Saturday, March 1, 2008

လှုပ်လှုပ်ရှားရှား ပြည်တွင်းသတင်း အတိုအထွာများ (၁-၃-၂၀၀၈)

ကျွန်ုပ်တို့၏ သတင်းထောက် ပေးပို့သည်

သတင်း (၁) - ELEVEN MEDIA GROUP မှ Chief Executive Officer ဒေါက်တာသန်းထွဋ်အောင်က သူတို့ ELEVEN ဂျာနယ်အုပ်စုကို နအဖ၏ အခွင့်ထူးခံတွေဟု ပြောဆိုရေးသားနေမှုများအား မကျေနပ်သည့်အတွက် ပြည်ပသတင်းမီဒီယာတခုထံသို့ ဖုန်းဆက်ပြီး ကန့်ကွက်ပြောဆိုခဲ့ကြောင်း သတင်းရရှိသည်။ မကြာသေးမီက စာပေစိစစ်ရေးဋ္ဌာန၏ ပိတ်ပင်မှုကို ခံရသည့် ကုမုဒြာဂျာနယ်အား အမည်ပြောင်း၍ ပြန်လည်ထုတ်ဝေခွင့်ပြုရာတွင် ကုမုဒြာဆိုသည့်အမည် မပါရဟု တားမြစ်ပိတ်ပင်ခဲ့သော်လည်း ELEVEN MEDIA GROUP မှ ရပ်နားထားသည့် INTERNATIONAL ELEVEN အစား BI-ELEVEN ဟု အမည်ပြောင်း ထုတ်ဝေရန် လျှောက်ထားခြင်းကိုမူ စာပေစိစစ်ရေးဋ္ဌာနက ခွင့်ပြုခဲ့သည့်အတွက် ထိုသို့ အထူးအခွင့်အရေး ရရှိနေခြင်းအပေါ် ဂျာနယ်အသိုင်းအ၀ိုင်းမှ မကျေမနပ်ဖြစ်နေကြကြောင်း သတင်းရရှိသည်။

ထပ်မံကြားသိရသော သတင်းများအရ ELEVEN MEDIA GROUP မှ ထုတ်ဝေနေသည့် Premier ELEVEN ဂျာနယ်သည် ရာထူးမှ အနားပေးခြင်းခံခဲ့ရသည့် ယခင် ဒုတိယ တပ်မတော်ထောက်လှမ်းရေးမှူးချုပ်ဟောင်း ဗိုလ်မှူးချုပ်ကျော်ဝင်း အတွက် ထုတ်ပေးနေရခြင်းဖြစ်ပြီး ELEVEN MEDIA GROUP အနေနှင့် ဗိုလ်မှူးကြီးစိုးရှိန် (ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အနီးကပ်)၊ ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ကျော်ဆန်း၊ ပြန်ကြားရေးဝန်ကြီးဌာနမှ အထူးအရာရှိ ဗိုလ်မှူးကြီးရဲထွတ်၊ စာပေစိစစ်ရေးဋ္ဌာန ညွှန်ကြားရေးမှူး ဗိုလ်မှူးတင့်ဆွေတို့ကို ရှယ်ယာခွဲပေးနေရကြောင်း သတင်းရရှိသည်။ ထို့အပြင် ဗိုလ်မှူးသန်းနိုင် (စစ်ထောက်လှမ်းရေး)၊ ဗိုလ်မှူးဝင်းလွင်ဦး (လေတပ်ထောက်လှမ်းရေး)၊ မြန်မာ့အသံ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဌေးတို့ကိုလည်း တလ (၂)သိန်းစီ ပုံမှန်ထောက်ပံ့နေရကြောင်း သတင်းရရှိသည်။

သတင်း (၂) - မကြာသေးမီက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ရုပ်ရှင်သမားများ၏ အကျိုးအတွက် ရှေ့ရှုပြီး ဖလင်များကို အကြွေးစနစ်ဖြင့် ရောင်းချပေးမည်ဟု ကြေညာခဲ့ကြောင်း သတင်းရရှိသည်။ ထိုသို့ ကြေညာပြီးနောက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက သုဝဏ္ဏနဒီ ကုမ္ပဏီပိုင်ရှင် ဦးမွန်းနာထံမှ ရုပ်ရှင်(၅)ကားစာ ဖလင်ကို အကြွေးဖြင့် ယူခဲ့ကြောင်း၊ ထိုသို့ အကြွေးဖြင့် ယူပြီးနောက် ရုပ်ရှင်၊ ဗွီဒီယိုဇာတ်ကား တကားမျှ ရိုက်ကူးခဲ့ဖူးခြင်း မရှိသည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးမြင့်သိန်းဖေက သုံးကားစာ၊ အတွင်းရေးမှူး ဒါရိုက်တာ မလိခစိုးထိုက်အောင်က တကားစာယူပြီး ကျန်တကားစာကို မဲနှိုက်ခွဲတမ်းချပေးမည်ဟု ဆိုသည့်အတွက် ဒု-ဥက္ကဋ္ဌ ဒေါ်မြင့်မြင့်ခိုင်က မကျေမနပ်ဖြစ်ပြီး အထက်သို့ တိုင်စာပို့ခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါသတင်းကို ကြားသိသူ ရုပ်ရှင်လောကသားများက ရုပ်ရှင်လောကနှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ ရှေ့ရေးအတွက် အထူးပင် ရင်လေးနေကြကြောင်း ကြားသိရသည်။

သတင်း (၃) - အင်းစိန်ထောင်တွင်းမှ ကြားသိရသည့် သတင်းအချက်အလက်များအရ ‘ဖေဖော်ဝါရီ ဆယ့်လေး ကဗျာ’ ရေးသားမှုဖြင့် အထိန်းသိမ်းခံခဲ့ရသည့် ကဗျာဆရာ ကိုစောဝေက ထိုကဗျာကို ၂၀၀၇ခုနှစ် ချစ်သူများနေ့အတွက် ရည်ရွယ်ပြီး အချစ်ဂျာနယ်သို့ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း၊ စာပေစိစစ်ရေးဋ္ဌာနမှ ပယ်ခဲ့ပြီးလည်းဖြစ်ကြောင်း၊ သူပေးပို့ခဲ့ခြင်းသည် ယခုနှစ်အတွက် မဟုတ်ကြောင်း၊ အယ်ဒီတာချုပ် မြတ်ခိုင်က လူမူရေးလုပ်ငန်းများ ဇောက်ချလုပ်ကိုင်နေသည့် သူ့အပေါ် မျက်မုန်းကျိုး မစ္ဆရိယပွားပြီး ချောက်ချချင်သည့်အတွက် ယခုကဲ့သို့ အသိမပေးဘဲ ထည့်လိုက်ခြင်းဖြစ်ကြောင်း၊ ယခုအခါ ကဗျာဆရာတဦးတည်းသာ အဖမ်းခံရပြီး တာဝန်ရှိသူ အယ်ဒီတာချုပ် မြတ်ခိုင်နှင့် စာပေစိစစ်ရေးမှ ပုဂ္ဂိုလ်များမှာမူ အရေးယူခံရခြင်း မရှိသည့်အပြင် အချစ်ဂျာနယ်ကိုလည်း ပုံမှန်အတိုင်း ပြန်လည်ထုတ်ဝေခွင့် ပြုနေသည့်အတွက် မကျေမနပ်ဖြစ်မိကြောင်း၊ ထို့အတွက် အကောက်ကြံသူ အယ်ဒီတာချုပ်မြတ်ခိုင်၏ လုပ်ရပ်ကို အများပြည်သူသိရှိစေရန် ဖော်ထုတ်ရေးသား ရှုတ်ချကြဖို့ ကဗျာဆရာ စောဝေက ဆန္ဒရှိနေကြောင်း အင်းစိန်ထောင်တွင်း သတင်းပေးပို့ချက်များအရ ကြားသိရသည်။

No comments: