(၂၀၀၅ ခုနှစ် အောက်တိုဘာလထုတ် ခေတ်ပြိုင်ဂျာနယ်မှ ဆောင်းပါးကို ပြန်လည်တင်ဆက်ခြင်း ဖြစ်ပါသည်။)
တကယ်တော့ မြန်မာနအဖအစိုးရဟာ နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ ခပ်ခွာခွာနေလိုတဲ့၊ အစိုးရအဖွဲ့တဖွဲ့မှာ ရှိရမယ့် စံချိန်စံညွှန်းတွေ မပြည့်မီတဲ့၊ ခေတ်နောက်ကျကျန်နေတဲ့ စစ်အာဏာရှင် အစိုးရတရပ်သာ ဖြစ်တယ်။ မြန်မာစစ်အာဏာရှင်တွေရဲ့ ဆန္ဒက ပြည်သူလူထုကို လက်နက်အားကိုးနဲ့ ရက်ရက်စက်စက် ဖိနှိပ်ပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ ခပ်ကင်းကင်း နေထိုင်ကာ ရေရှည် အုပ်စိုးသွားလိုတာ ဖြစ်တယ်။ ဒါပေမယ့် တနေ့တခြား တိုးတက်ပြောင်းလဲနေတဲ့ ကမ္ဘာကြီးရဲ့ အနေအထားအရ (သူတို့ဘာသာ တသီးတခြား နေလိုသော်ငြားလည်း) အထီးကျန်ဆန်ဆန် နေချင်လို့ မရတဲ့ အခြေအနေတွေ ဖြစ်ပေါ်လာတာကြောင့် စစ်အာဏာရှင်တွေခမျာ အခက်ကြုံနေရပြီ ဖြစ်တယ်။
အိုင်တီကြောင့် အခက်တွေ့ရတဲ့ နအဖ
ယနေ့အချိန်အခါမှာ အင်ဖော်မေးရှင်း တက်ခနော်လော်ဂျီတွေ အလျင်အမြန် တိုးတက်လာနေတဲ့အတွက် ကမ္ဘာကြီးဟာ ကျဉ်းသထက် ကျဉ်းလာတဲ့ အနေအထားမျိုး ဖြစ်လာတယ်။ သတင်းမီဒီယာတွေရဲ့ တင်ဆက် မှုတွေကလည်း အရင်တုန်းကထက် ပိုပြီး အဆင့်မြင့်လာတဲ့အတွက် ကမ္ဘာကြီးရဲ့ တနေရာမှာ ဖြစ်ပျက်နေတဲ့ သတင်းကို အခြားဘယ်နေရာကမဆို အချိန်တိုအတွင်း ကြားသိနိုင်တဲ့ အခြေအနေကို ရောက်ရှိလာတယ်။ အင်တာနက် သတင်းဝက်ဘ်ဆိုက်တွေ ပေါ်လာတယ်။ ကွန်ပျူတာရှိပြီး အင်တာနက် ချိတ်ဆက်နိုင်တဲ့ သူတွေက ကိုယ်ကြည့်ချင်တဲ့ သတင်းဝက်ဘ်ဆိုက်ကို အချိန်မရွေး ၀င်ကြည့်လို့ ရလာတယ်။
ဂြိုလ်တုစလောင်း တပ်ဆင်နိုင်တဲ့ သူတွေကလည်း ရုပ်မြင်သံကြားလိုင်းတွေကတဆင့် သတင်းတွေကို ဖမ်းယူကြည့်ရှုလို့ ရလာတယ်။ ရေဒီယိုရှိတဲ့ သူတွေကလည်း ရေဒီယို အသံလှိုင်းတွေကတဆင့် သတင်းတွေကို အလွယ်တကူ ဖမ်းယူနားဆင်လို့ ရလာတယ်။ အဲဒီလို အိုင်တီနည်းပညာတွေ တိုးတက်လာမှုကြောင့် နအဖ စစ်အစိုးရအနေနဲ့ သူတို့ရဲ့ ယုတ်မာ ကောက်ကျစ် ရက်စက်တဲ့ မဟုတ်မဟတ် လုပ်ဇာတ်တွေကို သတင်းမှောင်ချပြီး ဖုံးဖိထားဖို့ ကြိုးစားလို့ မရတော့တဲ့ အနေအထားတွေ ဖြစ်လာတယ်။ ဒါဟာ ဒီမိုကရေစီရေးလှုပ်ရှားမှု အင်အားစုတွေအတွက် အားသာမှုကို ဖြစ်စေတယ်။
ပြည်ပမီဒီယာတွေရဲ့ တိုက်စစ်နဲ့ နအဖရဲ့ခုခံမှု
ဒါပေမယ့် နအဖ စစ်ရာဇ၀တ်ကောင်တွေကလည်း သူတို့ရဲ့ ဥာဏ်အမြင် တမိုက်တထွာလောက်နဲ့ နိုင်ငံ တကာ သတင်းမီဒီယာတွေကို အံတုဖို့ ကြိုးစားဆဲပါပဲ။ သူတို့ရဲ့ အံတုနည်းကတော့ သူတို့သုံးနေကျ နည်းလမ်းဟောင်းကြီးဖြစ်တဲ့ များများလိမ်တဲ့ နည်းပါပဲ။ သူတို့ရဲ့ လက်ကိုင်တုတ် အဖွဲ့အစည်းတွေဖြစ်တဲ့ ကြံ့ဖွံ့၊ အမျိုးသမီးရေးရာနဲ့ စစ်ပြန်စစ်မှုထမ်းဟောင်း အဖွဲ့ဝင်တွေကို လိမ်ညာစာတမ်းတွေ ဖတ်ခိုင်း၊ လိမ်ညာထောက်ခံဆန္ဒပြပွဲတွေ ပြုလုပ်ခိုင်းပြီး သူတို့ပိုင် မီဒီယာတွေဖြစ်တဲ့ သတင်းစာ (၃)စောင်၊ ရုပ်မြင်သံကြားလိုင်း (၂)ခုကနေ အချိန်ကုန်ခံ လွှင့်ထုတ်ပေးတာပဲ ဖြစ်တယ်။ ဒါ့အပြင် နအဖစစ်အစိုးရဟာ ပြင်ပပုဂ္ဂလိက စာနယ်ဇင်းတွေကို အတင်းအကျပ် ဖိအားပေးပြီး သူတို့ရဲ့ ၀ါဒဖြန့်ချိရေး ကြွေးကြော်သံတွေ၊ အလိမ်အညာ သတင်းဆောင်းပါးတွေကို ဖော်ပြခိုင်းတယ်။ သူတို့အပေါ် လိုလိုလားလား မထောက်ခံတဲ့ တက္ကသိုလ် ကျောင်းဆရာ ဆရာမတွေကို အတင်းအကျပ် ထောက်ခံ ဟောပြောခိုင်းတာတွေလည်း လုပ်လာပါတယ်။ ဒါပေမယ့် အဲဒီလိမ်တဲ့နည်းဟာ နိုင်ငံတကာ သတင်းမီဒီယာတွေရဲ့ ထိုးနှက်မှုကို အလူးအလဲ ခံရဖန်များလာတဲ့နောက် (ပြည်သူတွေအနေနဲ့ သူတို့ဖုံးဖိထားတဲ့ သတင်းတွေကို နိုင်ငံတကာ မီဒီယာတွေရဲ့ လွှင့်ထုတ်မှုကနေ အမှန်အတိုင်း ကြားသိရတဲ့နောက်) မြန်မာစစ်ရာဇ၀တ်ကောင်တွေ အနေနဲ့ ပြည်တွင်းပြည်ပက လူတွေအားလုံးရဲ့ အယုံအကြည် ကင်းမဲ့မှုကိုသာ တိုးလို့ ခံယူနေရပါတော့တယ်။
ပြည်ပသတင်းမီဒီယာတွေရဲ့ အကျိုးကျေးဇူး
သတင်းမီဒီယာတွေရဲ့ ကျေဇူးကြောင့် နအဖ စစ်အာဏာရှင်တွေရဲ့ ဒီပဲယင်းလူသတ်ပွဲကြီး အကြောင်းကို နိုင်ငံတကာက ချက်ချင်း သိရှိသွားတယ်။ အလားတူ ပြည် - အောင်လံ ကားလမ်းဖောက်လုပ်ရေးမှာ အဓမ္မ လုပ်အားပေး ခိုင်းစေခံရမှုကြောင့် သေဆုံးသွားခဲ့ရတဲ့ မကွေးတိုင်း အောင်လံမြို့နယ် ငပြင်းရွာသား ကိုဝင်းလွင်ရဲ့ အမှု၊ နအဖ စစ်ကြောရေးစခန်းမှာ ညှဉ်းပန်းနှိက်စက် ခံရမှုကြောင့် သေဆုံးသွားပြီး အလောင်းပါ ဖျောက်ဖျက်ခံခဲ့ရတဲ့ လှိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ် ကိုအောင်လှိုင်ဝင်းရဲ့ အမှုကိစ္စ၊ အဓမ္မ လုပ်အားပေး ခိုင်းစေခံရမှုနဲ့ ပတ်သက်ပြီး ကျေးရွာအာဏာပိုင်တွေကို တရားစွဲဆို အနိုင်ရခဲ့တဲ့ ကော့မှူးမြို့နယ် ထန်းမနိုင်ရွာသူ သတ္တိခဲ မစုစုနွေးရဲ့ သတင်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေကို အပြစ်မရှိ အပြစ်ရှာပြီး ဖမ်းဆီးထောင်ချနေတဲ့ သတင်းတွေ၊ တိုင်းရင်းသား လူမျိုးစုတွေအပေါ် အနိုင်ကျင့် နှိပ်စက်နေတဲ့ သတင်းတွေ၊ အကျဉ်းထောင်တွေထဲမှာ ညှင်းပန်းနှိပ်စက်နေတဲ့ သတင်းတွေ … စတဲ့ ဖိနှိပ်ရက်စက်မှုတွေကို နအဖ စစ်အစိုးရအနေနဲ့ ဖုံးဖိထားလို့ မရတော့ဘဲ သတင်းမီဒီယာတွေရဲ့ အလျင်အမြန် တင်ဆက်မှုကြောင့် နိုင်ငံတကာက ချက်ချင်းသိတဲ့ အနေအထားကို ရောက်ခဲ့တယ်။ အဲဒီအခါမှာ နအဖစစ်အစိုးရဟာ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ နိုင်ငံရေး၊ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ ဖိအားပေးမှုတွေကို ပြင်းပြင်းထန်ထန် ခံလာရတဲ့အတွက် သူတို့ စိတ်ထင်သလို ဖိနှိပ်လို့မရနိုင်တော့ဘူး ဆိုတာကို သဘောပေါက်လာပုံရတယ်။
ကြံရာမရတဲ့ နအဖရဲ့ လုပ်ရပ်
အဲဒီလို သဘောပေါက်လာပြီးတဲ့နောက် နအဖ စစ်အစိုးရဟာ ကျားနာလို မဲမဲမြင်ရာ ခဲချင်တဲ့ လုပ်ရပ်မျိုးတွေ လုပ်လာတော့တယ်။ သူတို့သတင်းမှောင်ချပြီး ဖုံးဖိထားတဲ့ သတင်းတွေကို အလျင်အမြန် လွှင့်ထုတ်ပေးနေတဲ့ ဘီဘီစီ၊ ဗွီအိုအေ၊ အာအက်ဖ်အေ၊ ဒီဗွီဘီ အသံလွှင့်ဌာနတွေက အသံလွှင့်တာတွေကို ဖမ်းယူနားထောင်တဲ့ ပြည်သူတွေကို ဖမ်းဆီးတာတွေ လုပ်လာတယ်။ အင်တာနက်မှာ ပြည်ပက မြန်မာဒီမိုကရေစီ အင်အားစုတွေ တင်ထားတဲ့ သတင်းဝက်ဘ်ဆိုက်တွေကို ပြည်တွင်းက လူထုတွေ ဖတ်ခွင့်မရအောင် ပုဂံဆိုက်ဘာတက်ခ် ကတဆင့် ပိတ်ဆို့တာတွေ လုပ်လာတယ်။ မကြာသေးမီကလည်း ဒီမိုကရက်တစ် မြန်မာ့အသံက ထုတ်လွှင့်တဲ့ ဒီမိုကရေစီ လှုပ်ရှားမှု ရုပ်သံလွှင့် အစီအစဉ်တွေကို ပြည်သူတွေ ဖမ်းယူကြည့်ရှုမှာ စိုးတဲ့အတွက် ပြည်တွင်းမှာ တပ်ဆင်ထားတဲ့ ဂြိုဟ်တုစလောင်းတွေကို လိုင်စင်သက်တမ်း တိုးမပေးတော့ဘူး၊ လိုင်စင်အသစ် ထပ်မလုပ်ပေးတော့ဘူး ဆိုတဲ့ ကြေညာချက်တွေ ထုတ်လာတယ်။
ဒါ့အပြင် နအဖ ပြန်ကြားရေးဌာနက ပြည်ပမီဒီယာတွေကို မီဒီယာနဲ့ ပြန်တုန့်ပြန်ဖို့ဆိုပြီး သူတို့ရဲ့ လက်ကိုင်တုတ် ကြံ့ဖွံ့အဖွဲ့ဝင်တွေကို မီဒီယာသင်တန်းပေးတာတွေ လုပ်လာတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် နအဖ စစ်အစိုးရဟာ ပြည်ပသတင်းမီဒီယာတွေရဲ့ ထိရောက်တဲ့ သတင်းထုတ်လွှင့်မှုတွေကို အထူးစိုးရိမ်ကြောက် လန့်နေတယ်ဆိုတာ ပေါ်လွင်တယ်။ တနည်းအားဖြင့် နအဖဟာ အမှန်တရားတွေ (သူတို့ရဲ့ ဖိနှိပ်မှု အဖြစ်မှန်တွေ) ကို ပြည်သူတွေသိမှာ အထူးစိုးရိမ် ထိတ်လန့်နေတဲ့အတွက် ခြေမကိုင်မိ လက်မကိုင်မိဖြစ်ပြီး အရူးချေးပန်း လျှောက်လုပ်နေတာပဲ ဖြစ်တယ်။ အဓိကကတော့ ပြည်ပသတင်းမီဒီယာတွေရဲ့ သတင်းတွေ၊ သတင်းဆောင်းပါးတွေကို ပြည်သူတွေ နားဆင်ကြတဲ့အတွက် …
(၁) မစုစုနွေးလို သတ္တိရှိတဲ့ လူငယ်တွေ တနေ့တခြား များပြားလာမှာ
(၂) လူထုတွေရဲ့ စိတ်အစဉ်မှာ နိုင်ငံရေးအသိစိတ် နိုးကြားမှုတွေ အမြဲရှိနေမှာ
(၃) ကြာလာတာနဲ့အမျှ မကျေနပ်မှုတွေ တိုးပွားလာပြီး ၁၉၈၈ အရေးအခင်းလို လူထုအုံကြွမှု ထပ်မံ ဖြစ်ပေါ်လာမှာတွေကို နအဖအနေနဲ့ စိုးရိမ်ကြောင့်ကြနေတာ ဖြစ်တယ်။
မီဒီယာတိုက်စစ်ကိုမြှင့် အောင်ပွဲသို့ချီ
ဒီအခြေအနေမှာ ဒီမိုကရေစီ အင်းအားစုတွေအနေနဲ့ မီဒီယာတိုက်စစ် အရှိန်အဟုန်ကို နအဖ ဗုံးဗုံးလဲပြိုတဲ့အထိ ဆက်လက် မြှင့်တင်သွားရမှာ ဖြစ်တယ်။ အထူးသဖြင့် အခုအချိန်မှာ ပြည်ပကနေ ပြည်တွင်းမှာရှိတဲ့ ပြည်သူလူထုအားလုံးဆီ သတင်းတွေ တိုက်ရိုက်ရောက်ရှိအောင် ပို့ဆောင်မှု အပေးနိုင်ဆုံး မီဒီယာကတော့ ရေဒီယို အသံလွှင့်ဌာနတွေပဲ ဖြစ်ပါတယ်။ အဲဒီအတွက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုကို လိုလားအားပေးတဲ့ ရေဒီယို အသံလွှင့်ဌာနတွေနဲ့ ပြည်ပရောက် ဒီမိုကရေစီအင်အားစုတွေနဲ့ စနစ်တကျ ပူးပေါင်းလုပ်ဆောင်နိုင်ကြဖို့ လိုပါတယ်။ အဲဒီလို လုပ်ဆောင်နိုင်ရင် ဒီမိုကရေစီ အောင်ပွဲရဖို့အတွက် တိုက်စစ်အဟုန်ကို မြှင့်တင်ပေးရာမှာ အလွန်ထိရောက်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အခြားသတင်းမီဒီယာတွေကလည်း မိမိတို့ရဲ့ မီဒီယာတိုက်စစ်ကို တက်ညီလက်ညီ အရှိန်မြှင့် လုပ်ဆောင်ကြခြင်းအားဖြင့် ဒီမိုကရေစီအင်အားစုတွေ ဦးဆောင်တဲ့ လူထုအုံကြွမှုတွေ ထပ်မံဖြစ်ပေါ်လာပြီး တည်းတည်းလေးသာ ကျန်တော့တဲ့ နအဖစစ်အစိုးရ ပြိုဆင်းလဲကျသွားတော့မှာ ဖြစ်ပါကြောင်း (ဖြစ်နိုင်တဲ့ အနေအထားတခုအပေါ် ၀ိုင်းဝန်းစဉ်းစား လုပ်ဆောင်နိုင်ဖို့) အကြံပြု ရေးသားလိုက်ရပါတယ်။
ဒေါက်တာလွဏ်းဆွေ
Sunday, April 6, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment