဖွဲ့ချုပ်က ထပ်မံတောင်းဆိုရခြင်း ဖြစ်ပါတယ်။
ဦးမောင်မောင်သန်း ။ ။ လွှတ်တော်ခေါ်ပြီဆိုရင် ဘယ်လိုအမျိုးသားရေး အကျပ်အတည်းကို ဖြေရှင်းမှာလဲခင်ဗျ။ လွှတ်တော်အမတ်တွေရော အလုံအလောက် ရှိပါသလား။
ဦးသိန်းညွန့် ။ ။ ကျွန်တော်တို့ တရားဝင် ကျန်ရှိနေတဲ့ လွှတ်တော်အမတ်တွေ ရှိကြောင်းကို အာဏာပိုင်တွေဘက်က အခါအားလျော်စွာ သူတို့ ထုတ်ဖော်ပြောထားတာ ရှိပါတယ်။ တရားဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များရဲ့ အသံကို ဒီလိုအမျိုးသား အကျပ်အတည်းကြီး ဖြစ်နေတဲ့အချိန်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များရဲ့ သဘောထားနဲ့ ထင်မြင်ချက်နဲ့ သူတို့ရဲ့ အကြံပြုချက်တွေကို နားထောင်ဖို့ လိုပါတယ်။ ဒါ အမျိုးသားရေး အကျပ်အတည်းပါ သာမန်အချိန် မဟုတ်ပါဘူး။
ဦးမောင်မောင်သန်း ။ ။ ဒီအကျပ်အတည်းကို လွှတ်တော်ခေါ်ပြီး ဖြေရှင်းဖို့ တောင်းဆိုတဲ့အပေါ်မှာ ဒေါက်တာလွဏ်းဆွေက ဘယ်လိုယူဆပါသလဲ။
ဒေါက်တာလွဏ်းဆွေ ။ ။ ကျနော့်အနေနဲ့ ထင်မြင်တာကတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ အခုလို ထုတ်ပြန်ချက်မျိုးကို ဒီနေ့ဒီအခါမှာ ထုတ်ပြန်တာက အလွန်ပဲ နောက်ကျနေပြီလို့ ဝေဖန်ချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့အနေနဲ့ ထင်မြင်တာကတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ပြည်သူက မန်းဒိတ် (mandate) ပေးထားတဲ့ အဖွဲ့အစည်း ဖြစ်တဲ့အတွက် ကျနော်တို့ မုန်တိုင်းဒုက္ခသည်တွေကို နိုင်ငံတကာ ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တွေက ကူညီမယ်ဆိုပြီးတော့ … ဟုတ်လား … မြန်မာ့ကမ်းရိုးတန်းအနီးမှာ အမေရိကန် စစ်သင်္ဘောတွေ၊ ပြင်သစ်စစ်သင်္ဘေင်္ာ နောက် ဗြိတိန်စစ်သင်္ဘောတို့ ရှိနေစဉ်ကာလမှာ ထုတ်ပြန်သင့်တဲ့ ကြေညာချက်လို့ ကျနော်က မြင်ပါတယ်။ နောက်တချက်ကကျတော့ အခုလိုမျိုး ပြည်သူ့လွှတ်တော်ဖွဲ့စည်းဖို့ နအဖဆီမှာ တောင်းဆိုနေတာကလည်း အကောင်အထည်ပေါ်လာမယ့် သဘောမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲန်အယ်လ်ဒီအနေနဲ့ နအဖဆီမှာ အကြိမ်ကြိမ် တောင်းဆိုခဲ့ပြီး ဖြစ်ပါတယ်။ နအဖကလည်း တခါမှလည်း လိုက်လျောတာ မတွေ့ခဲ့ရပါဘူး။ အဲဒါကြောင့်မို့လို … နောက် … လိုက်လျောဖို့ အစီအစဉ်မရှိလို့လည်း နအဖက သူတို့ရဲ့ ဒီ စိတ်ကြိုက်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို အခုလိုမျိုး ဇွတ်အတင်း အတည်ပြုသွားပြီ ဖြစ်တဲ့အတွက်ကြောင့် နအဖ အနေနဲ့ကတော့ လိုက်လျောဖို့ ရှိမယ်လို့ ကျနော်မမြင်မိပါဘူး။ အဲန်အယ်လ်ဒီ အနေနဲ့ ကိုယ်ဖာသာကိုယ် ဇွတ်လုပ်မှသာ ရမယ့်အစီအစဉ်လို့ ကျနော်မြင်ပါတယ်ခင်ဗျ။
ဦးမောင်မောင်သန်း ။ ။ စစ်သင်္ဘောကြီးတွေ မြန်မာ့ရေပိုင်နက်နားမှာ ရှိတုန်းက ထုတ်ပြန်သင့်တယ်။ အခုပြောတာက နောက်ကျနေပြီတဲ့။ အဲဒါနဲ့ ပတ်သက်လို့ အရင်ပြောပြပေးပါ။
ဦးသိန်းညွန့် ။ ။ အော် … အဲဒါနဲ့ ပတ်သက်ပြီးရင် စစ်သင်္ဘောကြီးတွေ … နော် … မြန်မာပြည်ဆီကို ကူညီဖို့လာတဲ့အချိန်မှာ ကျနော်တို့ အဖွဲ့ချုပ်က ကြေညာချက် ဟို … ထုတ်ခဲ့ပြီးတော့ ကျနော်တို့ သဘောထားပေးတာ ရှိပါတယ်။ အဲဒါကို ဒေါက်တာလွဏ်းဆွေသိအောင် ကျနော်ပြန်ပြောရရင် မေလ (၁၀)ရက်နေ့က ကျနော်တို့က ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဖြစ်တဲ့နည်းလမ်းနဲ့ အမြန်ဆုံး ချက်ချင်းရောက်အောင် ပေးပို့ဖို့၊ အလျင်အမြန် ဆောင်ရွက်ပေးဖို့၊ အဲသလို အလျင်အမြန် ဆောင်ရွက်ပေးတဲ့ နေရာမှာလည်း ကျနော်တို့က ပြည်သူပြည်သားများကို ကာကွယ်ပေးဖို့ တာဝန်ကို လက်တွေ့ကျကျ ဆောင်ရွက်ပေးဖို့ … နော် … ကျနော်တို့က အဲဒီအချိန်ကတည်းက ပန်ကြားခဲ့ပါတယ်။ ကျနော်တို့ဘက်က ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်တဲ့ နည်းလမ်းများကို ဖြစ်တဲ့နည်းလမ်းများဖြင့် လုပ်ဖို့ ကျနော်တို့က သဘောထားပေးပြီး ဖြစ်ပါတယ်။ သက်ဆိုင်ရာ နိုင်ငံများက ဆောင်ရွက်တာ မဆောင်ရွက်တာကတော့ သူ့အပိုင်းပါ။ ကျနော်တို့ဘက်က ဒီကိစ္စနဲ့ ပတ်သက်ပြီးရင် တာဝန်ကျေခဲ့ပါတယ်။
ဒေါက်တာလွဏ်းဆွေ ။ ။ အဲတုန်းကလည်း ကြေညာချက် ဖတ်လိုက်ရပါတယ်။ သို့သော်လည်းပဲ ဒါဟာ အဲန်အယ်လ်ဒီရဲ့ ယေဘူယျဆန်တဲ့ ထုတ်ပြန်ချက်လို့ပဲ ကျနော်က ယူဆပါတယ်။ ကျနော်တို့ မြင်တာကတော့ ဒီစစ်သင်္ဘောကြီးတွေ ဒီ မေလ(၁၇)ရက် နောက်ပိုင်းမှာ ကျနော်တို့ ကမ်းရိုးတန်းအနီးကို ရောက်လာတဲ့အခါမှာ အဲန်အယ်လ်ဒီ အနေနဲ့ ပြင်းပြင်းထန်ထန် တောင်းဆိုတဲ့ အသံတွေ ဘာမှတိတိကျကျ မကြားခဲ့ရပါဘူး။ ဒါပေမယ့် တိုင်းရင်းသားပါတီတွေဖြစ်တဲ့ ဒီ ဦးအေးသာအောင်တို့ ဦးထောင်ခိုထန်းတို့ရဲ့ တောင်းဆိုချက်တွေကိုတော့ ပြင်းပြင်းထန်ထန် ဒီစစ်သင်္ဘောကြီးတွေ ၀င်ရောက်ဖို့ကို အတိအကျပြောပြီး တောင်းဆိုခဲ့တာမျိုးတွေ ကျနော်တို့ ကြားရပါတယ်။ ကျနော်တို့ မကြားရတာကတော့ အဲန်အယ်လ်ဒီ ဗဟိုကော်မတီက ဒီ လူကြီးတွေရဲ့ တကယ့်ကို ပြင်းပြင်းထန်ထန် တောင်းဆိုတဲ့အချက်တွေ ကျနော်တို့ မကြားသိခဲ့ရပါဘူး။
ဦးသိန်းညွန့် ။ ။ ဒါကတော့ သူရဲ့ ပုဂ္ဂိုလ်ရေး ထင်မြင်ချက်ပါ။ ကျနော်တို့ကတော့ ကျနော်တို့ မန်းဒိတ်ကို ကိုင်ပြီးတော့ကို ကျနော်တို့ ပြောခဲ့တယ်။ တချို့မီဒီယာတွေက အမေးအဖြေ လုပ်တဲ့အခါမှာလည်း ကျနော်တို့ အတိအလင်း ဖြေခဲ့တယ်။ ဟုတ်လား … ဒုက္ခသည်တွေဆီကို အကူအညီရောက်ဖို့ဆိုရင် ဘယ်နည်းနဲ့ပဲ လာလာ လာတဲ့ နည်းလမ်းမှန်သမျှဟာ လူသားတွေကို ကယ်ဖို့ဟာ မှန်သမျှကို ကျနော်တို့ အဖွဲ့ချုပ်က လက်ခံတယ် ကြိုဆိုတယ် ဆိုတဲ့ဟာကို ကျနော်တို့ အတိအလင်း တင်ပြပြီးသား ဖြစ်ပါတယ်။ တဘက်က ခုနလိုပေါ့ ထင်မြင်သလို အားပျော့သလား အားမပျော့သလား ဆိုတာကတော့ နောင်ကျတော့ အများက ဆုံးဖြတ်ကြမှာပေါ့လေ။
ဦးမောင်မောင်သန်း ။ ။ အဓိက ပြောချင်တာကတော့ အမျိုးသား လွှတ်တော်ခေါ်ရေးနဲ့ နောက် ဒီ အမျိုးသား အကျပ်အတည်းကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ ကြေညာချက်ပေါ်မှာ မူတည်ပြီး ဆွေးနွေးမှာပေါ့လေ။ လွှတ်တော်ခေါ်ဖို့ ဆိုတာလည်း အလားအလာ အခွင့်အလမ်း နည်းတယ်လို့ ဒေါက်တာလွဏ်းဆွေရဲ့ ဆွေးနွေးချက်ကရော ဦးသိန်းညွန့် လက်ခံလား။
ဦးသိန်းညွန့် ။ ။ အဲ … အဲဒါနဲ့ ပတ်သက်ပြီးရင် ကျနော်ဒီမှာ ပြောချင်တာက အာဏာပိုင်တွေဘက်ကလည်း သူတို့ လေးလေးနက်နက် ဖြစ်တည်စဉ်းစားရမယ့် အချက်ရှိပါတယ်။ ဘာလဲဆိုတော့ ခုနက အတည်ပြုတယ်ဆိုတဲ့ အခြေခံဥပဒေဟာ သူတို့စာအုပ်ထဲက … နော် … ထပ်မံပြဋ္ဌာန်းချက်အရဆိုရင် လည်းကောင်း၊ ၂၀၁၀ ပထမအကြိမ် … ဟုတ်လား … ပြည်ထောင်စုလွှတ်တော် ခေါ်တဲ့အချိန်ကျမှ တရားဝင် အာဏာသက်ရောက်မှာပါ။ အခုအချိန်အထိ ပြည်သူ့လွှတ်တော် ဥပဒေရှိနေပါတယ်။ ပြည်သူ့လွှတ်တော် ဥပဒေအရ … ဟုတ်လား … ဒီ လွှတ်တော်ဖွဲ့စည်းပေးရမှာ အာဏာပိုင်တွေ တာဝန်ပါ။ အဲဒီတာဝန်ကို အာဏာပိုင်ဘက်က ပျက်ကွက်ရင် ဟုတ်လား … တရားဝင် ပြည်သူလူထုရဲ့ … ဟုတ်လား … ဆန္ဒအဆုံးအဖြတ်ကို ငြင်းပယ်ရာ ဖြစ်တဲ့အပြင် သူတို့ထုတ်ပြန်ထားတဲ့ ဥပဒေကို သူတို့မလုပ်တဲ့ အစဉ်အလာမျိုးရှိရင် တိုင်းပြည်မှာ မကောင်းတဲ့ သာဓကကြီးကို ပြသလို ဖြစ်သွားမယ်။
ဦးမောင်မောင်သန်း ။ ။ ဦးသိန်းညွန့် ပြောတဲ့အထဲမှာတော့ ခုနက မန်းဒိတ်ဆိုတဲ့ အကြောင်းပါတယ်လေ။ ဒါပေမယ့်လို့ ဒီ အခု သူတို့ ဆန္ဒခံယူပွဲ နောက်ပိုင်းမှာ အစိုးရရဲ့အာဘော် သတင်းစာတွေထဲမှာတော့ ဒီ မန်းဒိတ်ဆိုတာက ဓာတ်ပြားဟောင်းကြီး ဖြစ်နေပြီ။ အခု သူတို့ကို ဆန္ဒခံယူပွဲ ရလဒ်အရ (၁၀)ယောက်မှာ (၉)ယောက်က ထောက်ခံတယ်၊ ဒါကြောင့်မို့လို့ ရှေ့ဘယ်လို လျှောက်မယ်ဆိုတာကို စီစဉ်စဉ်းစားဖို့ လိုတယ်လို့ ပြောတယ်။ အဲဒါကိုကျတော့ကော အဲန်အယ်လ်ဒီဘက်က ဘယ်လိုပြန်ပြီး တုန့်ပြန်မလဲခင်ဗျ။
ဦးသိန်းညွန့် ။ ။ ဟို အရင်ဆုံး ပြောချင်တဲ့ အချက်ကတော့ သူတို့ မန်းဒိတ်ဆိုတဲ့ စကားကို အဓိပ္ပါယ် ကောက်ယူတဲ့ နေရာမှာ လွဲမှားနေပါတယ်။ မန်းဒိတ်ဆိုတာက ရွေးကောက်ပွဲ ၀င်ပြီးတော့ ပြိုင်ကြတဲ့ နိုင်ငံရေးပါတီနဲ့ လူပုဂ္ဂိုလ်တွေက … ဟုတ်လား … မိမိတို့နိုင်ရင် ဘာလုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲဆိုင်ရာ ကတိက၀တ်တွေကို လူထုထံ တင်ပြတယ်။ လူထုက အဲဒီထဲက ပြန်ပြီးရွေးတယ်။ ရွေးတဲ့အခါမှာ နိုင်တဲ့လူကို လူထုက မန်းဒိတ်ပေးတာ။ ဒီဆန္ဒခံယူပွဲ ဆိုတာက မန်းဒိတ်မဟုတ်ပါဘူး။ တကယ့်ကို Referendum ရဲ့ အစစ်အမှန် အဓိပ္ပါယ်က … ဟုတ်လား … လွှတ်တော်ကိုယ်စားလှယ်တွေ … ဟုတ်လား … စဉ်းစားဆွေးနွေးပြီးသား ကိစ္စကို ပြည်သူ့သဘောထား သိရအောင် … နော် … ပြည်သူလူထုရဲ့ အဆုံးအဖြတ်ကို ပေးတာက အဲဒါက ဆန္ဒခံယူပွဲ လုပ်တာပါ။ နော် … အဲဒီတော့ မန်းဒိတ်ဆိုတဲ့ အဓိပ္ပါယ်က ဆန္ဒခံယူပွဲက မလာဘူး။ ရွေးကောက်ပွဲက လာတာပါ။ အဲဒါကြောင့် ကျနော်တို့က ဒီ ရွေးကောက်ပွဲ ရလဒ်အရကို ကျနော်တို့မှာ မန်းဒိတ်ရှိကြောင်း အရင်ကလည်း ပြောခဲ့တယ်၊ အခုလည်း ပြောခဲ့တယ် … ဟုတ်လား … ဒါကို ကျနော်တို့က ဥပဒေကြောင်းအရလည်း ထပ်လောင်း အတည်ပြုပါတယ်။
ဦးမောင်မောင်သန်း ။ ။ ဒီ မန်းဒိတ်နဲ့ ပတ်သက်လို့ အဓိပ္ပါယ် ဖွင့်ဆိုသွားတာကို ဒေါက်တာလွဏ်းဆွေက ဘယ်လိုပြောချင်ပါသလဲ။
ဒေါက်တာလွဏ်းဆွေ ။ ။ ဒီနေ့အထိ အဲန်အယ်လ်ဒီမှာ မန်းဒိတ် ရှိနေဆဲပဲလို့ ကျနော်ယုံကြည်ပါတယ်ခင်ဗျ။ နောက်တကြိမ် … ဟုတ်လား … လူထုကထပ်ပြီး မဲပေးရွေးချယ်တဲ့ ကိုယ်စားလှယ်တွေ မပေါ်မလာမချင်းဟာ အဲန်အယ်လ်ဒီ ကိုယ်စားလှယ်တွေမှာ အကုန်လုံးက မန်းဒိတ်အပြည့်ရှိပြီးသား ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် အဲဒီလို မန်းဒိတ်အပြည့်ရှိတဲ့ သူတွေကပဲ ဒီ နအဖခေါ်ပေးမယ့် လွှတ်တော်ကို မစောင့်ဘဲနဲ့ ကျနော်တို့က ကိုယ့်ဖာသာ လွှတ်တော်ကို အတင်းအကျပ် ခေါ်ယူနိုင်အောင် ကြိုးစားဖို့ ကျနော်တို့က အကြံပြုတာပါခင်ဗျ။
ဦးသိန်းညွန့် ။ ။ အဲ … ကျနော်တို့ တိုင်းပြည်အတွက် သွေးချောင်းစီးဖို့ အနည်းဆုံးလမ်းနဲ့ပေါ့ဗျာ။ အဖြစ်နိုင်ဆုံး ကျနော်တို့တိုင်းပြည် အမျိုးသားပြန်လည်သင့်မြတ်ရေး ထူထောင်ရေး ဘောင်အတွင်းကတော့ အခုအချိန်အထိတော့ ကျနော်တို့ကတော့ ဥပဒေနဲ့အညီ လွှတ်တော်ခေါ်ပေးရမယ်ဆိုတဲ့ အခြေခံပေါ်မှာ ကျနော်တို့ ဆက်လက် ရပ်တည်ရမှာပါပဲ။
ဦးမောင်မောင်သန်း ။ ။ အဲတော့ ဟို ဒေါက်တာလွဏ်းဆွေတို့ဘက်ကရော ဘာတွေလုပ်နိုင်မယ်လို့ အကြံပေးချင်လဲ။
ဒေါက်တာလွဏ်းဆွေ ။ ။ ကျနော်တို့ မြင်တာကျတော့လေ နအဖအစိုးရ အနေနဲ့ကတော့ ကျနော်တို့ တောင်းဆိုလာတာ … ဟို … ရွေးကောက်ပွဲပြီးတာပဲ အနှစ် ၁၈နှစ်ကျော်ပြီဆိုတော့ လုံးဝကို လိုက်လျောခြင်း မရှိခဲ့တော့ ကိုယ့်ဖာသာကိုယ် နည်းလမ်းရှာကြံပြီးတော့ပဲ လွှတ်တော်ခေါ်နိုင်အောင် ကြိုးစားမှပဲ ရမယ့်အခြေအနေလို့ မြင်ပါတယ်။ နို့မဟုတ်ရင်တော့ ကျနော်တို့ ပြည်သူတွေဟာ ဒီလိုပဲ စောင့်ရင်း စောင့်ရင်းနဲ့ပဲ ပိုပိုပြီးတော့ အတွင်းကြေ ကြေရမယ့် အဖြစ်မျိုးနဲ့ပဲ တိုးရဖို့ ရှိပါတယ်။ အဲဒီအတွက်ကြောင်မို့လို့ ကျနော်တို့ကတော့ အဲန်အယ်လ်ဒီ လူကြီးတွေအနေနဲ့ စွန့်စားသင့်တာကို စွန့်စားဖို့ ကျနော်တို့က တိုက်တွန်းတာပါ။ နည်းလမ်းတွေကတော့ ရှာရင် တွေ့မယ်လို့ မြင်ပါတယ်ခင်ဗျ။
ဦးမောင်မောင်သန်း ။ ။ ဟုတ်ကဲ့ ဦးသိန်းညွန့် နည်းလမ်းတွေ ရှာနိုင်သေးသလားတဲ့၊ နောက်ထပ် …။
ဦးသိန်းညွန့် ။ ။ အခု ကျနော်တို့ တိုင်းပြည်ရဲ့ ရောက်နေတဲ့ ကြီးမားတဲ့ အခက်အခဲကြီးကနေ အခွင့်အလမ်းတွေကို ပေါ်ပေါက်အောင် … နော် … ဒီ တတ်နိုင်သမျှ ကျနော်တို့ တိုင်းပြည်ကို ပြည်လည်တည်ဆောက်ရေး လုပ်တဲ့အခါမှာလည်း သွေးချောင်းမစီးဘဲနဲ့ ငြိမ်းချမ်းစွာ လုပ်နိုင်မှ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေဟာ အောင်မြင်မှာပါ။ ကျနော်တို့ကတော့ တိုင်းပြည်နဲ့ … ဟုတ်လား … ကျနော်တို့ တိုင်းရင်းသားအားလုံးရဲ့ အကျိုးစီးပွားအတွက် အကောင်းဆုံး နည်းလမ်းတွေကို ကျနော်တို့ အမြဲတမ်း … ဟုတ်လား … ရှာဖွေပြီးတော့ ဆောင်ရွက်သွားမှာပါ။
ဦးမောင်မောင်သန်း ။ ။ ဒါပေမယ့် ခုနက လူတွေက ဝေဖန်နေတာ တကယ်လို့ လူထုတွေဟာ စားဝတ်နေရေး ကျပ်တည်းပြီးတော့ … ဟုတ်လား … ဆန်ပြဿနာတွေ ဘာတွေ ဖြစ်လာရင် ဆူပူအုံကြွမှုတွေ ပေါက်ကွဲမှုတွေ ဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေ ရှိတယ်လေ။ အဲဒီဟာတွေနဲ့ ပတ်သက်လို့ကော ဦးသိန်းညွန့်တို့ဘက်ကရော ကြိုတင်ပြင်ဆင်ထားတာတွေ ရှိလား။
ဦးသိန်းညွန့် ။ ။ ကျနော်တို့ ပြည်သူပြည်သားတွေ ရှေ့ဆက်ရလာမယ့် ဒုက္ခအန္တရာယ်တွေကို မြင်တဲ့အတွက် ကျနော်တို့ ဒီအထူးကြေညာချက်ကို … ဟုတ်လား … ထုတ်ပြန်ပြီးတော့ ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေကို ကျနော်တို့က တင်ပြထားတာပါ။ အဲဒီအန္တရာယ်တွေ၊ အဲဒီအလားအလာတွေ၊ အဲဒီအခြေအနေတွေကို မြင်တဲ့အတွက်ပဲ … ဟုတ်လား … ဒီမှာ ကျနော်တို့ ထောက်ပြထားပြီးပြီလေ။ ဟုတ်လား … မကြာခင်မှာ ကျနော်တို့ တိုင်းပြည်ရဲ့ ၀င်ငွေ၊ ရင်းနှီးမြှုပ်နှံမှု၊ အလုပ်လက်မဲ့ဖြစ်မှု၊ ငွေကြေးလည်ပတ်မှု စတဲ့ တခုလုံးကို ဆိုးကျိုး သက်ရောက်တော့မယ် ဆိုတာကို ကျနော်တို့ ဖော်ပြထားပါတယ်။
ဦးမောင်မောင်သန်း ။ ။ ဒီဟာတွေက သွေးချောင်းစီးမှုကို ဦးတည်မယ်ဆိုရင် လူထုပဲ နစ်နာမှာ ဖြစ်တဲ့အတွက် ဒေါက်တာလွဏ်းဆွေတို့က နောက်ထပ် နိုင်ငံရေးထွက်ပေါက်တွေ ဒီအခု နာဂစ်မုန်တိုင်း အကျပ်အတည်းကနေ အခြေခံပြီး ဘာပြောနိုင်ပါသလဲ။
ဒေါက်တာလွဏ်းဆွေ ။ ။ လောလောဆယ်မှာပေါ့နော် ကျနော်တို့ တိုင်းပြည်ကို … ဟုတ်လား … အခုလိုမျိုး ကူညီဖို့ ရောက်လာတဲ့ စစ်သင်္ဘောတွေ ၀င်ဖို့ကို လူထုတရပ်လုံးကလည်း အာသီသ ပြင်းပြင်းပြပြ ရှိနေတဲ့အချိန်မှာ ဒီ လူထုက မန်းဒိတ်ပေးထားတဲ့ အဲန်အယ်လ်ဒီ ပါတီအနေနဲ့ ဦးဆောင်ပြီးတော့ ထပ်မံပြီးတော့ ပြင်းပြင်းထန်ထန် ဖိတ်ခေါ်သင့်တယ်လို့ မြင်ပါတယ်။ နိုင်ငံတကာမှာရှိတဲ့ ကျနော်တို့ အတိုက်အခံ အဖွဲ့အစည်း အားလုံးကိုလည်း အဲန်အယ်လ်ဒီ ဦးဆောင်ပြီးတော့ ဒီဟာမျိုး လော်ဘီ (Lobby) လုပ်ဖို့တွေကို တိုက်တွန်းအားပေးစေချင်ပါတယ်။ အခုအချိန်မှာ ဒီအာဆီယံနဲ့ ယူအန်ရဲ့ အကူအညီလောက်နဲ့တင် ကျနော်တို့က မလုံလောက်ဘူးလို့လည်း ယူဆပါတယ်။ ကျနော်တို့ ဖြစ်သွားခဲ့တဲ့ ပြဿနာကြီးက လူပေါင်း နှစ်သန်းခွဲလောက် အိုးမဲ့အိမ်မဲ့ ဖြစ်ပြီးတော့ တစ်သိန်းခွဲလောက် သေခဲ့တဲ့ ဖြစ်ရပ်ကြီးမှာ ဒီအာဆီယံနိုင်ငံတွေလောက်ရဲ့ အကူအညီလောက်နဲ့ ကျနော်တို့ မရနိုင်ဘူးလို့ မြင်ပါတယ်။ အဲဒါကြောင့်မို့ တကယ့်ကို ချမ်းသာကြွယ်ဝတဲ့ နိုင်ငံကြီးတွေဆီက အကူအညီတွေ လှိုက်လှိုက်လှဲလှဲ ရမှာဖြစ်မှာ ဖြစ်တဲ့အတွက်ကြောင့် ဒီနိုင်ငံကြီးတွေ အင်အားသုံး ပြန်လည်ဝင်ရောက်ဖို့ကို အဲန်အယ်လ်ဒီ ဦးဆောင်ပြီးတော့ တကမ္ဘာလုံးမှာရှိတဲ့ အတိုက်အခံတွေက တကယ့်ကို ပြင်းပြင်းထန်ထန် တောင်းဆိုသင့်တယ်လို့ ကျနော်က ယူဆပါတယ်ခင်ဗျ။
ဦးမောင်မောင်သန်း ။ ။ အခုအချိန်မှာတော့ ဒီနိုင်ငံခြားသင်္ဘောတွေက မြန်မာ့ပိုင်နက်က ထွက်သွားပြီ။ အဲတော့ ဦးသိန်းညွန့် အဲသလို တောင်းဆိုမယ်၊ ဒီအင်အားသုံးပြီး ဖြေရှင်းမယ်ဆိုတဲ့ ဒီအကြံပြုချက်နဲ့ ပတ်သက်လို့ အဲန်အယ်လ်ဒီက ဘယ်လိုစဉ်းစားမလဲခင်ဗျ။
ဦးသိန်းညွန့် ။ ။ အခု ကျနော်တို့ … ဟုတ်လား … အထူးကြေညာချက်မှာ ပါတဲ့အတိုင်းပဲ လွှတ်တော်ခေါ်ပြီးတော့ ဖြေရှင်းနည်းကိုပဲ ကျနော်တို့ အခိုင်အမာ ရပ်တည်သွားမှာ ဖြစ်ပါတယ်။
ဒေါက်တာလွဏ်းဆွေ ။ ။ နအဖဘက်ကတော့ လိုက်လျောဖို့ မရှိဘူးလို့ ထင်ပါတယ်။ အဲဒါကြောင့်မို့ ဒီတောင်းဆိုချက်ကလည်း ကျနော့်အနေနဲ့ကတော့ အောင်မြင်လိမ့်မယ် မထင်ပါဘူး။ ကျနော်တို့က နအဖကို လျစ်လျူရှုပြီးတော့ကို သူ့ကို ဂရုမစိုက်ဘဲနဲ့ကို ပြင်းပြင်းထန်ထန် တောင်းဆိုမှ ရမယ့်အနေအထားလို့ပဲ ကျနော်က မြင်ပါတယ်။ ဟိုတလောက အမေရိကန် ကာကွယ်ရေးဝန်ကြီးက ပြောသွားပါတယ်။ သူတို့အနေနဲ့ အချိန်မရွေး ပြန်လာဖို့ အဆင်သင့် ရှိနေပါတယ်လို့လည်း ပြောသွားပါတယ်။ ကျနော်တို့ဘက်ကသာ ပြင်းပြင်းထန်ထန် တောင်းဆိုမယ်ဆိုရင် ဖြစ်လာနိုင်တဲ့ အနေအထား ရှိတယ်လို့ ကျနော်ကတော့ ယုံကြည်ပါတယ်။
ဦးမောင်မောင်သန်း ။ ။ ဟုတ်ကဲ့ အခု ကျနော်တို့ အဓိက ဆွေးနွေးတာကတော့ အဲန်အယ်လ်ဒီရဲ့ အထူးကြေညာချက်နဲ့ ပတ်သက်လို့ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ အမျိုးသားလွှတ်တော် ခေါ်ယူရေး ဖြစ်ပါတယ်။ အဲတော့ အားလုံးကို ပြန်ချုံကြည့်မယ် ဆိုလို့ရှိရင် အဲန်အယ်လ်ဒီရဲ့ လုပ်ရပ်ကို ခုန တချို့လူတွေက ဝေဖန်သလို အဲန်အယ်လ်ဒီကလည်း သွေးထွက်သံယိုမှု အနည်းဆုံးနဲ့ အကောင်းဆုံးလမ်းကို ရွေးမယ်လို့ ပြောပါတယ်။ အဲတော့ မြန်မာ့နိုင်ငံရေးဟာ နာဂစ်အလွန်မှာ ဘယ်လို ထွက်ပေါက်မျိုးကို ဖြေရှင်းတာဟာ အထိရောက်ဆုံးနဲ့ လူထုရဲ့ သွေးထွက်သံယိုမှု အနည်းဆုံး ဖြစ်မလဲ။
ဦးသိန်းညွန့် ။ ။ နိုင်ငံမုန်တိုင်း အလွန်မှာ … ဟုတ်လား … ကျနော်တို့ တိုင်းပြည်ဟာ အရင်ပုံစံအတိုင်း အရင်ခြေလှမ်းအတိုင်း သွားလို့မရတော့ဘူးဆိုတာ အာဏာပိုင်တွေလည်း သိပါတယ်။ အဲဒီသိတဲ့အပေါ်မှာ အမျှော်အမြင်ကြီးပြီးတော့ တိုင်းပြည်ကို ချစ်တဲ့စိတ်ဓာတ်နဲ့ အဖြေကိုရှာဖို့က နိုင်ငံရေးနည်းလမ်းပဲ ရှိတယ်။ လွှတ်တော်တွင်းမှာပဲ ရှိတယ်ဆိုတာကို လက်တွေ့ဘ၀တွေကနေ သဘောပေါက်လာလိမ့်မယ်လို့တော့ ကျနော် မျှော်လင့်ပါတယ်။
ဒေါက်တာလွဏ်းဆွေ ။ ။ ကျနော်ကတော့ မြင်တာကတော့ … ဟို … အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တာဝန်ရှိသူတွေ အနေနဲ့ အခု ဆရာဦးသိန်းညွန့် ပြောသွားတဲ့ လမ်းကြောင်းကိုပဲ လျှောက်မယ်ဆိုရင်တော့ နာဂစ်အကျပ်အတည်းကြီးဟာ ပိုပိုပြီးတော့ ကြီးထွားလာပြီးတော့ လူထုရဲ့ မကျေမနပ်မှုတွေနဲ့ အုံကြွပေါက်ကွဲမှုကြီး ဖြစ်လာမယ်လို့ ထင်ပါတယ်။ အဲသလို ဖြစ်လာခဲ့ရင် လူထုရဲ့ ဒေါသဟာ နအဖအပေါ်မှာတင် မကတော့ဘဲနဲ့ ဒီ အဲန်အယ်လ်ဒီ တာဝန်ရှိသူတွေ အပေါ်မှာပါ ပုံကျလာလိမ့်မယ်လို့ ကျနော်မြင်ပါတယ်။ အဲဒီအခါကျမှ အဲန်အယ်လ်ဒီ မမျှော်လင့်ချင်တဲ့ ပိုပြီးတော့ ကြီးမားတဲ့ သွေးထွက်သံယိုမှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ကျနော်က မြင်ပါတယ်။ အဲဒါကြောင့်မို့ အခုလိုမျိုး အဲန်အယ်လ်ဒီ တာဝန်ရှိသူတွေအနေနဲ့ ပြင်းပြင်းထန်ထန် လှုပ်ရှားတောင်းဆိုဖို့ ကျနော်က တိုက်တွန်းတာပဲ ဖြစ်ပါတယ်။
ဦးမောင်မောင်သန်း ။ ။ ဟုတ်ကဲ့ … ဒီလို နာဂစ်မုန်တိုင်းလို သဘာဝကပ်ဘေးကြီးတွေ ဖြစ်ပြီးတဲ့နောက် ကမ္ဘာ့နိုင်ငံ အတော်များများမှာ နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်လေ့ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ အခြေခံတူညီတဲ့ ရပ်တည်ချက်ရှာဖို့ အမျိုးသားပြန်လည်ရင်ကြားစေ့ဖို့ဆိုတဲ့ ဒီနိုင်ငံရေးအရ အများကြီး ဆက်လုပ်ရဦးမယ့်သဘော အခုဆွေးနွေးချက်တွေအရ သိရှိရပါတယ်။ ဒီတော့ လက်ခုပ်တီးတဲ့အခါမှာ လက်နှစ်ဖက် တီးရသလိုပဲ အဲန်အယ်လ်ဒီပါတီရဲ့ တောင်းဆိုချက်တွေအပေါ်မှာ အစိုးရက ဘယ်လိုစဉ်းစားမလဲ ဆိုတာဟာ အရေးကြီးတဲ့အကြောင်း “မြန်မာ့အရေး ကမ္ဘာ့အရေး” အစီအစဉ်ကနေပြီးတော့ စီစဉ်တင်ဆက် လိုက်ရပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။
1 comment:
ကိုလွဏ်းဆွေ...
ခံယူချက်နဲ့  ရပ်တည်ချက်မှန်မှန်ကန်ကန်..ပြီးတော့ ..တကယ့် ကို လက်တွေ့ ဆန်စွာ ..ဆွေးနွေးသွားနိုင်တာအတွက်....လေးစားပါတယ်....
NLD....ရဲ့ ...လုပ်ဆောင်မှုတွေကို..အားမရတာကြာနေကြပါပြီ....ကြေညာချက်တွေက အလုပ်မဖြစ်ဘူးဆိုတာလဲ...အားလုံးကသိနေကြပြီးသားဘဲ...လက်တွေ့ ဘာတွေများ..ဘယ်ကျေညာချက်ကြောင့် ...ဘယ်လို ပြောင်းလဲခဲ့ တာတွေ့ ရဘူးလို့ လဲ...နအဖ..က လုံးဝ...ဂရုမစိုက်ဘဲနေလာတာ....၁၈ နှစ်ကျော်ခဲ့ ပြီဘဲ...
....ကျမနဲ့ ..ပြည်သူတွေကပြောချင်တာတွေနဲ့ ထပ်တူနီးပါးပြန်ပြောနိုင်ခဲ့ တဲ့ ..ကိုလွဏ်းဆွေကို ကျေးဇူးတင်ပါတယ်.........
Post a Comment