Wednesday, March 19, 2008

ဘယ်သူ့ကြောင့်လဲ - ဇော်မင်း (လူ့ဘောင်သစ်)

ဒေါက်တာလွဏ်းဆွေ ခင်ဗျား …
ဒီဆောင်းပါးက ရွက်မွန်မှာတော့ ထည့်သွင်း ဖေါ်ပြထားပါတယ်။ သို့သော်လည်း ရွက်မွန်ကို လာမလည်ဖြစ်တဲ့ စာဖတ်သူများ ဖတ်ဖို့အတွက်လည်း ဆန္ဒရှိနေတော့ ဆရာ့ဘလော့ဂ်မှာ ထည့်သွင်းဖေါ်ပြဖို့ လှမ်းပို့လိုက်ခြင်း ဖြစ်ပါတယ်။
လေးစားလျက် …
ဇော်မင်း

ဘယ်သူ့ကြောင့်လဲ
ဇော်မင်း (လူ့ဘောင်သစ်)

မြန်မာပြည်ရဲ့ နိုင်ငံရေးအပြောင်းအလဲများနဲ့ ပတ်သက်လို့ ဆန်းစစ်ကြ၊ ဝေဖန်ကြ၊ သုံးသပ်ကြ၊ ထောက်ပြကြတာတွေ ဒီရက်ပိုင်းအတွင်းမှာ တွေ့ရဖတ်ရပါတယ်။ မိမိရဲ့ အမြင်တွေကို မိမိရှုထောင့်ကနေ အဲသလို တင်ပြကြတာ တင်ပြခွင့် ရှိပါတယ်။ ဒါဟာ လူတိုင်းမှာ ရှိတဲ့အခွင့်အရေးပါ။ မိမိအတွေးအမြင်ကို လွတ်လပ်စွာ တင်ပြထုတ်ဖေါ် ပြောဆိုခြင်းဆိုတာ ဒီမိုကရေစီမှာ အရေးကြီးပါတယ်။

ဒီနေရာမှာ အကြံပြုလိုတာ တခုရှိပါတယ်။ ဒါကဘာလဲဆိုတော့ နိုင်ငံတခုရဲ့ အခြေအနေ အရပ်ရပ်ကို တင်ပြတယ် ဆိုတော့ သက်ဆိုင်တဲ့ အခြေအနေ အရပ်ရပ် အားလုံးကို ထည့်သွင်း တွက်ချက် တင်ပြနိုင်ဖို့လည်း လိုပါတယ်။ ကိုယ်လိုတဲ့ အချက်လေးတွေကိုပဲ ထည့်သွင်း ထောက်ပြ တင်ပြခြင်းဟာ မပြည့်စုံတဲ့ ခွဲခြမ်းစိတ်ဖြာ လေ့လာတာမျိုး ဖြစ်နေတတ်ပါ တယ်။ ဒီကြားထဲမှာ ဘက်လိုက်ပြီး ဝေဖန် တင်ပြတာမျိုးတွေလည်း ရှိပါတယ်။ ဘက်မလိုက်တဲ့ ဝေဖန် ဆန်းစစ်မှုတွေတောင် အထက်က တင်ပြသလို တစုံလုံးကို ခြုံငုံပြီးမှ မတင်ပြရင် ထွက်လာတဲ့ လေ့လာဆန်းစစ်မှုဟာ တဘက်ဘက်ကို ဘက်လိုက်သလို ဖြစ်နေတတ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ထွက်လာတဲ့ စာရေးသူ (ဦး)ကျော်ဝင်းရဲ့ စာတမ်းကို ဘလော့တွေကနေတဆင့် ဖတ်ရပါတယ်။ ဦးကျော်ဝင်းဟာ မြန်မာနိုင်ငံမှာ နာမည်ကြီးတဲ့ စာရေးသူတဦး ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် စာရေးသူဟာ သူ့စာများကြောင့် ၀ိတ်ရှိသူ၊ ၀ိတ်ကြီးသူတဦး ဖြစ်ပါတယ်။ သို့သော်လည်း သူ့ရဲ့ စာတမ်းကို လေ့လာကြည့်တော့ စာရေးသူဟာ သူလိုတဲ့ အချက်အလက်တွေကိုသာ အဓိကထား ဖေါ်ပြထားပြီး ထည့်သွင်း စဉ်းစားတွက်ချက်ရမယ့် အခြားအချက်တွေကို လှစ်လျူရှုထားခဲ့တာကို တွေ့ရပါတယ်။

စာတမ်းရှင် ကျော်ဝင်းရဲ့ ကောက်ချက်တွေကို ပြန်ကြည့်လိုက်ရင် မြန်မာပြည်မှာ ဒီမိုကရေစီ အပြောင်းအလဲ တစ်ဆို့ နှောင့်နှေးနေတာ အတိုက်ခံများကြောင့်လို့ စွပ်စွဲထားသလို ဖြစ်နေပါတယ်။ အတိုက်ခံတွေ ညံ့ဖျင်းတယ်လို့ တိုက်ရိုက်ပြောထားတဲ့ စာတမ်းတခု ဖြစ်နေပါတယ်။ အတိုက်ခံအုပ်စုတွေ ပါတီတွေမှာ အားနည်းချက် ရှိနေတယ်။ အားနည်းနေတဲ့ အချက်တွေက ဘာတွေ ဘာတွေ ဖြစ်တယ်ဆိုတာကို စနစ်တကျ ထောက်ပြဖို့ သင့်ပါတယ်။ အခုတော့ အဲသလို မဟုတ်ဘဲ ၀ါးလုံးရှည်နဲ့ သိမ်းရမ်းသလို တင်ပြထားကို တွေ့ရပါတယ်။ စစ်တပ်က တသက်လုံး လုပ်လာခဲ့တဲ့ အချင်းအရာတွေကိုတော့ သဘောလောက်သာ ပြောထားပြီး ပိုအရေးကြီးတဲ့ တင်ပြရမယ့် အချက်တွေကိုတော့ မတင်ပြဘဲ ချန်လှပ်ထားခဲ့ပါတယ်။ စစ်တပ်က ကမ်းလှမ်းလာရဲ့သားနဲ့ အတိုက်ခံတွေက တလျှောက်လုံး ငြင်းဆန်ပုတ်ချခဲ့တယ်လို့ သူရဲ့စာတမ်းက အဓိပ္ပါယ် သက်ရောက်နေပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီ အပြောင်းအလဲနဲ့ ဝေးနေသေးတယ်ဆိုတာ အတိုက်ခံများ စစ်တပ်နဲ့ အပေးအယူ မလုပ်တတ်လို့ ဖြစ်ရတာ မဟုတ်ပါ။ ဒီတချက်တည်းနဲ့ ကောက်ချက်ချတဲ့အတွက် သူရဲ့စာတမ်းဟာ မပြည့်စုံတဲ့အပြင် တန်ဖိုးလည်း နည်းသွားရပါတယ်။

ထည့်သွင်းစဉ်းစားရမယ့် အချက်တွေထဲမှာ အတိုက်ခံတွေ စစ်တပ်နဲ့ အပေးအယူ မလုပ်တတ်လို့ဆိုပြီး တင်ပြတာ တချက်တည်းမဟုတ်ပဲ တလျှောက်လုံး ဖြစ်တည်လာခဲ့တဲ့ တခြား အခြေအနေတွေကိုလည်း ထည့်သွင်း စဉ်းစားပြောဆိုဖို့ အထူးလိုပါတယ်။

ပြန်ကြည်လိုက်ရင် တွေ့လာခဲ့ရတဲ့ ထည့်သွင်းတွက်ချက်ရမယ့် အခြေအနေအဖုံဖုံက …

၁။ စစ်တပ်ဟာ မြေပေါ်အတိုက်ခံတွေ အားနည်း ချိနဲ့သွားအောင် လုပ်လာခဲ့တာ ၁၉၆၂ စစ်အာဏာ သိမ်းပြီးကတည်းက ဖြစ်ပါတယ်။ အာဏာဟာ သေနတ်ပြောင်းဝက လာတယ် ဆိုတဲ့မူကို ဆုပ်ကိုင်ထားနိုင်ဖို့ အခွင့်အလမ်း ရှိထားပါ တယ်။ အတိုက်ခံတွေ ဘာမှလုပ်မရအောင် ဖန်တီးထားတာကိုလည်း ထည့်တွက်ဖို့ လိုပါလိမ့်မယ်။ သေးသေးမွှားမွှား လုပ်နေတာကိုတောင် ဖမ်းနေတဲ့ အခြေအနေမျိုးကို အတိုက်ခံတွေ ပြည်တွင်းမှာ ရင်ဆိုင်နေရတာ အားလုံးသိပါတယ်။

၂။ ၁၉၆၂ ကတည်း ပညာရေးစနစ် ပျက်စီးယိုယွင်းလာခြင်း။ ဒီမိုကရေစီ လူ့အဖွဲ့အစည်းအတွက် လိုအပ်တဲ့ အတွေးအမြင် အယူအဆများကို ပညာရေးစနစ်အတွင်းမှာ မျိုးဆက်သစ်များအတွက် ပြဌာန်းလေ့လာခွင့် မပေးထားခြင်း။ အခုဆို (၄၆) နှစ်တိုင်လာပါပြီ။

၃။ စာပေ၊ အနုပညာနဲ့ သတင်းမီဒီယာ လောကမှတဆင့် လူထုဆီကို ဒီမိုကရေစီ အတွေးအမြင်များ သွယ်ဝိုက်၍တောင် မဖြန့်ဖြူးပေးနိုင်ခြင်း။ ရက်ရက်စက်စက် ဖိနှိပ်ခံထားရလို့ ဖြစ်ပါတယ်။ စာတမ်းရှင် ကျော်ဝင်းဟာ သူကိုယ်တိုင် စာရေးဆရာတဦးဖြစ်လို့ လူတွေရဲ့ မျက်စေ့တွေ နားတွေကို ပိတ်ဆို့ထားတဲ့အတွက် ပေါ်ပေါက်လာတဲ့ ဒီဆိုးကျိုးတွေကို ပိုနားလည်သူ ဖြစ်ပါလိမ့်မယ်။

၎။ ၁၉၆၂ ကတည်း မြန်မာပြည်ဟာ စီးပွားရေး တစတစနဲ့ ပျက်လာခဲ့တာကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ စီးပွားရေး ကျဆင်းလာတဲ့ ပြည်သူတွေ၊ ထမင်းငတ်နေတဲ့ ပြည်သူ၊ ပညာတပိုင်းတစ ဖြစ်ခဲ့ရတဲ့ ပြည်သူတွေဟာ ဒီမိုကရေစီ အပြောင်းအလဲရဲ့ သဘောသဘာဝတွေကို ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုမပါဘဲ ဘယ်လို အပြည့်အ၀ ဆောင်ရွက်နိုင်ပါ့မလဲ။ ဒါကိုသိလို့ စစ်တပ်က အရေးကြီးတဲ့ ခေါင်းဆောင်တွေကို အခုအထိ ချုပ်နှောင်ထားခြင်း ဖြစ်ပါတယ်။ အတိုက်ခံတွေကို အားနည်းအောင် လုပ်ထားခြင်းဆိုတဲ့ နံပါတ် (၁)အချက်နဲ့ အပြန်အလှန် ဆက်စပ်နေပါတယ်။

၅။ ဆင်းရဲမွဲတေမှုကြောင့် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီလို့ တင်စားခံရတဲ့ အိန္ဒိယနိုင်ငံမှာတောင် ဆင်းရဲသားအများစုဟာ သူတို့ အခွင့်အရေးတွေအတွက် နိုင်ငံရေး ခေါင်းဆောင်တွေ၊ ဥပဒေအကျိုးဆောင် အဖွဲ့တွေ၊ လူ့အခွင့်အရေး အဖွဲ့တွေကို အားကိုးနေရတုန်း ဖြစ်ပါတယ်။ ဆင်းရဲမွဲတေမှုနဲ့ ခွဲခြားခံရခြင်းတို့ဟာ ဆက်စပ်နေလို့ ဖြစ်ပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းမှာ လူထုအားကိုးတဲ့ ခေါင်းဆောင်များ ထောင်ထဲ ရောက်နေတာ သတိပြုဖို့လိုပါတယ်။

၆။ မြန်မာပြည်ဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံ နေထိုင်တဲ့ တိုင်းပြည် ဖြစ်ပါတယ်။ လွတ်လပ်ရေး ရကတည်းက ဖြစ်လာခဲ့တဲ့ အမျိုးသားရေးပြိုကွဲမှုဟာ အခုအထိ အဆုံးမသတ်နိုင်သေးပါ။ အဲဒီတော့ အမျိုးသားချင်း ပြန်လည်သင့်မြတ်ရေးကို ချန်လှပ်ထားခဲ့ပြီး ဒို့စစ်တပ်က စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ ဖေါ်ဆောင် ပေးနေတယ်။ စကားမများနဲ့ ဒို့ပြောသလို လုပ်ဆိုပြီး ဗိုလ်ကျတဲ့ အပြုအမူကြောင့် ၂၀၁၀ ရွေးကောက်ပွဲ လုပ်ပြီးလည်း မတည်ငြိမ်မှုတွေကို မြေပေါ်မြေအောက် နယ်ပယ်တွေမှာ ဆက်လက် ရင်ဆိုင်ရမှာပါ။ တိုင်းရင်းသား လက်နက်ကိုင် (အပစ်ရပ်နှင့် အပစ်မရပ်သေးသည့်) အဖွဲ့အစည်းများအတွင်း ကိုင်စွဲထားသည့် လက်နက်အရေအတွက်ဟာ ရှစ်သောင်းနှင့် တသိန်းအကြားမှာ ရှိနေတယ်လို့ တချို့က ခန့်မှန်းပါတယ်။

၇။ ပထ၀ီနိုင်ငံရေးအရ မြန်မာပြည် ပတ်ပတ်လည်က နိုင်ငံတွေက အစိုးရတွေဟာ လူထုက ဒီမိုကရေစီနည်းအရ ရွေးကောက်ထားတဲ့ အစိုးရများ မဟုတ်ပါ။ တရုတ်၊ လာအို၊ ဗီယက်နမ်၊ မလေးရှား၊ စင်္ကာပူ၊ ဘရူနိုင်း။ အရင်ကဆိုရင် ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား တို့လည်း ပါခဲ့ပါတယ်။ မြန်မာပြည်ဟာ အဲသလို အ၀န်းအ၀ိုင်းမှာ နေလာခဲ့ရတာ နှစ်ငါးဆယ်နီးနေပါပြီ။ အဲဒီတော့ နှစ်ဆယ်ရာစု နှောင်းပိုင်းကာလများမှာ အရှေ့ဥရောပက တိုင်းပြည်တွေမှာ ဖြစ်တည်ခဲ့တဲ့ ကတ္တီပါတော်လှန်ရေးမျိုး မြန်မာပြည်အတွက် ရှိမလာခြင်းက ဆန်းတယ်လို့ မဆိုနိုင်ပါ။ သင်ခန်းစာယူနိုင်သည့် အချက်များမှလွဲ၍ ထိုနိုင်ငံများနှင့် မြန်မာပြည်အခြေအနေဟာ ထပ်တူမကျနိုင်ပါ။

၈။ လွတ်လပ်ခွင့်နှင့် ပတ်သက်၍ ပြောရပါလျှင် မြန်မာပြည်တွင် ဘာလွတ်လပ်ခွင့်မှ မရှိပါ။ ပြောရေးဆိုခွင့်၊ ဝေဖန်ခွင့်၊ မိမိဆန္ဒကို ငြိမ်းချမ်းစွာ ထုတ်ဖေါ်ခွင့်။ ထို့ထက်ဆိုရပါက မြေယာပိုင်ဆိုင်ခွင့်၊ ပုဂ္ဂလိက ပိုင်ဆိုင်မှု အခွင့်အရေး၊ မိမိနှစ်သက်ရာ ဒေသတွင် အခြေချနေထိုင်ခွင့်၊ မိမိနှစ်သက်ရာ အသက်မွေးဝမ်းကျောင်းခွင့်၊ လွတ်လပ်စွာ ခရီးသွားလာခွင့်၊ လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့် ဘာဆိုဘာမှ မရှိပါ။ နည်းနည်းလေး ဟပေးထားသည့် အခြေအနေတောင် မရှိပါ။ ထိုအခြေအနေများကို အနည်းငယ်မျှတောင် ဖွင့်မပေးဘဲ ဘယ်လိုလုပ်၍ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို လုပ်မည်နည်း။

၉။ ထိုင်းနိုင်ငံတွင် ယခင်က စစ်အာဏာရှင်များ အကြိမ်ကြိမ် အုပ်စိုးခဲ့သည်။ ထိုသို့အုပ်စိုးနေသည့် ကာလများ အတွင်း၌ပင် ၁၉၅၇ ကတည်းက စီးပွားရေး စတင်ကောင်းလာခဲ့သည်။ ဂျီဒီပီ တနှစ်လျှင် ၇ရာခိုင်နှုန်း မှန်မှန်တိုးတက် လာနေသည်မှာ အဲသည့်နှစ်များကတည်းက။ သတင်းမီဒီယာများ အဲသည့်ခေတ်ကတည်းက အတော်လေး စတင် လွတ်လပ်လာခဲ့သည်။ လူတွေ ပြောရေးဆိုခွင့် ရှိလာခဲ့သည်။ မြန်မာစစ်အစိုးရများကတော့ စီးပွားရေး ကောင်းအောင်လည်း ဦးမဆောင်နိုင်၊ လွတ်လပ်မှုကိုလည်း ဖွံ့ဖြိုးခြင်း၏ အုတ်မြစ်ဆိုသည်ကို မသိ။ သူတို့ အိပ်ပျော်နေသည်မှာ နှစ်တွေမနည်းတော့။

ပြန်ကောက်ရပါက မြန်မာပြည်တွင် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု တစ်ဆို့နေခြင်းသည် အတိုက်ခံ အဖွဲ့အစည်းများကြောင့် ဖြစ်ရသည်ဟု စွပ်စွဲပါက လုံးလုံးမှားသည့် ချဉ်းကပ်မှုဖြစ်ပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရန်အတွက် အထက်တွင် တင်ပြထားသည့် လိုအပ်သည့် လက္ခဏာများ တိုင်းပြည်အတွင်း တိုးတက်ဖွံ့ဖြိုး မလာခဲ့ခြင်းကသာ အဓိကပြဿနာ ဖြစ်သည်။ ထိုလိုအပ်သော အရင်းအမြစ်ကျသော လက္ခဏာများ တိုးတက်မလာခြင်းသည် (၄၆)နှစ်ကျော် အုပ်ချုပ်နေဆဲ ဖြစ်သော စစ်တပ်အစိုးရ၏ တာဝန်သာ ဖြစ်သည်။ ဘာမှ လွတ်လပ်မှုမရှိသည့် စစ်ဖိနပ်သံခွာ အောက်တွင် တိုးတက်ဖွံ့ဖြိုး၍ ဒီမိုကရေစီအသွင် ကူးပြောင်းသွားသော တိုင်းနိုင်ငံဟူ၍ တနိုင်ငံမှ မရှိသေးပါ။

ပါမောက္ခ အမာတရာဆန်၏ ချဉ်းကပ်မှုအရ ပြန်လည်တင်ပြရပါက တိုင်းပြည်တပြည် တိုးတက်ဖွံ့ဖြိုးဖို့အတွက် မလွတ်လပ်သည်များ (unfreedoms) ကို တချပ်ခြင်း တလွှာခြင်း အရင်ဖွင့်လှစ်သွားဖို့ လိုသည်ဟု ဆိုထားပါ တယ်။ ဘာတခုမှ မလွတ်သည့် အခြေအနေအောက်တွင် ဒီမိုကရေစီလည်း ဖြစ်မလာပါ။ ဆင်းရဲတွင်းကလည်း လွတ်အောင် မရုန်းနိုင်ပါ။ အုပ်ချုပ်သည့် လူတန်းစားက ဒီသဘောကို နားလည်သည့် လူမျိုးတွေ ဖြစ်ဖို့လိုပါတယ်။ မြန်မာပြည်တွင် လွတ်လပ်ခြင်း တံခါးများကို အုပ်ချုပ်သူများက တချပ်ခြင်း တလွှာခြင်း စတင်ဖွင့်လှစ်နေပလား ဆိုတာကို ပြန်ကြည့်တော့လည်း တံခါးများအားလုံး ပိတ်ထားဆဲ။ မြန်မာပြည်ရှိ ဗိုလ်ချုပ်များ၌ တိုးတက်ဖို့အတွက် လွတ်လပ်မှု လိုတယ်ဆိုတာကို လက်မခံသော သူတွေက အများစု ဖြစ်နေပါတယ်။ ဒါကြောင့် စစ်အစိုးရ၏ စီးပွားရေးစနစ်ကို ဝေဖန်ထောက်ပြခဲ့သော ဗိုလ်ချုပ်ဇော်ထွန်းသည်ပင် ပြုတ်သွားခဲ့တာ မှတ်မိကြဦးမှာပါ။

တံခါးများကို ပိတ်ထားသရွေ့ တိုက်ပွဲများကတော့ ရှိနေဦးမှာ မလွဲပါ။ တိုက်ပွဲဝင်သူများမှာ အပြစ်ရှိသည်၊ မပါးနပ်၊ နည်းနာ မကျွမ်းကျင်ဟု စာတမ်းရှင် ကျော်ဝင်းလို စွပ်စွဲမည့်သူများ ပေါ်လာတာကိုလည်း တွေ့ရဦးမှာပါ။ ဖြစ်နိုင်ပါက မြန်မာပြည်သူတွေလည်း အရှေ့ဥရောက နိုင်ငံတွေလို ချောမွေ့စွာ အသွင်ကူးပြောင်းခြင်းကို လိုးလာမှာ အမှန်ဖြစ်ပါတယ်။ သို့သော် အုပ်စိုးသူတွေ ကိုယ်တိုင်က စကားပြောလိုစိတ် မရှိသရွေ့ တိုက်ပွဲတွေက နေရာအနှံ့မှ ပုံစံမျိုးစုံဖြင့် ၀ီခေါ်၍ လာနေဦးမှာပင် …။

ဇော်မင်း (လူ့ဘောင်သစ်)
၁၈၊ ၀၃၊ ၂၀၀၈

No comments: