မြားကြီး
၁၉၉၆ နှစ်ကုန်ပိုင်းလောက်က မြားကြီးတယောက် မဂ္ဂဇင်းတစောင်မှာ အယ်ဒီတာလုပ်ရင်းတဖက် ဆေးခန်း ဖွင့်ပြီး ဆေးကုတာတဖက် ခွချက်လုပ်နေမိတဲ့ တညနေမှာပေါ့ …။
မြားကြီး လူနာတယောက်ကို စမ်းသပ်နေတုန်း ဆေးခန်းထဲကို လူဝကြီးတယောက် ၀င်လာတာ ခန်းဆီးစကို ဖောက်ပြီး မြင်လိုက်ရရဲ့။ အထဲက လူနာထွက်သွားတာနဲ့ ထိုလူဝကြီးက ခန်းဆီးစကို လှပ်ပြီး မြားကြီးကို ချောင်းကြည့်လေရဲ့။ မြားကြီးကလည်း လက်သုပ်နေရင်း ပြန်အကြည့် ‘ဟာ … ဆရာ’ ဆိုပြီး အာမေဋိတ်သံ ထွက်သွားရဲ့။ သူကလည်း ‘သြော် … ဆရာဝန်က ဘယ်သူများလဲလို့ လက်စသပ်တော့ … မင်းကိုး၊ ဒါကြောင့် ဒီနာမည်ကို ငါသိနေပါတယ်လို့ အပြင်မှာ ထိုင်စောင့်ရင်း စဉ်းစားနေတာ’ ဆိုပြီး အခန်းထဲဝင်လာတယ်။
သူပြောတာကို နားထောင်နေရင်း ဆေးကျောင်း ပထမနှစ်နဲ့ ဒုတိယနှစ် တက်တုန်းက မြားကြီးတို့ကို နိုင်ငံရေးသိပ္ပံ ဘာသာရပ်သင်တဲ့ ဆရာဆိုတာကို ချက်ချင်းသိလိုက်တယ်။ ဆရာက ပျော်ပျော်နေတတ်ပြီး ကျောင်းသားတွေနဲ့ သူငယ်ချင်းပေါင်း ပေါင်းခဲ့သူဆိုတော့ မတွေ့တာ (၁၀)နှစ်လောက် ကြာပေမယ့် ပြန်တွေ့တွေ့ချင်း တန်းမှတ်မိသွားတယ်။ အဲဒီတုန်းက ဆရာက ဗဟိုနိုင်ငံရေးတက္ကသိုလ်ဆင်း၊ မဆလပါတီမှာ အကောင်ပေါ့။ အခုပြန်တွေ့တဲ့ အချိန်မှာ မဆလပါတီက ပြုတ်ကျသွားပြီဆိုတော့ ဆရာ့ကို ကြည့်ရတာ အရင်အာဏာပါဝါ ရှိခဲ့စဉ်တုန်းကလို သိပ်အဆင်ပြေပုံ မပေါ်ဘူး။ နွမ်းနွမ်းဖတ်ဖတ်ကလေး ဖြစ်နေတယ်။ ဒါပေမယ့် ဆရာက အကောင်ဖြစ်ခဲ့စဉ်တုန်းကလည်း ဟိတ်ဟန်မရှိဘူး။ သဘောကောင်းတယ်။ မြားကြီးတို့က မဆလပါတီကို မျက်မုန်းကျိုးပေမယ့် ပျော်ပျော်နေတတ်တဲ့ ဆရာ့ကိုတော့ ခင်တယ်။ ပြောမနာ ဆိုမနာနဲ့ သူငယ်ချင်းပေါင်း ပေါင်းဖြစ်တယ်။
မြားကြီးလည်း အဲသလို အတိတ်ကို ပြန်တွေးနေရင်းက ‘ဆရာ … ဘယ်က လှည့်လာတာလဲ၊ ကျနော် ဘာကူညီရမလဲ ဆရာ’ လို့ မေးလိုက်တယ်။ ဆရာက ပွင့်ပွင့်လင်းလင်းပင် ‘ဟေ့ကောင် … လုပ်ဦး လုပ်ဦး၊ ငါ တိုက်ပွဲကျလာလို့ကွ၊ ဟဲဟဲ’ ဆိုပြီး ရယ်ကျဲကျဲနဲ့ ပြောတယ်။ မြားကြီးက ‘ဒါလေးများ ဆရာရယ်၊ တပည့် လုပ်ပေးမှာပေါ့၊ ကုတင်ပေါ်ကို တက်လိုက်ဆရာ’ ဆိုပြီး မှောက်လျက် နေခိုင်းလိုက်တယ်။ ဘယ်တဖက် ညာတဖက် ဂျန်တာမိုင်စင် နှစ်လုံးထိုးပေးပြီး သောက်ဆေးပါ တွဲပေးလိုက်တယ်။
ဆရာက ကုတင်ပေါ်က အဆင်း ဖင်ကို ပွတ်ချေနေရင်းက ‘မင်း … ဆေးခန်း တခုထဲပဲ ဖွင့်တာလား၊ တခြားကော ဘာလုပ်သေးလဲ’ လို့ ဆက်မေးတယ်။ မြားကြီးက ‘နေ့ခင်းတော့ မဂ္ဂဇင်းအယ်ဒီတာ လုပ်တယ်ဆရာ’ လို့ ပြောလိုက်တယ်။ အဲဒီမှာတင် ဆရာက ၀မ်းသာအားရနဲ့ ‘ဘာမဂ္ဂဇင်းလဲ’ လို့ မေးတယ်။ မြားကြီးက မဂ္ဂဇင်းနာမည် ပြောပြလိုက်တော့ ဆရာ့မျက်နှာ ၀င်းကနဲ ဖြစ်သွားပြီး ‘ဟာ … ဒါဆိုအတော်ပဲ၊ ငါ့ဆောင်းပါး (၃)ပုဒ်လောက် ထည့်ပေးစမ်းပါ၊ ငါ … စာပေနဲ့စာနယ်ဇင်းအဖွဲ့ဝင်ဖြစ်ဖို့ (၃)ပုဒ်လိုနေလို့ကွ၊ အဲဒီ (၃)ပုဒ်ပြည့်မှ မြေကွက်လျှောက်လို့ရမှာ၊ လုပ်စမ်းပါဦး၊ ကူညီစမ်းပါဦး တပည့်ရာ’ လို့ အားကိုးတကြီး ပြောလေရဲ့။
အဲဒီမှာတင် မြားကြီးက ‘ဆရာ … ကျနော့်မဂ္ဂဇင်းက မြေကွက်လျှောက်ဖို့ အကြံအဖန် လုပ်ပေးတဲ့ မဂ္ဂဇင်းအမျိုးအစား မဟုတ်လို့ပါဆရာ၊ အဲဒီလို အကြံအဖန် လုပ်ပေးတဲ့ အယ်ဒီတာတွေကိုင်တဲ့ မဂ္ဂဇင်းတွေ ရှိပါတယ်။ အဲဒီမဂ္ဂ္ဂဇင်းတွေဆီ ဆရာ့စာမူပို့ကြည့်ရင် အဆင်ပြေမှာပါ၊ တပည့်ကတော့ အယ်ဒီတာကျင့်ဝတ်ကို မချိုးဖောက်နိုင်လို့ ဂျန်တာမိုင်စင်လောက်နဲ့ပဲ ကျေနပ်ပါဆရာ’ လို့ ကိုယ့်ဆရာပေမယ့် အားမနာနိုင်တော့ဘဲ ခုရှုပ်မှ နောင်ရှင်းဆိုသလို အပြတ်ပြောလိုက်ရတော့တယ်။ ဆရာက ‘မင်းကလည်းကွာ၊ ဒါလေးများ’ ဆိုပြီး ဖင်ကို ပွတ်ကာပွတ်ကာနဲ့ ထွက်သွားလေရဲ့။ မြားကြီးလည်း ဆရာ့ကျောပြင်လေးကို ငေးရင်း ‘သြော် … တယ်လည်း ယုံကြည်ချက် ပြင်းပြတဲ့ မဆလ၊ နအဖ၊ ကြံ့ဖွံ့၊ စာပေစာနယ်ဇင်း အဖွဲ့ဝင်တွေပါ တကား’ လို့ တွေးမိပြီး တယောက်တည်း ပြုံးစိစိ ဖြစ်ကျန်ခဲ့လေရဲ့။
မြားကြီး
Sunday, April 6, 2008
ဂျန်တာမိုင်စင်လောက်နဲ့ပဲ ကျေနပ်ပါဆရာ (ဟာသ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment