Monday, April 28, 2008

နိုင်စိတ်နဲ့ အောင်ပွဲခံရမယ်

ရွာဘေးက - သာအေး

(ဘလော့ဂ်ရဲ့ အာဘော်မဟုတ်၊ ရေးသူရဲ့ အာဘော်သာ ဖြစ်တယ်)

စစ်အစိုးက ညစ်နည်းမျိုးစုံသုံးပြီး အခြေခံဥပဒေကို အဓမ္မ အတည်ပြုလိမ့်မယ်။ နိုးဗုတ်ဖြစ်ဖြစ် ဗုတ်နိုးဖြစ်ဖြစ် မထူးပါဘူးလို့ မထူးဇာတ် ခင်းချင်တာတွေ၊ စစ်တပ်က အင်အားကြီးတယ်ဆိုပြီး စစ်မရောက်ခင် မြှားကုန် အကြောက်တရားနဲ့ လက်လျော့ချင်တာတွေ၊ တိုက်ပွဲဝင် အောင်ပွဲခံဖို့ နိုင်စိတ်မမွေးဘဲ၊ မူကြမ်းပျက်တော့လည်း ဘာများဖြစ်လာမှာလဲလို့ ရှုံးစိတ်ဝင်ချင်တာတွေ၊ ဒီအတွေးအခေါ် အားလုံးကို ဆေးကြော ခ၀ါချ၊ တိုက်ဖျက် သုတ်သင်ကြပါစို့လို့ တပ်လှန့် လိုက်ပါရစေ။

လက်ရှိ စစ်အစိုးရဟာ မိမိတို့ထက် အင်အား (ပါဝါ) ပိုကြီးတယ်ဆိုတာ မှန်ပါတယ်။ အတွင်းက ရဲဘော်တွေ ထောက်ပြသလိုရော၊ အပြင်က ဆရာ့ဆရာကြီးတွေ မိန့်ဆိုကြသလိုပါ ဖိနှိပ်သူ စစ်အစိုးရဟာ မိမိတို့ ဖိနှိပ်ခံ တော် လှန်နေသူတွေထက် ငွေကြေး လက်နက် နည်းပညာ အစစအရာရာ သာလွန်ပါပေတယ်။ တကယ်တမ်း စဉ်းစား ကြည့်ရင်တော့ မဆန်းပါဘူး။ သာလို့လည်း အုပ်ချုပ်သူ အာဏာရှင်က ဖိနှိပ်သူဖြစ်နေတာ မဟုတ်လား။ ဒါတွေက တရားသဘောပါ။ ဒီတရားကို သိလျက်နဲ့ တော်လှန်သူတွေက တော်လှန်ကြရတာ ဖြစ်တယ်။

၁၉၉၃-၉၄ လောက်ကတည်းက တွေ့ရတဲ့ မစ္စတာ ဘော့ဟယ်ဗီကြီးကို မာနယ်ပလောရော စခန်းသစ်ရော ကျဆုံးပြီးနောက်ပိုင်း ၁၉၉၇ မှာ ပြန်ဆုံဖူးတယ်။ သူက အများသိကြတဲ့ ( ပီဒီ ) ဆရာကြီးပါ။ သင်တန်းမှာ စစ်အစိုးရရဲ့ စစ်အင်အား၊ လက်နက်အင်အား၊ ဓနအင်အား တိုးတက်မှု အခြေအနေကို ဆယ်နှစ်စာလောက် ခုနှစ်အလိုက် ဂရပ်မျဉ်းများ ဇယားများနဲ့ တွက်ပြတယ်၊ အတက်ချည်းပဲ။ တော်လှန်ရေးဘက်ကိုလည်း ဆွဲပြတယ်၊ အဆင်းချည်းပဲ (သူ့မိတ်ဆွေ စစ်ရေးပါရဂူတဦး ပြုစုတဲ့ ကျမ်းစာအုပ်ထဲက သေချာတဲ့ အချက်အလက်တွေလို့ ဆိုတယ်)။ ပြီးတော့ ချုပ်တယ်။ ကြည့်ကြလော့၊ စစ်အစိုးရက တစထက်တစ အင်အားကြီးလာတယ်။ ခင်ဗျားတို့ က ကျပြီးရင်း ကျနေတယ်။ လက်နက်ကိုင်တိုက်ပွဲဖြင့် အောင်မြင်ရန်မရှိ။ ဒါကြောင့် နန်းဗိုင်အိုလင့် လုပ်ကြ … လို့ ပို့ချပါတယ်။

ကျနော်တို့က သူ့ကို အပြင်မှာတွေ့တယ် ။ စစ်အစိုးရနဲ့ ယှဉ်ရင် မိမိတို့မှာ အင်အား နည်းတာ မှန်တယ်။ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံတို့ ကြုံရတဲ့ တရားဖြစ်တယ်။ အင်အားကြီးသူကို ခံတိုက်နေတာ ရှိတာဆိုလို့ စိတ်ဓာတ်နဲ့ လူထုအင်အားသာ ဖြစ်တယ်။ စိတ်ဓာတ်နဲ့ လူထု ရှိနေသရွေ့ မိမိတို့ မရှုံး၊ တနေ့ နိုင်ရမယ်လို့ ခံပြောခဲ့တယ်။ ဆယ်နှစ်ကျော်ခဲ့ပါပြီ၊ လက်နက်ကိုင်လမ်းစဉ်နဲ့ အောင်ပွဲမခံနိုင်သေး၊ နန်းဗိုင်အိုလင့်နဲ့လည်း အောင်ပွဲ မယူနိုင်သေးပါ။ သို့သော် မိမိတို့လည်း မပြိုသွား မပျက်သွားပါဘူး။ ဒါကို သုံးသပ်ရရင် မိမိတို့ ရပ်တည်နေနိုင်တာဟာ စိတ်ဓာတ်နဲ့ လူထုကြောင့် ဖြစ်တယ်။ အောင်ပွဲနဲ့ ဝေးနေရတာက စိတ်ဓာတ်ရေးရာနဲ့ လူထုစည်းရုံးမှု အားနည်းနေချက် အဓိကဖြစ်တယ်။ စိတ်ဓာတ်ရေးရာနဲ့ လူထုပါဝင်မှုသာ အားကောင်းလာရင် အောင်ပွဲခံရပါလိမ့်မယ်။ ချုပ်ရရင် နည်းနာနဲ့ အင်အားဟာ အောင်ပွဲကို အဆုံးအဖြတ်ပေးတာ မဟုတ်၊ စိတ်ဓာတ်နဲ့ လူထုကသာ အောင်ပွဲကို အဓိက ပြဌာန်းတာလို့ ဆိုချင်ပါတယ်။

ယခု နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရတော့မယ့် အခြေခံဥပဒေ အတည်မဖြစ်ရေး တိုက်ပွဲမှာလည်း အတူတူပါပဲ။ စိတ်ဓာတ်နဲ့ လူထုအားဟာ အဓိကဖြစ်တယ်။ (ပြောနေ ဆိုနေကြတဲ့ နည်းနာနဲ့ အင်အားကိစ္စတွေက သီးခြား ဆွေးနွေးဖို့ ရှိကောင်းရှိပါမယ်)။ မိမိတို့မှာ စိတ်ဓာတ်နဲ့ လူထု အားကောင်းရင် ဒီတိုက်ပွဲ နိုင်ရမည်မှာ မလွဲပါ။
၁၉၇၃ ဆန္ဒခံယူပွဲတုန်းက မဆလ အောင်ပွဲခံသွားတယ်။ အဲဒီအချိန် ကျောင်းပြီးစ ကျနော်တို့တတွေ မဲရုံအဖွဲ့ဝင်အဖြစ် ၀င်ပါဖူးတယ်။ လက်နက်ကိုင်တော်လှန်ရေး စိုးမိုးတဲ့ နယ်မြေတွေအထိ ရောက်တယ်။ တော်လှန်ရေးအဖွဲ့တွေရဲ့ အသံတွေ အာဘော်တွေ မကြားရ မတွေ့ရဘူး။ လူထုက မထူးပါဘူးဆိုတဲ့ အတွေးနဲ့ အလေးအနက် မထားကြ၊ ငြိမ်နေကြတယ်။

ပြည်တွင်း မြေအောက်လုပ်ငန်းပင်လျှင် တဖွဲ့လောက်သာ လုပ်နိုင်တယ်။ ပီကင်း၊ အောည်အင်ဒီးယား၊ ဘီဘီစီ အသံလွှင့်ဌာနတွေသာရှိပြီး ထိထိရောက်ရောက် မလွှင့်နိုင်။ မီဒီယာဆိုတဲ့ စကားလုံးပင် မတွင်ကျယ်သေး၊ နယ်စပ်က အသံတွေကလည်း ပီပီပြင်ပြင်မရှိ၊ နိုင်ငံတကာ ဆိုတာကတော့ ဘဟားမားနဲ့ ဘားမားကို မှားကောင်းဆဲ၊ နိုင်ငံကြီးတွေက စစ်အေးတိုက်ပွဲပဲ စိတ်ဝင်စားနေတယ်။ ဒီလို အခြေအနေအောက်မှာ ၁၉၇၄ ဥပဒေ အတည်ဖြစ်သွားခဲ့တာပါ။ သို့တိုင်ပင်လျှင် လူသိရှင်ကြားတမျိုး လူသူမသိအောင်တဖုံ ဖမ်းရ ဆီးရ ထောင်ချရတွေ အများကြီး ဖြစ်ခဲ့ရပါသေးတယ်။

ကဲ … အဲဒီတုန်းကနဲ့ အခု အခြေအနေချင်း ယှဉ်ကြည့်ပါ။ လုံးဝနီးပါး ပြောင်းလွဲနေပြီဆိုတာ တွေ့ရပါမယ်။
ပြည်တွင်းမှာ မြေပေါ်ပါတီတွေ၊ မြေအောက် အဖွဲ့အစည်းတွေ၊ ကျောင်းသား ရဟန်းသံဃာလှုပ်ရှားမှုတွေ ရှိ နေတယ်။ အားလုံးလိုလို တက်ကြွနေတယ်။ လူထုလှုပ်ရှားမှု အရှိန်အဟုန်တွေ မကုန်သေးဘူး။ အလုပ်သမား၊ လယ်သမား၊ ၀န်ထမ်း၊ ရဲ၊ တပ်မတော်သားများပင်လျှင် နေသေးသပါ့ ခြုံထဲက ချိုသွေးတသ တမြမြ စောင့်နေကြတယ်။

လက်နက်ကိုင် အမျိုးသားအဖွဲ့အစည်းတွေကလည်း လူထုနဲ့ တသားတည်း ဖြစ်နေတယ်။ ကျနော်တို့ တောထဲရောက်စက၊ နယ်မြေရှိတဲ့ လက်နက်ကိုင် အမျိုးသားတော်လှန်ရေးအဖွဲ့တခုရဲ့ ယခုဥက္ကဌ တာဝန်ယူနေသူ ခေါင်းဆောင်တဦးက ပြောဖူးတယ်။ ၁၉၉၀ ရွေးကောက်ပွဲတုန်းက လူထုအများဆုံး မဲပေးမယ့် ပါတီတခုတည်းကို ၀ိုင်းထောက်ခံကြလို့ နယ်မြေလူထုကို ညွှန်ကြားလိုက်တယ် … တဲ့။ ခုတိုက်ပွဲမှာလည်း အဲသလို ဖြစ်နေဖို့ လိုတယ်။ ပြည်တွင်းမှာရှိတဲ့ မြေပေါ်တိုင်းရင်းသားပါတီတွေကိုလည်း ကြည့်ပါ။ အားလုံး အဆင်သင့် တွေ့ရလိမ့်မယ်။ ပတ်ပတ်လည် အိမ်နီးချင်းနိုင်ငံ ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ခ်ျ၊ နယ်စပ်အားလုံးမှာ တော်လှန်ရေး အဖွဲ့အစည်းတွေ ၀ိုင်းရံနေတယ်။ ကမ္ဘာ့နိုင်ငံ အများအပြားမှာ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုတွေ ရှိနေပြီ။ ဒီကာလဟာ မြန်မာ့ဒီမိုကရေစီရေးအပေါ် နိုင်ငံတကာရဲ့ ထောက်ခံမှုစာနာမှု အမြင့်ဆုံးအပိုင်းမှာ ရောက်နေချိန်ဖြစ်တယ်။ စစ်အစိုးရက ဘယ်လောက်ပဲ ပိတ်ပင်ပါစေ၊ ပြည်တွင်း ပြည်ပ ဆက်သွယ်ရေး မြန်ဆန်နေပါပြီ။ မီဒီယာခေတ်ကြီးထဲမှာ ပိတ်ချင်တိုင်း ပိတ်ဖို့ မလွယ်တော့ပါဘူး။

၁၉၇၄ ဆန္ဒခံယူပွဲ အခြေအနေနဲ့ ယနေ့ယှဉ်ရင် အဲသလောက် ကွာခြားသွားပါပြီ။ အသေးစိတ်ကို ကိုယ်တိုင် စဉ်းစားတွက်ချက်ကြည့်ပါ။ ယနေ့ ဒီတိုက်ပွဲဟာ လူထုဘက်က ဧကန်မုချ အနိုင်ရဖို့ အခြေအနေ အရပ်ရပ်က ပေးနေတာ ရှင်းရှင်းလင်းလင်း မြင်ရပါလိမ့်မယ်။

တခုတော့ ရှိတယ်။ ဒီအခြေခံဥပဒေမူကြမ်း အတည်မပြုရင် ဘာတွေဖြစ်လာနိုင်စရာ ရှိသလဲ။ စစ်အစိုးရ ဆင်းပေးမလား (သို့မဟုတ် ) အချိန်ဆွဲပြီး အာဏာကိုင်ထားဦးမှာလား။ ဘာတွေများ အပြာင်းအလဲ ဖြစ်လာမှာလဲ၊ ထူးမခြားနားပဲလား။ ထောက်ပြစရာတွေ ဖြစ်ပါတယ်။ သေချာတာကတော့ ဒီဥပဒေမူကြမ်း အတည်မဖြစ်တာနဲ့ ဒီမိုကရေစီ ချက်ချင်းရလာမှာ မဟုတ်ဘူး၊ စစ်အစိုးရလည်း ချက်ချင်းပြုတ်သွားမှာ မဟုတ်နိုင်ပါဘူး။ ခမ်းခမ်းနားနား ဆိုရရင် ခုတိုက်ပွဲက နည်းဗျူဟာ တိုက်ပွဲမျှသာဖြစ်တယ်။ မဟာဗျူဟာ စစ်ပွဲကြီး မဟုတ်သေးပါ။ ဆက်တိုက်ရပါဦးမယ်။ မဟာဗျူဟာစစ်ဆင်ရေးကြီး အောင်မှ အန္တိမ ရည်မှန်းချက်ဖြစ်တဲ့ ဒီမိုကရေစီပန်းတိုင်ကို အောင်ပွဲခံနိုင်မှာဖြစ်တယ်။ သို့သော် တိုက်ပွဲတခုဟာ စစ်ပွဲကြီးရဲ့ အထောက်အကူ ဖြစ်တယ်။ တိုက်ပွဲတခုပြီးတခု နိုင်သွားရင် စစ်ပွဲကြီးကို နိုင်တာပါပဲ။ တိုက်ပွဲတခုတည်း နိုင်လိုက်တာကနေ ရန်သူဖက်က ပြိုဆင်းပြီး စစ်ပွဲတခုလုံး အနိုင်ရလိုက်တာလည်း ရှိဖူးပါတယ်။

နအဖ ဖက်ကလည်း အခြေခံဥပဒအတည်မဖြစ်မှာ သိပ်စိုးရိမ်နေတာကို တွေ့နေရတယ်။ သိကြတဲ့အတိုင်း သူ့မှာ အကြပ်အတည်းတွေ များတယ်။ အဆိုးဆုံးက စီးပွားရေး။ အခြေခံဥပဒေ အတည်ဖြစ်သွားရင် သူ့ကို ၀ိုင်းပါယ်ထားတဲ့ နိုင်ငံကြီးတွေရဲ့ စီးပွားရေး အကူအညီ ပြန်ရလာဖို့ မျှော်လင့်ထားပုံရတယ်။ ဥပဒေ အတည်ပြု ဖြစ်ရင်တော့ တကယ်လည်း အဆက်အသွယ် ရသွားနိုင်စရာ ရှိတယ်။ ဒါကြောင့် သူ့အတွက် အရေးကြီးတယ်။ အဲသလိုပဲ ကျနော်တို့ ပြည်သူတွေဘက်ကလည်း အနာဂတ်ကို ဆုံးဖြတ်ပေးမယ့် သေရေးရှင်ရေးကိစ္စ ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ နိုင်အောင် တိုက်ကြရပါမယ်။

နိုင်အောင်တိုက်မယ်ဆိုရင် တကယ်ပဲ နိုင်စိတ်မွေးဖို့ လိုပါတယ်။ အထက်မှာ ဖေါ်ပြခဲ့သလို နိုင်ဖို့ကို အခြေအနေ အရပ်ရပ်က ပေးနေပါပြီ။ သို့လော သို့လောနဲ့ သံသယတွေပွားပြီး တွေဝေနေမယ်ဆိုရင် ရွှေပြည်တော် မျှော်တိုင်းဝေး ရလိမ့်မယ်။ ဒါကြောင့် … နိုးဗုတ်ဖြစ်ဖြစ် ဗုတ်နိုးဖြစ်ဖြစ် မထူးပါဘူးလို့ မထူးဇာတ် ခင်းချင်တာတွေ၊ စစ်မရောက်ခင် မြှားကုန် အကြောက်တရားနဲ့ လက်လျော့ချင်တာတွေ၊ မူကြမ်းပျက်တော့လည်း ဘာများဖြစ်လာမှာလဲလို့ ရှုံးစိတ် ၀င်ချင်တာတွေ၊ ဒီအတွေးအခေါ် အားလုံးကို ဆေးကြော ခ၀ါချ၊ တိုက်ဖျက် သုတ်သင်ပြီး နိုင်စိတ်ဖြင့် မဲရုံသွား နိုး ပေးကြပါစို့ဟု တပ်လှန့်လိုက်ပါရစေ။

ဒီတိုက်ပွဲမှာ လူတိုင်းဟာ ခေါင်းဆောင်ဖြစ်တယ်။

ရွာဘေးက - သာအေး

No comments: