Friday, April 11, 2008

ဆေးမြီးတို အလိုမရှိ

စံကွန့်

ကျနော်တို့ ‘ကန့်ကွက်မဲ’ ထည့်ကြရတော့မယ်။ မင်းက ကန့်ကွက်မဲ မထည့်ချင်ဘဲ ထောက်ခံမဲ ထည့်ချင်လို့ လားတော့ ဆန္ဒစောပြီး မျက်ထောင့်နီကြီးနဲ့ မကြည့်ပါနဲ့။

ကျနော်တို့ စဉ်းစားကြရမယ်။

NLD ကလည်း ကန့်ကွက်မဲကို သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ထည့်ကြပါလို့ ကြေညာချက် ထွက် လာတယ် (ကန့်ကွက်မဲ ထည့်ဖို့လောက်ကတော့ သိပ်သတ္တိရှိစရာ လိုမယ်မထင်ပါဘူးဗျာ)။ အမေရိကားက နိုင်ငံရေးပဏ္ဍိတ် အောင်ဒင်ကလည်း ကန့်ကွက်မဲ ထည့်ခြင်းသာလျှင် အကောင်းဆုံးနည်းလမ်းလို့ ဆိုနေပြန် ပါတယ်။

ခုတလော အင်တာနက်မှာ No Vote နဲ့ Vote No ပလူပျံနေတာ သတိထားမိကြပါလိမ့်မယ်။ ဆိုလိုတာက နအဖက ကျင်းပပေးမယ့် ဆန္ဒခံယူပွဲကို အသိအမှတ်မပြုဘဲ သွားရောက် မဲမပေးခြင်းနဲ့ မဲသွားပေးမယ် ကန့်ကွက်မဲ ထည့်မယ်ဆိုတဲ့ အစု(၂)စု ကွဲနေတယ်။

ကိုင်း … ဖြစ်နိုင်ခြေတွေ စဉ်းစားကြည့်ရအောင်။ သူတို့ရဲ့ ဆန္ဒခံယူပွဲကြီးကို အသိအမှတ်မပြုနိုင်လို့ မဲသွား မပေးဘဲ အိမ်ထဲမှာ အိပ်နေလည်း နအဖကတော့ သူ့ပွဲကိုသူ ပြီးအောင်လုပ်မှာပဲ။ အဲဒီမှာ သူတို့ရဲ့ အမာခံ ထောက်ခံမဲတွေ၊ ပြည်ပက ရောက်လာတဲ့ မဲတွေကို ထောက်ခံမဲလုပ်၊ ကျေးလက်က မသိနိုးနား တောသူ တောင်သားတွေကို ဟိန်းဟောက် ခြိမ်းခြောက်လို့ ရလာတဲ့ ထောက်ခံမဲတွေ၊ ယာယီမှတ်ပုံတင်ကတ်ပြား လုပ်ပေးသလိုလို သန်းခေါင်းစာရင်း လုပ်သလိုလိုနဲ့ ကြိုတင်မဲတွေကို ကလိန်ကကျစ်နည်းနဲ့ ထောက်ခံမဲလုပ် စသဖြင့်ပေါ့လေ … လိမ်နည်းမျိုး စုံလင်စွာနဲ့ ထောက်ခံမဲတွေ ဇွတ်လုပ်ယူလာပါလိမ့်မယ်။ အဲဒီတော No Vote ကလည်း သိပ်အဆင်ပြေမယ့် နည်းမဟုတ်သေးဘူး။

ဒီလိုဆိုတော့ Vote No လိုက်ကြရအောင် …။

အဲန်အယ်လ်ဒီရဲ့ တွန်းအားကြောင့် ဖြစ်ဖြစ် နိုင်ငံရေး အဖွဲ့အစည်းတွေရဲ့ လှုံ့ဆော်မှုကြောင့် ဖြစ်ဖြစ် မိမိရဲ့ ပုဂ္ဂလိက ခံစားမှုကြောင့်ပဲ ဖြစ်ဖြစ် တတိုင်းပြည်လုံး ၀ိုင်းပြီး No လိုက်ကြပြီ။ ကန့်ကွက်မဲက ၅၀ ရာခိုင်နှုန်းမက ရာနှုန်းပြည့်နီးပါးကို ရောက်သွားပါပြီတဲ့ ဘာဖြစ်လာမလဲ။ စစ်တပ်ကြီးက (သန်းရွှေတို့၊ မောင်အေးတို့က) ရှက်လွန်းလို့ဆိုပြီး ကျနော်တို့ စစ်တန်းလျား ပြန်ပါတော့မယ်လို့ ပြောမလား။ ဝေးပါသေး။ ကျနော်တို့ အချိန်ယူပြီး ဥပဒေပညာရှင်များနဲ့ ကျကျနန ရေးဆွဲထားတဲ့ မြန်မာနိုင်ငံ မြန်မာလူမျိုးနဲ့ အင်မတန် သင့်လျော်တဲ့ ဒီအခြေခံဥပဒေကြီးကို ပြည်တွင်းပြည်ပ နိုင်ငံရေးပယောဂနဲ့ အာဏာကို ဖြတ်လမ်းက လိုချင်သူတစုရဲ့ လှုံ့ဆော်မှုကြောင့် ပျက်ပြယ်သွားရပါပြီ။ ဒါကြောင့် အခြေခံဥပဒေအသစ်တခု ထပ်မံရေးဆွဲဖို့ တိုင်းရင်းသားလူမျိုးစု အသီးသီးမှ သင့်တော်သူများ၊ စစ်တပ်မှ တာဝန်ရှိသူများ၊ လူထုလူတန်းစား အလွှာအသီးသီးမှ ပုဂ္ဂိုလ်များ၊ လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနဲ့ ညှိနှိုင်းဆွေးနွေးပြီး အခြေခံဥပဒေမူကြမ်းကို ရေးဆွဲဖို့ အကြံပြုလိုပါတယ်ဆိုရင် နောက်ထပ် ၂၈နှစ် (သူတို့ဘာသာ ရေးဆွဲတာတောင် ၁၄နှစ်ကြာသေးတာ)။ လဲမှို့အိတ်ကြီး ဆူးလှည်းပေါ်တင်ပြီး မြစ်ဆိပ်မှာ သွားဖွင့်တာကမှ ရှင်းလို့ရချင်ရဦးမယ်။

လေးလေးနက်နက် စဉ်းစားရမှာက ကျနော်တို့ Vote No လိုက်လို့ ကန့်ကွက်မဲတွေ တသီကြီး ရလိုက်တာနဲ့ စစ်အစိုးရ အခြေယိုင်သွားမယ်လို့ ထင်သလား။ အထက်က ရေးခဲ့သလို နောက်အသစ်တခု ရေးကြတာပေါ့ ဆိုတာလောက်နဲ့ ပြီးမှာ။ ၉၀ခုနှစ်က ရွေးကောက်ပွဲရလဒ်ကိုတောင် မျက်နှာပြောင်တိုက်ရဲသေးတာ။ ဒီအခြေခံဥပဒေ အတည်မဖြစ်တာလောက်တော့ သူတို့ဘ၀မပျက်ပါဘူး။ ရှက်စရာလို့လည်း ထင်မှာမဟုတ်ဘူး။

အဲ … မတော်တဆပဲ ဖြစ်ဖြစ်၊ တမင်သက်သက် ညစ်နည်းမျိုး စုံလင်စွာနဲ့ ဖြစ်ဖြစ် သူတို့ရဲ့ ပကတိစရိုက်အတိုင်း ပြည်သူမကလို့ ကမ္ဘာလည်း သောက်ဂရုမစိုက်ဘူးဆိုပြီး ဒို့နိုင်တယ်လို့များ ကြေညာလိုက်ရင် ထောက်ခံမဲ ဘယ်နှစ်ရာခိုင်နှုန်းဆိုတာ ဘယ်သူ့ပါးစပ်ထဲမှာမှ မရှိဘူး။ ဗိုလ်သန်းရွှေ ထွက်ခိုင်းတဲ့ ကိန်းဂဏန်းကို ထွက်ပြရမှာ။ အဲဒီကျမှ မဲရုံသွားပြီး Vote No ထည့်ခဲ့တဲ့ လူတွေ ရင်ပတ်စည်တီးနဲ့ ဒို့မှားပြီလို့ နောင်တရကြမယ်ဆိုရင်ဖြင့် သိပ်နောက်ကျသွားပြီ။

အဲဒီအခါကျ ပြည်သူတွေ စစ်ဖိနပ်အောက် တရားဝင် ပြားပြားမှောက်ရပြီ။ NLD ကို ရာဇ၀င်ထဲမှာ ထားရစ်ခဲ့တော့။ အဲဒီကျမှ မကျေနပ်ဘူး ဆူကြမယ် ပူကြမယ်ဆိုရင်ဖြင့် နအဖက အပေါ်စီးက၊ သဘောထားကြီးစွာနဲ့ ဆန္ဒခံယူပွဲကို သန့်သန့်ရှင်းရှင်း ကျင်းပပေးပါလျက်နဲ့ ပြည်သူအများစုကြီးက ထောက်ခံပါလျက်နဲ့ ဆူပူလိုသူအချို့နဲ့ အာဏာကို ဖြတ်လမ်းက ရယူလိုသူ အမေရိကန်မျှော်တစုက ဆူပူကြခြင်းသာ ဖြစ်ပါတယ်ဆိုရင်ဖြင့် ကုလသမဂ္ဂ အပါအ၀င် တကမ္ဘာလုံး ပါးစပ်အဟောင်းသား ဖြစ်ကြရပါလိမ့်မယ်။

ကျနော်တို့ လေးလေးနက်နက် စဉ်းစားကြရမယ်။ တကယ်သရုပ်ဆောင် တယောက်တောင် ရေးလာတဲ့ ဇာတ်ညွှန်းကြီးကို မကြိုက်ရင် သရုပ်မဆောင်ဘဲ ငြင်းနိုင်တယ်။ ခုဟာ စစ်တပ်က အစီအစဉ်ရှိရှိ အကွက်စေ့စေ့ လုပ်လာတဲ့ မရိုးမသား ဇာတ်ညွှန်းကြီး။ ဒါကို ကျနော်တို့ ငြင်းပယ်ခွင့် ရှိတယ်။ ပါဝင်ကပြပြီးလ No တွေ တလှေကြီးနဲ့ သူတို့မအောင်မြင်လိုက်လည်း သူတို့အနေအစား မပျက်ပါဘူး။ ဗိုလ်နေမြဲ ကျားနေမြဲပါပဲ။ သိက္ခာနည်းနည်း ကျတာကလွဲလို့ (နဂိုကလည်း သိက္ခာတပြားမှ မရှိတော့ သိပ်တော့ မထူးပါဘူး)။ နူနေတဲ့လူ ညှင်းကွက်လေးတကွက် ပိုတိုးလာတာလောက်ပဲ ရှိတာပါ။

အဲ … သူတို့ နဂိုက ရည်ရွယ်ချက်ရှိပြီး ဖြစ်တဲ့အတိုင်း ‘YES’လို့များ ကြေညာလိုက်ပြီ၊ အခြေခံဥပဒေကြီး အတည်ပြုလိုက်ပြီ ဆိုရင်တော့ ကျနော်တို့တတွေ သားသတ်ရုံရောက်တဲ့ သိုးငယ်လေးတွေလို လည်သာစင်းပေးလိုက်ပေတော့။

ဒါကြောင့်ချုပ်ပြီး ပြောရရင် ဒီဆန္ဒခံယူပွဲကြီးကို သပိတ်မှောက်ပြီး ဆန္ဒမဲသွားမပေးဘဲနေရင် ကန့်ကွက်မဲ လျော့သွားတဲ့အတွက် နအဖ စိတ်ချမ်းသာတယ်။ No တွေ များတယ်လို့ ရလဒ်ထွက်လာလည်း နအဖအဖို့ သိပ်အကြောင်းထူး မထင်ဘူး။ နောက်ထပ် အခြေခံမူကြမ်းတခု ထပ်ဆွဲကြတာပေါ့ဆိုတာလောက်နဲ့ ပြီးသွားမယ်။ အဲ YES သာ အတည်ဖြစ်သွားရင်တော့ ပြည်သူတွေရဲ့ ကံကြမ္မာဟာ စဉ်းစားရဲစရာ မရှိဘူး။

ဒါကြောင့် ဒီဆန္ဒခံယူပွဲ အထမြောက်သွားရင် ပြည်သူဘက်က ဘာအကျိုးကျေးဇူးမှ ထူးထူးထွေထွေ ခံစားရစရာ အကြောင်းမရှိတဲ့အပြင် RISK က သိပ်ကြီးပါတယ်။ တကျပ်နဲ့တရာ လောင်းကြေးထပ်သလိုမျိုး ဖြစ်နေတယ်။

နောက်စဉ်းစားရမယ့် ကိစ္စတခုက ဒီဆန္ဒခံယူပွဲဟာ သန့်သန့်ရှင်းရှင်း မျှမျှတတ ဖြစ်နိုင် မဖြစ်နိုင်၊ နည်းနည်းပါးပါး စဉ်းစားတွေးခေါ် ဆင်ခြင်တတ်တဲ့ လူပဲဖြစ်ဖြစ် စစ်တပ်ရဲ့ ၁၉၈၈ မှသည် ၂၀၀၈ အထိ လျှောက်လှမ်းခဲ့တဲ့ သမိုင်းတလျှောက် ဘာတွေလုပ်ခဲ့တယ်။ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ပြန်ငဲ့စောင်းကြည့်လို့ပဲ ဖြစ်ဖြစ်၊ ကျနော်တို့ သေသေချာချာကြီး ပြောနိုင်တာတခုက ဘယ်လိုနည်းနဲ့မှ လွတ်လပ်ပြီး တရားမျှတတဲ့ ဆန္ဒခံယူပွဲဖြစ်မှာ မဟုတ်ဘူးဆိုတာပါပဲ။ ကမ္ဘာ့ဘယ်နိုင်ငံမှာမဆို ရွေးကောက်ပွဲတို့ ဆန္ဒခံယူပွဲတို့ဆိုတဲ့ ပြည်သူတွေနဲ့ တိုက်ရိုက်ထိတွေ့ရတဲ့ ပွဲတွေမှာ မတော်မတရားတာတွေရှိရင် တိုင်ဖို့တောဖို့ လိပ်စာ အတိအလင်း ပေးရတယ်။ ဖုံးနံပါတ် ပေးရတယ်။

လူဦးရေ သန်း ၅၀ကျော်ရဲ့ သေရေးရှင်ရေးတမျှ အရေးကြီးတဲ့ ကိစ္စကြီးကို အချိန်လေး (၂)လလောက်ယူပြီး ဆောင်ရွက်တာရယ်၊ နိုင်ငံခြားက လေ့လာသူတွေ၊ အကဲဖြတ်တွေ၊ သတင်းထောက်တွေ ၀င်ခွင့်မပေးတာရယ်၊ ခုထိ မဲရုံကြီးကြပ်မယ့်သူ၊ မဲရေတွက်မယ့်သူ၊ မဲပေးပုံ - မဲစာရွက် တိတိကျကျ မထုတ်ပြန်သေးတာရယ်၊ လွတ်လပ်ပြီး သန့်ရှင်းမျှတတဲ့ ဆန္ဒခံယူပွဲ ဖြစ်ရပါစေမယ်ဆိုတဲ့ ကတိက၀တ် မရှိတာရယ်၊ မတော်မတရားတာတွေ့ရင် ဘယ်ကိုတိုင်နိုင်ပါတယ်ဆိုတာ မပါတာရယ် စတဲ့အချက်တွေကို ခြုံငုံသုံးသပ်လိုက်ရင် နအဖက အလုံးလုံး အထွေးထွေးနဲ့ သူတို့လိုချင်တဲ့ ရလဒ်တခုရ ပြီးရောဆိုတဲ့ ဆန္ဒတခုကိုပဲ ဦးတည်ပြီး ‘ပြီးကပျစ်’လုပ်မယ်ဆိုတာ သေချာပါတယ်။

ဒီပွဲမှာ သူတို့အမြဲအားကိုးတဲ့ တရက်(၃)ထောင်စား ကြံ့ဖွတ်တို့ စွမ်းအားရှင်တို့ကို လှလှပပကြီး အသုံးချလာပါလိမ့်မယ်။ ဘာခံယူချက်မှ မရှိဘဲ တက်လာတဲ့ အစိုးရကို အူယားဖားယား လျက်တတ်တဲ့ ပလပ် ပလပ် လို့ခေါ်တဲ့ ရုပ်ရှင်၊ သဘင်၊ ဂီတဘက်က အစုတ်ပလုတ်များကိုလည်း အသုံးချလာပါလိမ့်မယ်။ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း သူကောင်းပြုခြင်း ခံထားရတဲ့ နိုင်ငံရေးနယ်ပယ်က နိုင်ငံရေး ၀ဲစားမျိုး၊ စာနယ်ဇင်းလောကက အရိုးအယွင်းကိုက်များကလည်း ၀င်ရောက်ပံ့ပိုးပေးကြပါလိမ့်ဦးမယ်။

ခုခေတ်က အင်တာနက်ခေတ်၊ မီဒီယာခေတ်ဆိုတော့ သူသူငါငါ အင်တာနက်ပေါ်မှာ ၀င်လက်ဆော့လို့ရတဲ့ ခေတ်ဆိုတော့ ၀ါကျတကြောင်း ဖြောင့်အောင်မရေးတတ်တဲ့ သူကလည်း ၀င်ရေး၊ ဘာတခုမှ ရေရေရာရာ မသိဘဲ အင်တာနက်ပေါ်မှာ ၀င်ဟောင်နေတဲ့ နိုင်ငံရေးက၀ိတွေကလည်း အများသား။ တလောက ဟိုဟိုဒီဒီ လျောက်ဖတ်ရင်း ဒေါက်တာနေ၀င်းမောင်ဆိုသူ ပြည်တွင်းက မဂ္ဂဇင်းတခုရဲ့ အယ်ဒီတာတဲ့၊ စစ်အုပ်စု မျိုးဆက်သစ်ထင်ပါရဲ့။ ဒေါ်စုကို ဆုံးမနေတာ။ သဘောထားကြီးပြရမယ်။ ဘာမယ်ပြောနေတာ။ တခုတော့ မေးလိုက်ချင်တယ်။ ‘သဘောထားကြီးတယ်’ဆိုတဲ့ စကားရဲ့ အနက်အဓိပ္ပါယ်ကို ကောင်းကောင်းသိရဲ့လားလို့။ သူ့အရပ်နဲ့ သူ့ဇာတ်လို့ပဲ ပြောပါရစေတော့။ မြင်းစီးလို့ အထီးမှန်း အမမှန်း မသိတဲ့ ပုဂ္ဂိုလ်တစုကလည်း အင်တာနက်ပေါ် တင်ပေးလာတော့ အိပ်ရေးပျက်တာပဲ အဖတ်တင်ပါတယ်။

ကိုင်း … ချုပ်ကြပါစို့။
နိုင်လို့လည်း ဒိုင်းမရ၊ ရှုံးရင်လည်း သေဒဏ်အပေးခံရမယ့် ဒီလိုပွဲမျိုးမှာ No Vote နဲ့ Vote No တွေနဲ့ ဘာကိစ္စ တွေဝေနေကြမှာလဲ။ ကိုယ်ယုံကြည်ရာကို နှမ်းတစေ့ အတိမ်းအစောင်း မခံဘူးဆိုရင် နဂိုက ချမှတ်ထားတဲ့ မိမိလမ်းစဉ်အတိုင်း စစ်အစိုးရ ပြုတ်ကျရေး၊ အာဏာရှင် အမြစ်ပြတ်ရေးသာလျှင် မိမိတို့ရဲ့ ပန်းတိုင်၊ စစ်အစိုးရ မကြားရဲ မမြင်ရဲတဲ့ လူထုအုံကြွမှုသာလျှင် တခုတည်းသော ထွက်ရပ်လမ်း။

သေချာတာတခုကတော့ စစ်အစိုးရ ဖြုတ်ချရေးမှာ ဖြတ်လမ်းမရှိပါဘူး။ အာဏာရှင်စနစ် အမြစ်ပြတ်ရေးမှာ ဆေးမြည်းတို မရှိပါဘူး။ စစ်အစိုးရ လှည့်ကွက်ထဲ ‘ငိုင်’မသွားဖို့ အရေးကြီးပါတယ်။

စံကွန့်

2 comments:

Kyant-Phont-Mone said...

This is very true.
I cannot agree more.
Let's use all our energy to eradicate the brutal military regimen.

maryar said...

Ko sankont...
You are a very intelligent antigoverment writer. You have approved 100% that this goverment got some kind of dirty and unacceptable minded towards our people. So all the burmese people please think carefully for this referendum.