သတင်းနှင့် ဓာတ်ပုံ - မိုးသောက်ကြယ်
ဖုန်းဆက်ခေါ်သည့်အတွက် ထောက်ခံမဲပေးဖို့ သွားကြရသူများ
တရားဝင် ကြေညာထားတဲ့ ဧပြီလ ၂၆ရက် (စနေနေ့)နဲ့ ၂၇ရက် (တနင်္ဂနွေနေ့) တွေမှာ လာရောက်ပြီး ထောက်ခံမဲ မပေးရသေးသူတွေကို ယနေ့ ဧပြီ ၂၈ရက်ကနေ မေလဆန်းပိုင်းအထိ လာရောက်မဲပေးနိုင် ကြောင်း ဂျပန်နိုင်ငံရှိ နအဖစစ်အခွန်ရုံးက ဖုန်းဆက်အကြောင်းကြားကာ တိုးတိုးတိတ်တိတ် ပြုလုပ်နေပါ တယ်။
ဖိတ်စာပို့ပြီး လက်ရွေးစင် ဖိတ်ကြားထားသူ ၂၂၇၄ ဦးရှိပြီး အဆိုပါလူများမှာ မြန်မာနိုင်ငံကူးလက်မှတ် စာအုပ်အစိမ်း ကိုင်ဆောင်ထားသူ ပညာတော်သင်များ၊ အလုပ်သင်များအားလုံးနဲ့ ကျောင်းသား/ ကျောင်းသူတချို့ အပါအ၀င် ဂျပန်လူမျိုးနဲ့ လက်ထပ်ထားပြီး မြန်မာနိုင်ငံသား ခံယူထားသူ စီးပွားရေး လုပ်ငန်းရှင် များ ဖြစ်ကြပါတယ်။ ဂျပန်နိုင်ငံမှာ ကျောင်းသားဗီဇာနဲ့ နေထိုင်သူပေါင်း ၃၀၀၀ ကျော်ရှိပေမယ့် အားလုံးကို ဆန္ဒမဲပေးဖို့ ဖိတ်ကြားခြင်း မရှိပါဘူး။ အဲဒီအထဲကမှ ထောက်ခံမဲ ပေးမယ်လို့ ယုံကြည်စိတ်ချရတဲ့ သူတွေကိုသာ ခေါင်းခေါက် ရွေးချယ်ခဲ့ခြင်း ဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်းရှင်များကတော့ ကိုယ်ပိုင်ကားများနဲ့ လာရောက်မဲပေးကြပြီး၊ မဲပေးရာမှာလည်း ကန့်ကွက်မဲပေးလို့ မရအောင် ဆန္ဒမဲပေးဖို့ အမည်ဖြည့်စွက်တဲ့ အချိန်ကစပြီး မဲပုံးထဲကို မဲထည့်တဲ့ အချိန်အထိ ဗွီဒီယိုကင်မရာများ တပ်ဆင်ထားကာ နအဖသံမှူးနဲ့ အဖွဲ့က ပေါ်ပေါ်တင်တင်ကြီး ကြည့်ရှုတာခံရတယ် လို့လည်း ဖုန်းဆက်ခေါ်လို့ သွားရောက် မဲပေးခဲ့ရသူတဦးနဲ့ ဆက်သွယ် မေးမြန်းချက်အရ သိရပါတယ်။ အ၀င်ဝ တံခါးပေါက်မှာလည်း လုံခြုံရေးအတွက်လို့ဆိုကာ ဂျပန်ရဲများကို စောင့်ခိုင်းထားပြီး၊ ထောက်ခံမဲပေးဖို့ ဖိတ်ခေါ်ထားခြင်း မရှိတဲ့ မြန်မာနိုင်ငံသားများကိုတော့ ၀င်ခွင့်မပြုဖို့ မှာကြားထားပါတယ်။
ဓာတ်ပုံ - Mon Aung
