သတင်း - မဇ္ဈိမ
ရန်ကုန်နှင့် ဧရာဝတီတိုင်းရှိ ဒုက္ခသည် အများအပြား ကို နေရပ်ဒေသများသို့ ပြန်ရန် ဒေသအာဏာပိုင် များက ဆက်လက်၍ အတင်းအဓမ္မ နှင်ထုတ်နေ သည်။ ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်ရှိ ၂၆ ရပ် ကွက်ရှိ ယောက်ဖော်စံငြိမ် ဆွမ်းလောင်းဓမ္မာရုံရှိ ဒုက္ခသည်များကို လုံလောက်သည့် အကူအညီများ ပေးခဲ့ပြီးပြီဟု ဆိုကာ နေရပ်ဌာနေသို့ ပြန်ကြရန် မြို့နယ်မယကမှ မည်သည့် ထောက်ပံ့ကူညီမှုမှ မပေးဘဲ ပြောင်းခိုင်းခဲ့သည်။ ဓမ္မာရုံတွင် ယခင်က ဒုက္ခသည် ရာချီရှိသည့်အနက် ယခုအခါ လူဦးရေ ၂ဝ ခန့်သာ ကျန်ရှိပြီး မနက်ဖြန် နောက်ဆုံးထားကာ ပြောင်းရွှေ့ပေးရမည် ဖြစ်သည်။
ဂေါပကလူကြီးတဦးက “မင်းတို့ကို အစိုးရက လုံလောက်တဲ့ အကူအညီတွေ၊ အထောက်အပံ့တွေ ပေးပြီးပြီ၊ ကိုယ့်နေရပ်ရွာကို ပြန်ကြတော့၊ ဒီလ ၄ ရက်နေ့ နောက်ဆုံးထား ရွှေ့ပါ၊ အခုမပြောင်းကြရင် သက်ဆိုင်ရာ အာဏာပိုင်တွေကိုယ်တိုင် လာရွှေ့ခိုင်းလိမ့်မယ်တဲ့” ဟု ပြန်ပြောပြသည်။ ဓမ္မာရုံတွင် ခိုလှုံခဲ့သည့် ကာလအတွင်း ကုလသမဂ္ဂ ကလေးသူငယ်များ အရေးပေါ် ရံပုံငွေအဖွဲ့ (ယူနီဆက်)နှင့် အစိုးရမဟုတ်သည့် အဖွဲ့များမှ အစားအသောက်နှင့် ဆေးဝါးများ အကူအညီရရှိကာ အာဏာပိုင်များဘက်မှ မည်သည့် အကူအညီမျှ မပေးခဲ့ဘဲ ယခုလို ပြောဆို၍ ပြောင်းခိုင်းခြင်း ဖြစ်သည်။
ဒေးဒရဲသို့ ပြန်ရတော့မည့် ဒုက္ခသည်တဦးက “ကျမမှာ ပြန်စရာ အိမ်မရှိဘူး။ မြေလည်း အပိုင်မရှိဘူး။ မြေတောင် ငှားစရာ ပိုက်ဆံလည်း မရှိဘူး။ ဘာမှမကျန်တော့တဲ့အတွက် ဘယ်လိုနေထိုင်ရမယ်ဆိုတာ မစဉ်းစားနိုင်တာ့ဘူး” ဟု ပြောသည်။ အလားတူပင် ဧရာဝတီတိုင်း ဘိုကလေးမြို့ရှိ အထက (၁)၊ (၂)နှင့် အလက (၁)၊ (၂) ကျောင်းများတွင် ယာယီနေထိုင်ကြသည့် လေဘေးဒုက္ခသည်များကို အာဏာပိုင်များက ကျောင်းများ ပြန်လည်ဖွင့်တော့မည် ဖြစ်သဖြင့် ပြန်လည်ပြုပြင်ရန်ဟုဆိုကာ ဒုက္ခသည်များကို ငွေကျပ် ၂ သောင်းနှင့် ဆန် ၅ ပြည်ပေးကာ နေရပ်သို့ အတင်းအဓမ္မ ပြန်ခိုင်းသည်။
အထက (၁)ကျောင်းမှ အမေအိုကြီးက “ရွာကို အတင်းပြန်ခိုင်းတယ်။ မပြန်ရဲတော့ဘူး။ လေမုန်တိုင်းကို ကြောက်တယ်။ လူတွေလည်း အားလုံးနီးပါး သေကုန်ပြီ။ အိမ်ယာလည်း မရှိတော့ဘူးတဲ့” ဟု ဆိုကာ ဆွေမျိုးနီးစပ်ရှိသည့် ဘိုကလေးမြို့သစ်တွင် ဆက်လက်နေထိုင်သည့် အမေအိုနှင့် အပျိုကြီး ၂ ဦးကို ကူညီခဲ့သည့် ဒေသခံတဦးက ပြောသည်။ ဘိုကလေးမြို့နယ်တွင် ဒုက္ခသည်များ ယခင်က နေထိုင်ကြသည့် ကျောင်း (၄)ကျောင်းတွင် ဒုက္ခသည်များကို မည်သည့် အကူအညီမှ မပေးဘဲ နှင်ထုတ်ခဲ့ပြီး၊ အမှတ် ၄ ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းတွင်သာ လူဦးရေပေါင်း ၇ဝဝ ကျော် ကျန်ရှိနေသည်ဟု ဒေသခံတဦးက ဆိုသည်။
သူက “အရင်က ဘိုကလေးမှာ ဒုက္ခသည် သောင်းချီနေအောင် ရှိတာ။ အခုတော့ ဖြေးဖြေးချင်း နည်းသွားပြီ။ စခန်းတွေမှာ မရှိတော့ဘူး။ နေရပ်ပြန်တဲ့လူလည်း ပြန်၊ တခြားနေလို့ရမယ့် နေရာတွေမှာ လိုက်ခိုတဲ့လူက ခိုပေါ့။ ပြန်ကုန်ပြီ” ဟု ပြောသည်။ ဒုက္ခသည်များအတွက် အကူအညီများ လုံလောက်မှု ရှိနေပြီဟု ဆိုသော်လည်း ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်ရှိ ကရင်ကျေးရွာများသို့ သွားရောက်သည့် မရမ်းလမ်းတလျှောက်တွင် ရာနဲ့ချီရှိသည့် ဒုက္ခသည်များသည် စေတနာရှင်၊ အလှူရှင်များ အလာကို လမ်းမပေါ်ထွက်ကာ စောင့်မျှော်နေဆဲ ဖြစ်သည်။
Wednesday, June 4, 2008
ဒုက္ခသည်များကို အာဏာပိုင်များ ဆက်လက်၍ နှင်ထုတ်နေ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment