Friday, May 9, 2008

ဆန္ဒခံယူပွဲအပေါ် သဘောထားအမြင်များ

ကာတွန်း ဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက်
မနက်ဖြန် ကျင်းပမည့် နအဖအခြေခံဥပဒေ ဆန္ဒခံယူပွဲအပေါ် သဘောထားအမြင်များ

“စစ်အုပ်ချုပ်ရေးကို ဆက်လက် အုပ်ချုပ်နိုင်ဖို့အတွက် အဖက်ဖက်က ပြင်ဆင်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ ဖြစ် တယ်။ ဒါကြောင့်မို့လို့ လက်မခံဘူး။ ဒီတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန္ဒခံယူပွဲလုပ်တာကို လက်မခံဘူး။ ဒါကြောင့် ကျနော် တဦးတည်းအနေနဲ့တော့ ဆန္ဒမဲလည်း မပေးဘူး၊ မဲရုံကိုလည်း မသွားဘူး၊ ဒါကို ဆန့်ကျင် တာ။”
ဦးအေးသာအောင် (အတွင်းရေးမှူး - ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ အတွင်းရေးမှူး - ပြည်သူ့လွှတ်တော် ကိုယ်စား ပြုကော်မတီ - စီအာပီပီ)

“ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ မဲပေးဖို့ အရည်အချင်း ပြည့်စုံသလားဆိုတာ စဉ်းစားဖို့ လိုတယ်လေ။ နောက် တခုက ရုဒ်မက် အပိုဒ်(၄)မှာ ဘာဖော်ပြထားသလဲဆိုတော့ ဖြစ်ပေါ်လာတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်လုံး ကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ အတည်ပြုခြင်းတဲ့။ အဲဒါက ၉၃ ကတည်းက ထုတ်ထားတာ။ နည်းမျိုးစုံနဲ့ (၉၃)က တည်းက မဖြစ်ဖြစ်တဲ့နည်းနဲ့ အတည်ပြုမယ်ဆိုတာ ဖော်ပြပြီးသား။ အဲဒါကြောင့် ကိုယ့်ဖာသာ တဖက်သတ် ဆွဲတဲ့ ဖွဲ့စည်းပုံကို အတည်ပြုလည်း သူ့ဖာသာပြုပေါ့။ အဲဒီပွဲမှာ ကျနော်မပါဘူး။ အသိအမှတ်လည်း မပြုဘူး။ တဖက်သတ် သူတို့ဖာသာသူတို့ ဆွဲချင်သလိုဆွဲတဲ့ ဖွဲ့စည်းပုံကို မဲပေးတဲ့သူတွေကို လူထုဆန္ဒခံယူပွဲ ဖြစ် မြောက်ဖို့ ကူညီပေးတယ်လို့ ကျနော်တော့ ဒီလိုမြင်တယ်။”
ဦးထောင်ခိုထန်း (တမူးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်၊ စီအာပီပီအဖွဲ့ဝင်)

“ကတိမတည်တဲ့ စစ်အစိုးရရဲ့ နောက်ထပ်ကတိတွေကို ဘယ်လိုမှ ယုံကြည်စရာ မရှိတဲ့အတွက် လူထုဆန္ဒခံယူ ပွဲကို သပိတ်မှောက်ရုံမှတပါး တခြားမရှိပါဘူး။”
ဦးအေးသာအောင် (အတွင်းရေးမှူး - ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ အတွင်းရေးမှူး - ပြည်သူ့လွှတ်တော် ကိုယ်စား ပြုကော်မတီ - စီအာပီပီ)

“ကျနော်တို့ကတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ယုံကြည်မှုလည်း မရှိဘူး။ ဆန္ဒခံယူပွဲနဲ့ ပတ်သက်လို့လည်း တရားမျှတမှု မရှိဘူးလို့ မြင်တဲ့အတွက် ဒီဆန္ဒခံယူပွဲကို ကျနော်တို့က မထောက်ခံဘူး။ လူနည်းစုနဲ့ ဆွဲထားတဲ့ အခြေခံဥပဒေ မူကြမ်းဆိုတော့ ပြည်သူအားလုံးကိုလည်း ကိုယ်စားမပြုဘူး။ ပြည်သူအားလုံးကို ကိုယ်စားမပြု တဲ့အတွက် ဒီအခြေခံဥပဒေကြီးဟာ အဓိပ္ပာယ်မရှိဘူးလို့ မြင်တဲ့အတွက်ကြောင့် ဒီဆန္ဒခံယူပွဲကြီးကိုလည်း ကျနော်တို့က သွားစရာမလိုဘူးလို့ ထင်ပါတယ်။”
မင်းရန်နိုင် (မျိုးဆက်သစ်လူငယ်များ အစည်းအရုံး - Generation Wave)

“နအဖဆွဲတဲ့ အခြေခံဥပဒေကို အသိအမှတ်ပြု မဲသွားပေးဖို့ မဆိုထားနဲ့၊ ဘယ်က ကလေကချေ အုတ်ကြား မြက်ပေါက်တွေ ဆွဲထားမှန်းမသိတဲ့ ဒီအခြေခံဥပဒေ ဆိုတာကြီးကို အခုလောက် အရာသွင်းပြီး စကားထဲ ထည့်ပြောနေတာတောင် တော်တော်လွန်လှပြီ”
ဒေါက်တာလွဏ်းဆွေ (အလုပ်အမှုဆောင်ကော်မတီဝင် - မြန်မာနိုင်ငံဆေးပညာရှင်များအသင်း၊ မြန်မာ့သ တင်းသမဂ္ဂ)

1 comment:

John said...

Never ever trust this stupid_selfish_full of shit "THUG" than shwe.