ယနေ့ (၂၇-၀၄-၂၀၀၈) တနင်္ဂနွေနေ့ နံနက် ၉ နာရီခန့်မှ စတင်ကာ စင်္ကာပူရောက် မျိုးချစ်မြန်မာ ၅၀၀၀ ခန့်တို့ဟာ အနာဂတ် အမိမြန်မာနိုင်ငံတော်ကြီးမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ထွန်းကားစေရန်အတွက် စစ်အာဏာရှင်တွေရဲ့ မတရားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ဆန္ဒခံယူပွဲကို လက်မခံနိုင်ကြောင်း ပြသတဲ့ အနေနဲ့ “နိုး” တံဆိပ်ပါ အင်္ကျီအနီနဲ့ ဦးထုပ်အနီတို့ကို ၀တ်ဆင်ကာ စင်္ကာပူနိုင်ငံ မြန်မာသံရုံးဆီကို စည်းကမ်းတကျ သွားရောက်ခဲ့ကြပါတယ်။
သံဃာတော်အချို့ကလည်း ကိုယ်တိုင်မဲပေးခွင့် မရှိပေမယ့် တရားမျှတမှုရှိစေရန်အတွက် ကူညီစောင့်ရှောက် ပေးတော်မူခဲ့ကြပါတယ်။ မျိုးချစ်မြန်မာတို့ စည်းကမ်းရှိသလောက် သံရုံးဝန်ထမ်းတွေရဲ့ မဖွယ်မရာ ပြုမူဆက်ဆံမှုတွေကြောင့် အားလုံး စိတ်အနှောက်အယှက် ဖြစ်ကြရပါတယ်။ အထူးသဖြင့် ဆန္ဒမဲ လာရောက်ပေးကြတဲ့ ပြည်သူတွေကို အစပိုင်းမှာ ပတ်(စ်)ပို့ ပါရမယ်ပြောလို့ ပတ်(စ်)ပို့ကို ပြကြပါတယ်။ အဲဒီအခါ အခွန်ဆောင်ထားတဲ့ ပြေစာပြရမယ်လို့ ဆိုလာပြန်ပါတယ်။ ဒီလိုမျိုး တဖက်က လုပ်နေသလို အချို့သံရုံးဝန်ထမ်းများ အနေနဲ့ ခိုးကြောင်ခိုးဝှက် မှတ်တမ်းဗွီဒီယိုများ ရိုက်ကူးခြင်း၊ စင်္ကာပူရဲကို ကြိုအကြောင်းကြားကာ ရိုက်နှက်ဖြိုခွင်းမယ့်ဟန် ပြင်ဆင်ခြင်း စသဖြင့် လူတွေကို ခြိမ်းခြောက် သွေးတိုးစမ်းခဲ့ပါတယ်။
ဒါပေမယ့် မျိုးချစ်မြန်မာတွေအနေနဲ့ တဘက်က ယုတ်ကန်းတာကို ပြန်လည်မတုံ့ပြန်ဘဲ စည်းကမ်းတကျ စိတ်ရှည်လက်ရှည်နဲ့ ညနေ ၅ နာရီလောက်အထိ စောင့်ဆိုင်းခဲ့ကြပါတယ်။ ဒါ့ကြောင့် ဘယ်လိုဆူပူမှုမှ မဖြစ်ခဲ့ဘဲ အေးချမ်းစွာ ပြီးဆုံးသွားခဲ့ပါတယ်။ မဲမပေးကြရသေးတဲ့ မျိုးချစ်မြန်မာတွေအနေနဲ့လည်း နောက်နေ့ (၂၈ တနင်္လာနေ့) မှာ ဆက်လက် လာရောက်ပေးကြမယ်လို့လည်း သိရှိခဲ့ရပါတယ်။ အထူးသဖြင့် ဒီနေ့မှာ မြန်မာလူမျိုးတွေဟာ ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့သူတွေဖြစ်ကြောင်း သက်သေထူနိုင်ခဲ့ကြပါတယ်။ မည်သို့ပင် ဆိုစေ အခုလို စည်းကမ်းရှိကြတဲ့ မျိုးချစ်မြန်မာများအတွက် လေးစား ကျေနပ်မိပါကြောင်း ဂုဏ်ပြု မှတ်တမ်း တင်အပ်ပါတယ်ခင်ဗျား …။
နီသွေး (ဧပြီလ ၂၇၊ ၂၀၀၈)
1 comment:
ဒီမိုတွေကတော့ တကယ်ကို ငတုံးတွေပဲ . . . နအဖ ဘယ်ကစားကွက်ကို ကစားနေလဲ မသိပဲ … မစဉ်းစားပဲ စိတ်ထဲရှိတာတွေလုပ်နေတယ် … ပွဲပြီးတော့ ကြည့်သေးတာပေါ့ =P
Post a Comment