Wednesday, March 12, 2008

အထိန်းသိမ်းခံအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၏ (၈၁)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ဂုဏ်ပြုကဗျာ

(၈၁)နှစ်ပြည့် ဘဘမွေးနေ့
စန္ဒာဝင်း (မကွေး)

ဘဘရေ …
၂၀၀၂ ကခရီး
သမီးတို့လည်း ပါတယ်နော်
အပျော်ခရီး မဟုတ်ပေမယ့်
တကယ့် စွန့်စားခန်း
မနီးစခန်းကို အောင်
ပုံတောင်ပုံညာ ကျော်နင်း
ထီးလင်း၊ ဂန့်ဂေါ၊ ဆော
ဘဘ မောနေရှာတော့
ချိုပေါ့ပေါ့ “ကွေကာအုတ်”
တထုတ်လောက် ရမလား
“ဘဘ အားနာတယ် သမီးရယ်” တဲ့။

၂၀၀၄ မတ်(၁၂)
(၇၇)နှစ် ပြည့်တဲ့နေ့
သမီးတွေ့ချင်လွန်းလို့
ဘဘတို့ အိမ်ရှေ့တည့်တည့်
တကယ့်ဆွေးမျိုးယောင်ယောင်
လက်ဆောင်ပေးဖို့အရေး
ဒင်းတို့နဲ့ ဆွေးနွေး
ပေးဖြစ်အောင် ပေးခဲ့တယ် ...
ပင်နီတိုက်ပုံ တထည်
စားစရာအစုံရယ်
ကွေကာအုတ်လည်း ပါတယ်။

၂၀၀၅ ရဲ့ခုနှစ်ဆယ့်ရှစ်
သမီးဖြစ်ချင်တာ မဖြစ်တော့
ကံကြမ္မာပေါ့ ဘဘရယ်
သမီးကို အချစ်မပြယ်
ခွင့်လွှတ်တယ် ဆိုရင်ဖြင့်
ရင်နင့်နင့်နဲ့ တောင်းဆိုပါရစေ။

ဘဘရေ …
ပင်နီတိုက်ပုံလေး
ခဏလေးဖြစ်ဖြစ်
ဝတ်ဖြစ်အောင် ၀တ်ထားပေးပါ
သမီးအတွေးထဲမှာ မြင်ချင်လို့ပါ …။ ။

စန္ဒာဝင်း (မကွေး)

No comments: