Thursday, February 28, 2008

ဒို့တတွေ မျိုးတူချင်းပေမို့ (ဟာသ)

ဆန်တာကလော့စ် (ခေတ္တ - အင်္ဂပူ)

"နေပြည်တော်(ကြပ်ပြေး)ကို ဒို့တိရစ္ဆာန်တွေ ရွှေ့ရပြီတဲ့ဟေ့" ဟူသော လမ်းတကာလျှောက်သွား ခွေးဝဲစားတကောင်မှ ကြေညာမောင်း ခတ်သဖြင့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်နေ တိရစ္ဆာန်ပေါင်းစုံက လက်ဆင့်ကမ်း (ပါးစပ်ဆင့်ကမ်း)ကာ ကြားကြရသည်။ ရွှေ့ပြောင်းစဆိုတော့ အုပ်စုကွဲသွားသော ဆင်ကြီးတချို့မှာ ကြီးကောင်ကြီးမားနှင့် မျက်ရည်ကျကြတာကလွဲ၍ တိရစ္ဆာန်အများစုမှာ ၀မ်းသာလုံး ဆို့သွားကြသည်။ တိရစ္ဆာန်တို့၏ ဘုရင်ဖြစ်သော ခြင်္သေ့ကြီး (ခွေးလိုလို၊ ၀ဲအပြည့်ပေါက်နေသော ခြင်္သေ့)က ကျပ်ငွေငါးရာနှင့် တထောင်တန် အထပ်လိုက်ကို ကိုင်ပြကာ ယခုလို ပြောချလိုက်၏။

"အကောင်းဆုံး အစီအစဉ်မို့ ငါကတော့ တိရစ္ဆာန်ထောက်ခံပွဲ မလိုဘဲ အပြည့်အ၀ ကြိုဆိုထောက်ခံတယ်ဟေ့၊ နအဖနဲ့ ငါတို့ဟာ မျိုးတူချင်းတွေမို့လို့ ဒီနေရာမှာ သွေးစည်းညီညွတ်ရမယ်ဟေ့၊ ဒီတော့ ကြပ်ပြေးကို ဒို့တတွေ တကောင်မကျန် ပြောင်းကြမယ်ဟေ့၊ ဟုတ်တယ် မဟုတ်လား"

"ဟုတ်ပါတယ်၊ ထောက်ခံပါတယ်" "မှန်ပါတယ်" "၀မ်းစမိုး" "ဘရားဗိုး" "ဘဲရီးဂွတ်ဒ်"

ထိုစဉ်ခဏ၀ယ် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တခုလုံး သောသောညံညံ ထောက်ခံသံများ လွှမ်းသွားပါတော့သည်။

ဆန်တာကလော့စ် (ခေတ္တ - အင်္ဂပူ)

No comments: