Wednesday, April 9, 2008

ကြွေလွင့် ကြယ်တစ်ပွင့်

မဆုမွန်

အခုတလော ကြယ်တွေ သိပ်ကြွေလွန်းတယ်….
နက်မှောင်နေတဲ့
ဟော့ ဟိုကောင်းကင်ကြီးမှာပေါ့ …
ပိန်းပိတ်နေတဲ့ကြားက အလင်းလက်ဆုံး တောက်ပနေလိုက်ကြတာ
တချို့ကြယ်စင်တွေ အလင်းဆုံး တောက်လောင်ပြီးမှ ကြွေကျသွားတယ် …
အခုတလော ကြယ်တွေကြွေလိုက်တာ …

အခုတလော နွေနေကလည်း သိပ်ပူလွန်းတယ်
ပူပြင်းလောင်ကျွမ်းနေတဲ့
ဟော့ဟို မြန်မာပြည်ဘက်ခြမ်းမှာပေါ့ …
မြန်မာ့မူ မြန်မာ့သွေး မြန်မာ့အရေး အမြဲရှေ့တန်းကပါတဲ့
အဲ့ဒီမန္တလာမှာ လောင်ခဲ့သမျှ ... မီးထဲမှာ … ဒီအပူမီး အကြီးဆုံးပဲ ...
ကျမျက်ရည်တွေဆိုတာလည်း ငြှိမ်းလို့ကို မနိုင်ဘူးတဲ့ …
အခုတလော မီးတွေလောင်လိုက်တာ …

အမေ ...
ကွဲလွဲမူတွေ သိပ်များလွန်းတဲ့ ဒီနေရာမှာ တူညီမူက တစ်ခုတည်းရှိတယ် ...
အားလုံးရဲ့ တူညီတဲ့ နှုတ်ဖျားကထွက်တဲ့ နာမ်စားက
အားလုံးအတွက်
ငါတို့အမေ … တဲ့
အမေ … ငြိမ်းချမ်းတဲ့ ဘုံဘ၀မှာ အေးချမ်းစွာ အနားယူနိင်ပါစေ …။ ။

အမေ့ရှေးစကားနဲ့ လူဖြစ်လာတဲ့ …
သမီး မဆုမွန်

ဒီဇိုင်း - သီဟမောင်မောင်
အသုဘရှု ဖိတ်ကြားလွှာ
မန္တလေးမြို့၊ ၃၂ လမ်း၊ ဂုန္တန်ဆေးရိုးဝင်းနေ ဦးထင်+ဒေါ်စု တို့၏ သမီး၊
နဂါးဒေါ်ဦး ၏ ညီမ၊ ဦးလှဖေ+ဒေါ်တင်တင်၊ ဦးကျော်စိန်+ဒေါ်ကြင်ကြင်၊ ဦးမောင်လေး+ဒေါ်ခင်လှမြင့်၊
ဒေါက်တာ ဦးခင်မောင်အေး+ဒေါက်တာဒေါ်ကြည်စိန် တို့၏ အစ်မ၊
ဦးစိုးဝင်း၊ ဦးခင်ဂျက်ဝင်း+ဒေါက်တာ သန်းရင်မာ (ဒေါက်တာ မြမဉ္ဇူ)၊ ဦးဖိုးသံချောင်း၊ ဒေါ်တင်ဝင်း၊
ဦးငြိမ်းချမ်း(ညီပုလေး)+ဒေါ်တင်တင်ဝင်း တို့၏ မွေးသမိခင်
မစုစုမာ၊ ကိုဘိုဘို၊ မဖြူပြာ၊ မလင်းလင်းမွန်၊ မောင်အောင်ဘာလေ၊ မရွှေပြည်စိုး တို့၏ အဖွား
လူထုဦးလှ ၏ ဇနီး
လူထုဒေါ်အမာ (၉၃)နှစ် သည်
၁၃၆၉ ခုနှစ်၊ တန်ခူးလဆန်း (၂)ရက်၊ ၇-၄-၂၀၀၈ (တနင်္လာနေ့) နံနက် (၀၈း၃၇) နာရီအချိန်တွင်
ဘ၀တပါးသို့ ကူပြောင်းကွယ်လွန်သွားပါသဖြင့် ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်ကို
၁၃၆၉ ခုနှစ်၊ တန်ခူးလဆန်း (၄)ရက်၊ ၉-၄-၂၀၀၈ (ဗုဒ္ဓဟူးနေ့) နံနက် (၁၀း၀၀) နာရီအချိန်
အိမ်အမှတ် ၂၆၅၊ ၃၂ လမ်း၊ ၈၃x၈၄ လမ်းကြား နေအိမ်မှ ကြာနီကန်သုဿာန်သို့
ပို့ဆောင်မီးသင်္ဂြီုဟ်မည် ဖြစ်ပါ၍ အသုဘရှု လိုက်ပါ ပို့ဆောင်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
ကျန်ရစ်သူ မိသားစု

No comments: