Thursday, February 28, 2008

ကျမကိုယ်တိုင် ပါဝင်ခဲ့တဲ့ စက်တင်ဘာ ရွှေဝါရောင်နေ့တနေ့

နွေးထွေးတဲ့ လက်အစုံကို ယုံကြည်ချက်အပြည့်နဲ့ တင်းတင်းဆုပ်ကိုင်ခဲ့တဲ့ အဖြစ်မျိုးကို စာဖတ်သူ ကြုံခဲ့ဖူးပါသလား။ ကျမအတွက်တော့ အဲဒီနွေးထွေးပြီး အားမာန်အပြည့်နဲ့ တင်းတင်းဆုပ်ကိုင်ခဲ့ဖူးတဲ့ လက်အစုံကို သံဃာ့အရေးအခင်းအကြောင်း တွေးမိတိုင်း သတိရမိတယ်။ အဲဒီအချိန်တုန်းက ကျမတို့ဟာ လမ်းပေါ်မှာတွေ့တွေ့ချင်းပဲ တူညီတဲ့ ခံစားချက်၊ ယုံကြည်ချက်တွေနဲ့ နွေးထွေးတဲ့ လက်အစုံတွေဟာ တင်းတင်းကျပ်ကျပ် အားမာန်အပြည့်နဲ့ ဆုပ်ကိုင်လက်တွဲခဲ့ကြပါတယ်။ တယောက်နဲ့တယောက် အခုမှ တွေ့ကြရပေမယ့် ရင်ထဲမှာရှိနေတဲ့ ခံစားချက် ခံယူချက် ယုံကြည်ချက်တွေဟာ ထပ်တူရှိနေခဲ့ကြတယ်။ ကျမတို့အားလုံးဟာ နွေးထွေးတဲ့ လက်အစုံတွေနဲ့ ခိုင်ခိုင်မြဲမြဲ လက်တွဲခဲ့ကြပါတယ်။

မှတ်မှတ်ရရ အဲဒီနေ့က ၂၀၀၇ စက်တင်ဘာ (၂၃)ရက်နေ့ပါ။ သံဃာတော်တွေ လမ်းပေါ်ထွက် ပရိတ်ရွတ် မေတ္တာပို့ခဲ့တာ (၅)ရက်လောက်ရှိပြီပေါ့။ ရုံးတက်ရတဲ့နေ့တွေမှာ ကျမက ရုံးပေါ်ကနေပြီး အားပါးတရ လက်အုပ်ချီ အားပေးခဲ့တာမျိုးပဲ လုပ်ပေးနိုင်ခဲ့တာပါ။ အဲဒီရက်ပိုင်းတွေမှာ ရွာလိုက်တဲ့ မိုးကလည်း သံဃာတော်များ ပုံမှန်ကြွလာတဲ့ နေ့လည် (၂)နာရီလောက်ကစပြီး ရွာတော့တာပါပဲ။ ရွှေတိဂုံဘုရားကနေ စုရပ်လုပ်ပြီး ကြွချီလာကြတဲ့ သံဃာတော်တွေဟာ ရန်ကုန်မြို့လယ်ကို နေ့လည် (၁)နာရီခွဲနဲ့ (၂)နာရီ အချိန်လောက်ကို ရောက်လာတတ်ပါတယ်။ သမ္ဓတရုံဘက် မီးရထားဂုံးတံတားပေါ်က တန်းစီကြွချီလာတဲ့ သံဃာတော်တွေကို မြင်လိုက်ရတဲ့ မြင်ကွင်းဟာ အေးချမ်းတည်ငြိမ်ပြီး စည်းကမ်းရှိရှိနဲ့ ပရိတ်ရွတ်မေတ္တာပို့ပြီး ကြွချီခဲ့ကြတာပါ။
ပထမဆုံး စပြီးကြွချီတဲ့နေ့ကတော့ ဘေးတဖက်တချက်မှာ လူတွေရှိမနေဘဲ သံဃာတော်များရဲ့ နောက်မှာမှ လိုက်လာတဲ့ လူတွေကိုတွေ့ရပါတယ်။ အားလုံးဟာ အေးချမ်းတဲ့ မိုးရေထဲမှာ အေးအေးဆေးဆေးပါပဲ။ စိတ်အားထက်သန်တဲ့ အကြည့်တွေ စပ်စုတဲ့ အကြည့်တွေရှိသလို ကိုယ်နဲ့မဆိုင်သလို သွားမြဲသွားနေတဲ့ အသွားအလာမပျက်တဲ့ လူတွေလည်း ရှိပါတယ်။ သံဃာတော်တွေကို ကြီးကြပ်တဲ့ ၀ါကြီးတဲ့ ရဟန်းနဲ့ ရဟန်းပျို ၃- ၄ ပါးကလည်း တန်းစီကြွလာတဲ့ သံဃာတော်တန်းကြီးကို ညီညီညာညာ စည်းကမ်းတကျ ဖြစ်စေဖို့ ဘေးကနေပြီး တည့်မတ်ပေးနေတာကို တွေ့ရပါတယ်။ စက်တင်ဘာလရဲ့ မိုးရေထဲမှာ မေတ္တာပို့ရင်း ကြွချီလာကြတဲ့ သံဃာတော်များဟာ မိုးရေတွေ စိုရွှဲနေတဲ့ သင်္ကန်းတွေကို ဘာမှအကာကွယ်မယူဘဲ မိုးရေတွေထဲမှာပဲ နေ့ စဉ်ရက်ဆက် မေတ္တာပို့ ကြွချီခဲ့ကြပါတယ်။

အဲဒီလိုနဲ့ ၃- ၄ ရက်ဆက်တိုက် ကြွချီတဲ့အခါမှာတော့ သံဃာတော်များရဲ့ ဘေးတဖက်တချက်မှာ လူငယ်တွေ လက်ချင်းချိတ်ပြီး ၀န်းရံလိုက်ပါပေးခဲ့ကြပါတယ်။ကျမ ရုံးအောက်ထိဆင်းပြီး ကြည့်ပါတယ်။ သံဃာတော်များကို လက်အုပ်ချီမိုး ကန်တော့ပါတယ်။ လူကတော့ လိုက်ပါနိုင်ခြင်း မရှိသေးပါဘူး။ ဒါပေမယ့် ကျမရဲ့ စိတ်ထဲမှာတော့ သွားရမယ် သွားရမယ် ဒါငါလုပ်နိုင်တဲ့ တာဝန်လို့ ကိုယ့်ကိုကိုယ် သတိပေးနေမိပါတယ်။ အဲဒီနေ့တွေမှာ မြို့လယ်ဆူးလေကို သံဃာတော်တွေ မရောက်ခင် နေ့လည် (၁၂)နာရီကျော်တာနဲ့ တယ်လီဖုန်းနဲ့တမျိုး ဂျီတော့ခ်ကတသွယ် သံဃာတော်တွေ ဘယ်လမ်းမှာ ကြွချီသွားတယ်၊ အခုဘယ်လမ်းကို ရောက်နေပြီ ဘယ်မြို့နယ်တွေကနေ ဖြတ်လာနေပြီ ဆိုတာတွေဟာ အချင်းချင်း လက်တို့ပြီးပြောကြတဲ့ သတင်းပေးချိန်တွေ ဖြစ်နေခဲ့တယ်။
အဲဒီလို တယ်လီဖုန်းတွေ ဂျီတော့ခ်တွေနဲ့ သတင်းပေးကြသလိုပဲ ဆူးလေလမ်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်း ဆူးလေလမ်းတလျှောက်နဲ့ ဆူးလေဘုရား မြို့တော်ခန်းမတ၀ိုက် အစရှိတဲ့ နေရာတွေမှာ လူတွေဟာ ၃-၄ ယောက်တစု ဟိုက ဒီက လာ လာပြီး စုနေကြပါတယ်။ အဲဒီလိုနဲ့ပဲ နေ့လည် (၂)နာရီနဲ့ (၂ )နာရီခွဲ ကြားမှာ လူတွေဟာ ဘယ်သူမှ မတိုက်တွန်းရပါဘဲ ဆူးလေလမ်းတ၀ိုက်မှာ လူစုလူဝေးကြီး ဖြစ်လာတာကို ကျမတို့ရုံးပေါ်ကနေ မြင်နေရတယ်။ ရုံးပေါ်ကနေ လက်အုပ်ချီပြီး သံဃာတော် ဘယ်နှစ်ပါးလောက် ရှိမလဲဆိုပြီး စိတ်မှန်းနဲ့ ရေတွက်ကြည့်မိတယ်။

စပြီးကြွလာတဲ့နေ့က အပါး ၂၀၀ ကျော် ၃၀၀ လောက် ရှိမယ်လို့ ခန့်မှန်းပါတယ်။ ဒီလိုနဲ့ ၃၊ ၄ရက်လောက်ရတော့ သံဃာတော်တွေရဲ့ ဘေးမှာ ပြည်သူတွေ လက်ချင်းချိတ် ၀န်းရံကာပေးပြီး ပါဝင်လာကြပါတော့တယ်။ အဲဒီလို ပါဝင်လာတဲ့အထဲမှာ တီရှပ်နဲ့ ဂျင်းပင်န်ဝတ်ထားတဲ့ လူငယ်လူရွယ်လေးတွေ တီရှပ်နဲ့ စကတ် ၀တ်ထားတဲ့ မိန်းကလေးတွေပါ ထီးမဆောင်းဘဲ လက်ချင်းချိတ်ပြီးဘေးက ကာရံလိုက်ပါပေးတာတွေ တွေ့ရပါပြီ။ နည်းနည်းထူးဆန်းတာက လူကြီးလို့ ပြောလို့ရတဲ့ အသက် (၅၀)ပတ်ဝန်းကျင်တွေ မတွေ့ရသေးဘဲ လူရွယ်လူလတ်ပိုင်းတွေကို အများဆုံးတွေ့ရတာပါပဲ။

ဒီလိုနဲ့ ရုံးပေါ်ကနေ အောက်အထိဆင်းပြီး မိုးရေထဲ လိုက်ကြည့်မိပါတယ်။ အဲဒီနောက်ကိုတော့ မလိုက်နိုင်သေးပါဘူး။ လစာပေးထားတဲ့ အလုပ်က ရှိသေးတယ်လို့ နောက်ဆံတင်းနေပါတယ်။ ရုံးတက်ရတဲ့ နေ့တွေမှာ သတင်းတွေ ကြားနေရပြီး စိတ်ထဲကဘဲ လိုက်ပါအားပေးနေရပါတယ်။ သံဃာတော်များ ကြွချီလာတော့မယ့် အချိန်မတိုင်ခင်ကတည်းက လမ်းပေါ်ကို လှမ်းမျှော်ကြည့်နေမိပြီး လူတွေကလည်း ဘယ်ကနေဘယ်လို အလျှိုလျှို ရောက်လာကြတယ် မပြောတတ်ပါဘူး။ ဆူးလေဘုရားလမ်းရဲ့ ၀ဲယာနှစ်ဖက်စလုံး၊ ပလက်ဖေါင်းတွေပေါ်မှာ စုစုလာလိုက်တာ ကြည့်နေရင်းကကိုပဲ လူစုလူဝေးကြီး ဖြစ်သွားတော့တာပါပဲ။
ဒါနဲ့ ကျမမျှော်လင့်တဲ့ ရုံးပိတ်ရက် စနေ တနင်္ဂနွေကို ရောက်လာပါပြီ။ စနေနေ့ ၂၂-၉-၂၀၀၇ ကျမ မြို့ထဲကို ရောက်လာတဲ့အချိန်မှာ နေ့လည် (၂)နာရီခွဲကျော်ပြီဖြစ်လို့ သံဃာတော်များ ကြွချီသွားနှင့်ပါပြီ။ ဒီနေ့လည်း ကျမလုပ်ချင်တဲ့ကိစ္စ မလုပ်ဖြစ်လိုက်ပါဘူး။ ဒါနဲ့ ယုဇနပလာဇာဘက် ရောက်သွားတော့လည်း မမီတော့ပါဘူး။ ကျမစိတ်ထဲမှာ တေးထားလိုက်ပါတယ်။ မနက်ဖြန်တော့ မလွတ်စေရဘူးလို့။ ကျမအတွက်တော့ ဒီတနင်္ဂနွေတရက်ပဲ မျှော်လင့်တကြီး ကျန်တော့တာပါ။ ဒါဟာ ကျမလုပ်ရမယ့် တာဝန်ပဲလေ၊ ဒီလိုအခြေအနေနဲ့ အချိန်အခါက ကြုံလာမှ လုပ်ရတဲ့အလုပ်မို့ သမိုင်းပေးတာဝန်အနေနဲ့ ကျမတို့က လုပ်ကိုလုပ်ရမှာပါ။ အဲဒီလိုမျိုး လုပ်ရတယ်ဆိုတာ ကိုယ့်တယောက်တည်း ထလုပ်လို့ ရတာမှမဟုတ်တာ။ တယောက်က စ တစ်ရာမို့ အဲဒီတစ်ရာထဲမှာ တစ်တပ်တစ်အား ပါဝင်အားပေးချင်တာပါ။ ပြည်သူလူထုရဲ့ ဆန္ဒအစစ်အမှန်ကို ဒီလိုနည်းနဲ့ပြမှပဲ ရမှာမဟုတ်လား။

နအဖအဖွဲ့ဟာ အမှားတွေအများကြီး ဆက်တိုက်လုပ်ခဲ့ပြီး ပြည်သူတွေအပေါ် မတရားတဲ့ အမိန့်အာဏာတွေနဲ့ အုပ်ချုပ်ခဲ့တာကို ခံခဲ့ကြရ ခံနေကြရတာပဲလေ။ အခုပဲကြည့်လေ ရိုးရိုးပြည်သူတောင် မဟုတ်ဘူး။ တမျိုးသားလုံး ကိုးကွယ်ယုံကြည်တဲ့ ဗုဒ္ဓရဲ့သားတော် သာသနာ့ဝန်ထမ်း ရဟန်းတော်များကိုတောင် ပခုက္ကူမြို့မှာ ငရဲမကြောက် အရှက်မရှိ သူတို့ကို ဗုဒ္ဓဘာသာဝင်တွေလို့ ပြောဖို့တောင် ရှက်တယ်။ ကိုယ်ကိုးကွယ်တဲ့ ဘာသာတရားကို ထိမ်းသိမ်းစောင့်ရှောက်ပေးတဲ့ သံဃာတော်တွေကို ဆက်ဆံပုံက ကြောက်စရာ လန့်စရာ သူတို့မို့ အရှက်မရှိ အကြောက်အလန့်မရှိ ၊ သူတို့အတွက်က ငရဲဆိုတာ ဂျိုနဲ့လားလို့ မေးကြရမယ့် ငမိုက်သားတစုပေါ့။

ဒီလိုသံဃာတော်တွေ လမ်းပေါ်ကို ကြွချီဖြစ်အောင်လုပ်တာ သူတို့ပဲ အစပျိုးခဲ့တာပဲလေ။ ကိုယ့်အပြစ်ကို ၀န်ခံပြီး တောင်းဆိုချက်တွေကို လိုက်လျှောပေးနိုင်ပါရက်နဲ့ တစုံတရာ အကြောင်းပြန်စကား တောင်းပန်စကား မပြောတဲ့အပြင် နိုင်ငံတော် သံဃာ့နာယက အမည်ခံတဲ့ ဒင်းတို့ ခါးပိုက်ဆောင် ဘွဲ့ထူးဂုဏ်ထူး အဆောင်အယောင်တွေနဲ့ သံဃာ့အယောင်ဆောင်တွေက သရုပ်ဆောင်ပြီး မဟုတ်တာတွေတောင် ပြောခဲ့သေးတာပဲ။
နောက်တနေ့တော့ အိမ်ကစောစောထွက် မြို့ထဲကို (၂)နာရီမထိုးခင် ရောက်ပါမည့်အရေး အားကြိုးမာန်တက်နဲ့ပေါ့။ ဒီလိုနဲ့ ကျမစီးလာတဲ့ ဒိုင်နာကားက ဗဟန်း (၃)လမ်း မှတ်တိုင်ကို ကျော်ခဲ့ပြီး တိရစ္ဆာန်ရုံဘေးက ကျောက်တိုင်မှတ်တိုင်ကအထွက် မီးပွိုင့်မရောက်ခင်ကတည်းက ကားတွေတန်းစီပြီး နည်းနည်းချင်းပဲ ရွေ့ပါတော့တယ်။ ဒီကြားထဲ ကြားဖြတ်တဲ့ကား ကျော်တက်တဲ့ကား အဲဒီလောက် ကားကြပ်တဲ့ကြားက ကားလမ်းပေါ် လစ်တဲ့နေရာဝင်ပြီး ခေါင်းထိုးနေရာယူ များသောအားဖြင့် အဲသလိုတွေ လုပ်နေမှတော့ ဘယ်ကားမှ ရှေ့ကို ကောင်းကောင်း မရောက်နိုင်တော့ဘူးပေါ့။ ဘာဖြစ်နေတာလဲ မေးတော့ ဘုန်းကြီးတွေ တန်းစီကြွချီတာတဲ့။ ကျမစိတ်တွေ လှုပ်ရှားလာပါတယ်။

ဒီနေ့ရော မီမှမီပါ့မလား။ ဒါနဲ့ ယောက်လမ်းမှတ်တိုင်ထိ တရွေ့ရွေ့နဲ့ ရောက်လာပါတယ်။ မိုးကလည်း တဖွဲဖွဲလေး ရွာနေပါတယ်။ ကားစပယ်ရာက ပြောတယ်။ ဒီအတိုင်းဆို ရှေ့ရောက်ဖို့ သိပ်မလွယ်ဘူး။ ကြာဦးမယ်။ ကျမ မစောင့်နိုင်တော့ဘူး။ ယောက်လမ်းမှတ်တိုင်က ဆင်းပြီး လမ်းလျှောက်လိုက်ပါတယ်။ လမ်းမပေါ်မှာ ကားတွေအပြည့်ပဲ တရွေ့ရွေ့နဲ့ မောင်းနေကြတာပါ။ ကျမလိုပဲ လမ်းဆင်းလျှောက်သူတွေ အများသား၊ အသက် (၂၅)နှစ်လောက်ရှိတဲ့ ဂျင်းဘောင်းဘီကိုယ်စီနဲ့ လူငယ်လေးနှစ်ယောက်လည်း ကျမရှေ့က ခပ်သုတ်သုတ်လေး လျှောက်နေတာ တွေ့ရပါတယ်။ ဒါနဲ့ကျမလည်း သူတို့ခြေလှမ်းနဲ့အပြိုင် အပြေးအလွှားပဲ သမ္မတ ဂုံးကျော်တံတားပေါ် ဖြတ်လျှောက်ခဲ့တယ်။

ဂုံးတံတားအဆင်းမှာ ကျမ လှမ်းတွေ့လိုက်ပါပြီ။ လမ်းလျှောက်ကြွချီလာတဲ့ သံဃာတော်တန်းကြီးရဲ့ နောက်ဆုံးမှာ သာသနာ့အလံကိုင် ရဟန်းပျိုတပါးကို လှမ်းမြင်နေရပါပြီ။ ဘေးဝဲယာ နောက်ဖက် ပတ်ပတ်လည်မှာတော့ လူတွေက ၀န်းရံ ကာပေးထားပါတယ်။ သင်္ကန်းရောင်တွေ ၀ါဝါထိန်နေတဲ့ အ၀ါရောင် လှိုင်းလုံးကြီးတလုံးကို ဘေးက လက်တွဲဝန်းရံထားတဲ့ ပြည်သူလူထုတွေနဲ့ ဘောင်ခတ်ထားတဲ့ ပန်းချီကားတချပ်လို လှမ်းမြင်တွေ့လိုက်ရပါပြီ။
ကျမရဲ့စိတ်တွေ ပိုလို့ နိုးကြားတက်ကြွလာသလို ကျမရဲ့ ခြေလှမ်းတွေဟာ ပိုပြီးသွက်လက် မြန်ဆန်လာပါတယ်။ အဲဒီအချိန်မှာ မီးရထား ဂုံးကျော်တံတားအဆင်းမှာ အဖြူရောင် ဗင်ကားတစီး ရပ်ထားပြီး ကားဘေးမှာ လူတယောက် ဂျပန်ဘာသာစကားလား ကိုရီးယားစကားလား မခွဲခြားနိုင်တဲ့ စကားသံနဲ့ အဲဒီမြင်ကွင်းကို လက်ကိုင်ဖုန်းကင်မရာနဲ့ ရိုက်လည်းရိုက် ဖုန်းလည်းပြော လုပ်နေတာ တွေ့ရပါတယ်။ ကျမ ကားနံပါတ်ကို လှမ်းကြည့်တော့ နံပါတ်ပြားဖြုတ်ထားတာ တွေ့ရပါတယ်။ ဒီလိုနဲ့ ခပ်သုတ်သုတ် သူတို့ကို ကျော်ဖြတ်ပြီး ဆူးလေဘုရားလမ်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်က ကုန်သည်ကြီးများ ဟိုတယ်ရှေ့မှာ မေတ္တာပို့ ပရိတ်ရွတ်နေတဲ့ သံဃာတော်တွေရဲ့ နောက်ဆုံးတန်းကို မီလာပါတယ်။ အဲဒီမှာ သီလရှင်ဆရာလေးများကိုပါ တွေ့ရပါတယ်။

မိုးကလည်း သည်းလှတယ် မဟုတ်ပေမယ့် စိုရွှဲစေလောက်တဲ့ တဖွဲဖွဲမိုးကတော့ ရွာနေဆဲပါပဲ။ အဲသလို လျှောက်လာရင်းက ဘေးမှာ လက်တွဲဝန်းရံထားတဲ့ လူတွေကို ကြည့်မိပါတယ်။ များသောအားဖြင့် လူငယ်လေးတွေပါပဲ။ ဒါနဲ့ကျမလည်း ဆောင်းထားတဲ့ ထီးကို ခေါက်လိုက်ပါတယ်။ သူတို့တောင် မိုးရွာထဲမှာ မိုးကာမ၀တ် ထီးမဆောင်းဘဲ လျှောက်သေးတာ၊ ငါကဘာလို့ ထီးဆောင်းမလဲ။ ငါလာတဲ့ ရည်ရွယ်ချက်ကိုက မတရားတာတွေကို ဆန့်ကျင်ဖို့ သူတို့နဲ့အတူ လက်တွဲဖို့မဟုတ်လားလို့ ကိုယ့်ကိုကိုယ် ပြန်ပြီးပြောနေမိပါတယ်။ ဒါနဲ့ ကျမနဲ့ အနီးဆုံးက ကလေးမလေးတယောက်နဲ့ လူငယ်လေးတယောက်ရဲ့ ကြားထဲ ၀င်ရပ်ပြီး အန်တီလည်း ၀င်ပြီး လက်တွဲပါရစေလို့ဆိုတော့ လာပါ လာပါ ဆိုပြီး သူတို့ရဲ့လက်တွေကိုဖြုတ်လို့ ကျမဆီကို လက်ကမ်းပေးခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ နွေးထွေးတဲ့ လက်အစုံတွေနဲ့ ကျမတို့ တယောက်ကိုတယောက် အားမာန်အပြည့် ယုံကြည်ချက်အပြည့်နဲ့ တင်းတင်းဆုပ်ကိုင်ခဲ့ကြပါတယ်။ လက်အစုံရဲ့ နွေးထွေးမှုဟာ ရင်ထဲအထိ နက်နက်ရှိုင်းရှိုင်း နွေးထွေးတဲ့ ခံစားမှုကို ခံစားမိပါတယ်။

ကျမတို့ အနှစ်နှစ်ဆယ်လောက် မတရား ဖိနှပ်အုပ်ချုပ်ခံခဲ့ရတဲ့ ဘ၀တွေကနေ လွတ်မြောက်ဖို့ လမ်းစ မျှော်လင့်ချက်ရောင်ခြည်တွေ တွေ့ပြီရယ်လို့ ခံစားမိတယ်။ ကျမဘေးက မိန်းကလေးနဲ့ လူငယ်လေးဟာ စာမေးပွဲခန်းထဲက ထွက်လာတယ်လို့ ပြောပါတယ်။ ဖြစ်ပေါ်လာတဲ့ ဒီအခြေအနေကို သူတို့လည်း ကျမလိုပဲ ခံယူချက်တွေ ယုံကြည်ချက်တွေနဲ့ စာမေးပွဲခန်းကို ကျောခိုင်းပြီး လာခဲ့ကြတာပေါ့။ ကျမတို့ တယောက်လက်ကို တယောက် တင်းတင်းဆုပ်ကိုင်လို့ လျှောက်ခဲ့ကြတာ မိုးရေစက်တွေကလည်း မျက်နှာပေါ်ခုန်ပေါက်ပြီး ကျလာလိုက် မျက်နှာသုတ်လိုက် မေတ္တာပို့တွေ အော်ဆိုလိုက် လမ်းဘေးဝဲယာက လက်ခုပ်သံတွေ နားထဲဝင်လာလိုက် ရေတိုက်တဲ့သူတွေရဲ့ ရေသန့်ဘူးကို သူတကျိုက် ကိုယ်တကျိုက် သောက်လိုက်နဲ့ ဆူးလေဘုရားကိုပတ်ပြီး ကုန်သည်လမ်းပေါ်က အမေရိကန် သံရုံးရှေ့ အဲဒီကနေ ကုန်သည်လမ်းကို ကားလမ်းပြောင်းပြန် လျှောက်ခဲ့ပြီး သိမ်ဖြူလမ်းမကြီးပေါ် တောက်လျှောက် ကန်တော်ကလေး စာတိုက်ကိုဖြတ် အဲဒီကနေ မင်္ဂလာဈေး၊ ယုဇနပလာဇာရှေ့၊ အောင်မင်္ဂလာ၊ သီတာလမ်း ကျောက်မြောင်းဈေး၊ ယာယီတာမွေဈေး၊ အိုလျှောက်လာလိုက်တဲ့ ဒီလမ်းတလျှောက်မှာ ကျမတို့ မောရပန်းရမှန်း မသိအောင်ကို စိတ်အားထက်သန်စွာနဲ့ လျှော်လှမ်းရင်း မေတ္တာပို့တွေ ရွတ်ဆိုရင်း တွဲထားတဲ့ လက်တွေကို မြဲမြဲဆုပ်ကိုင်ခဲ့ကြပါတယ်။
ဖြတ်လျှောက်လာတဲ့ လမ်းတလျှောက်မှာ လမ်းဘေးဝဲယာက ရပ်ကြည့်သူတွေ လက်ခုပ်တီး အားပေးနေသူတွေကို နေရာမလပ် တွေ့ခဲ့ရပါတယ်။ တချို့လည်း ကြည့်နေရင်းက ၀င်ပြီးလက်ချင်းချိတ် ပါဝင်လာကြပါတယ်။ ဒစ်ဂျစ်တယ်ကင်မရာနဲ့ ဓာတ်ပုံရိုက်ကြ လုပ်တာမျိုးတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီအချိန်မှာတော့ ဘယ်က ဘယ်သူပဲရိုက်ရိုက် နောင်ခါလာ နောင်ခါဈေးပဲလို့ သဘောပိုက်ထားလိုက်ပါတယ်။

ကျမတို့ လျှောက်လာတာ နေ့လည် ၁ နာရီ ၅၀ က စပြီးလျှောက်ခဲ့တာပါ။ ကုန်သည်လမ်းနဲ့ သိမ်ဖြူလမ်းဆုံကို ရောက်တော့ သံဃာတော်တဖွဲ့က ဗိုလ်တထောင်ဘုရားဖက်ကို ခွဲထွက်သွားပါတယ်။ ကျန်တဲ့ သံဃာတော်များနဲ့ သီလရှင် ဆရာလေးများ ပြန်လည်စုစည်းပြီး တာမွေဘက်ကို ဆက်လျှောက်ခဲ့တာပါ။ ဒီလိုနဲ့ တာမွေယာယီဈေးကို ဖြတ်ကျော်ခဲ့အပြီးမှာတော့ တချို့သံဃာတော်တွေက ကျိုက္ကဆံဘက်က ကျောင်းတွေမို့ လမ်းခွဲဖို့ စီမံကြပြီး ကျိုက္ကဆံဘက်ကြွတဲ့ အဖွဲ့ကကြွ၊ တချို့သံဃာတော်တွေက တောင်ဥက္ကလာပဘက်က ကျောင်းကကြွတဲ့ သံဃာတော်များကလည်း လမ်းခွဲပြီးကြွကြဖို့ စီမံနေကြပြီး သံဃာတော်များဟာ နှစ်လမ်းခွဲပြီး ပြန်ကြွကြပါတယ်။

အဲဒီနေရာရောက်တော့ ညနေ ၄ နာရီလည်းကျော်ပြီ။ လမ်းမှာ နေခဲ့ကြသူတွေလည်းရှိဆိုတော့ လူတွေလည်း အနည်းငယ် ကျဲသွားပါပြီ။ တာမွေအ၀ိုင်း ရုပ်ရှင်ရုံရှေ့ရောက်တော့ ကျမလည်း အန်တီလည်း ဒီနေရာမှာပဲ လမ်းခွဲတော့မယ်။ ညနေ (၄)နာရီလည်း ခွဲတော့မှာမို့လို့ နှုတ်ဆက်တော့ တွဲထားတဲ့ လက်တွေကို ဖြုတ်ကြရင်း နက်ဖြန် (၁၂)နာရီ ရွှေတိဂုံဘုရားခြေရင်းမှာ ဆုံမယ် လာခဲ့ပါလားလို့ ကျမကို ဖိတ်ခေါ်ပါတယ်။ အေး … လာချင်ပေမယ့် ရုံးတက်ရဦးမှာ နက်ဖြန် တနင်္လာနေ့လေ။ အခြေအနေပေးရင်တော့ တတပ်တအား ပါဝင်သေးတာပေါ့လို့ပြောပြီး လမ်းခွဲခဲ့ပါတယ်။
အဲဒီကလေးမလေးနဲ့ လူငယ်လေးကို အခုထိ စိတ်ထဲမြင်နေတုန်းပါ။ အသားညိုညို ပိန်ပိန်ပါးပါး အရပ်ရှည်ရှည်နဲ့ သူတို့နှစ်ယောက်စလုံးဟာ မတိမ်းမယိမ်း ပုံစံလေးတွေပါပဲ။ ဒီလိုနဲ့ နောက်ပိုင်းရက်တွေမှာ ဒီအရေးအခင်းကို နအဖ စစ်အာဏာရှင်များက အကြမ်းဖက် နှိမ်နှင်းတဲ့အထဲမှာ ဒီကလေးတွေ ဘယ်များရောက်သွားကြပါလိမ့်၊။ အသက်အန္တရာယ်ပဲ ထိခိုက်ခဲ့ပြီလား။ အရိုက်အနှက်ခံရပြီး အဖမ်းဆီးခံကြရပြီလား။ ဘယ်လိုအဖြစ်တွေများ ဖြစ်သွားခဲ့ပြီလဲ။ လူမသိသူမသိ ပျောက်ဆုံးသွားကြပြီလား။ အဲဒီမေးခွန်းကို သူတို့ကို သတိရတဲ့အခါတိုင်း အဖြေမရဘဲ ကိုယ့်ဘာသာ မေးနေမိပါတယ်။ ဒါပေမယ့် သူတို့ကို မတွေ့ရတော့ပေမယ့် သူတို့ရဲ့အကြောင်းကို မသိရတော့ပေမယ့် သူတို့ရဲ့ နွေးထွေးတဲ့ လက်အစုံနဲ့ အားမာန်အပြည့်နဲ့ တင်းတင်းဆုပ်ကိုင်ခဲ့ဖူးတဲ့ ခံစားချက်ကတော့ ကျမရဲ့ရင်ကို နွေးထွေးနေဆဲပါပဲ။

ကျမကိုယ်တိုင် ပါဝင်လျှောက်လှမ်းခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးရဲ့ မြင်ကွင်းတပိုင်းတစကို ရေးသားပေးပို့ လိုက်ပါတယ်။ အရင်းနှီးကြီးခဲ့တဲ့ ကျမတို့တတွေ အကျိုးအမြတ်လို့ ပြောလိုရမယ့် တရားမျှတခြင်းနဲ့ လူ့အခွင့်အရေးဆိုတဲ့ အသီးအပွင့်တွေကို ကျမတို့ရဲ့ နောင်လာမယ့်မျိုးဆက် တိုင်းပြည်ရဲ့ အနာဂတ် လင်းလက်လှပ သာယာစိုပြေစေဖို့ စည်းလုံးညီညွတ်မှုဆိုတဲ့ အင်အားအပြည့်နဲ့ ဆက်လက်ချီတက် တိုက်ပွဲဝင်ပြီး အမိမြန်မာပြည်အား ကမ္ဘာ့အလယ်မှာ အရှက်ရစေသော သိက္ခာကျစေသော၊ တိုင်းသူပြည်သားများအား အဘက်ဘက်မှ အကျိုးမဲ့စေသော၊ မတရား ဖိနှိပ်အုပ်ချုပ်သော နအဖ အမည်ခံ စစ်အာဏာရူးအဖွဲ့အား အမြစ်ဖြုတ် ချေမှုန်းကြပါစို့။

ရွှေဆည်းဆာ
ရန်ကုန်မြို့
၂၇- ၂ -၂၀၀၈

No comments: