Tuesday, February 26, 2008

အဝေးက ပေးစာတစောင်

ယာတောက သာဗြော

ကိုဟိုဒင်းရေ …

ကျနော်တို့ ဗမာနိုင်ငံသားတွေ အစွမ်းပြရမယ့်အချိန် ရောက်လာပြန်ပါပေါ့လားဗျာ။

မျက်စိလည်မသွားနဲ့ ဦးနော် မိတ်ဆွေကြီး။ ကျနော်ဆိုလိုတာက နအဖကျင်းပတော့မယ့် လူထုဆန္ဒခံယူပွဲကြီးကို ပြောတာ။ ဘာတဲ့၊ မေလထဲမှာ ကျင်းပမယ်ဆို မဟုတ်လား။ နအဖတို့များ လုပ်ချလိုက်တာ၊ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေဆိုတာကို ကြေတောင် မကြေညာရသေးဘူး၊ အတည်ပြုဖို့ အစီအစဉ် ကြေညာနေပြီ။ ကလေးမမွေးခင်ကတည်းက သူ့အတွက် ပခက်တင်ပွဲ ဖိတ်စာကမ်းနေတာနဲ့ မတူဘူးလား။ တနည်းပြောရရင် ဗမာပြည်သားတွေဟာ သတို့သားမျက်နှာတောင် မမြင်ရပဲ အပေးစားခံရမယ့် သဘောဗျ။ နောက်ပြီး ဖွဲ့စည်းပုံမှ အတည်မပြုရသေးဘူး၊ အဲဒီအထဲက ပြဋ္ဌာန်းတဲ့အတိုင်း ရွေးကောက်ပွဲကျင်းပဖို့ ရက်သတ်မှတ်နေပြီ။ ငါဘုရင်- ခုတင်ကို ဘယ်နှစ်ပတ် ပတ် ပတ်၊ ပတ်လို့ရတယ်ဆိုပြီးလုပ်နေကြတာတွေပဲ။ သူတို့နဲ့ အကျိုးအကြောင်းပြောလို့ မဖြစ်ပါဘူး။

ဒီတပွဲမှာ နအဖဟာ ဘယ့်ကလောက် အပိုင်တွက်ထားသလဲဆိုရင် လူထုကို နှစ်လပဲ အချိန်ပေးပြီး အပြတ်လုပ်ဖို့ ပြင်ထားရုံမက နောက်ခြေလှမ်းအတွက်တောင် စီမံကိန်းကို ကြေညာလိုက်သေးတယ်။ သူတို့ဘက်က ဘာတွေ၊ ဘယ်လို ပြင်ဆင်ထားတယ်တော့ မပြောနိုင်ဘူး၊ လုပ်ပုံတွေကတော့ ပုံမှန်မဟုတ်တာ အမှန်ပဲဗျ။ ဒီနေ့လို လူတကာက သူတို့ကို မုန်းတီးမှန်းသိရက်နဲ့ အခုလို ကြေညာလိုက်တော့ လူထုအပေါ် အထင်သေးလှချည့်လားလို့ တွေးရတော့မှာပေါ့ဗျာ။

တကယ်က ဒီစစ်ဗိုလ်ချုပ်တွေဟာ ဗမာပြည်က ပြည်သူတွေရဲ့ သဘောထားကို မသိတာ မဟုတ်ပါဘူး။ သိတယ်။ ဒါပေမယ့် သူတို့လက်ထဲမှာ ဘာဝှက်ဖဲ ရှိတယ်ဆိုတာကို ကျနော်တို့က မသိဘူး။ ဒီလိုအခြေအနေမှာ သူတို့ဘက်က တင်လာတဲ့ ကိစ္စဟာ တိုင်းပြည်ရဲ့ အနာဂတ် ကံကြမ္မာကို အဆုံးအဖြတ်ပေးမယ့် ကိစ္စဖြစ်နေတယ်။ ကျနော်တို့ သားစဉ်မြေးဆက်တွေပါ စစ်သံဖနောင့်အောက်မှာ ပြားပြားဝပ် နေရမယ့် ကိစ္စဖြစ်တယ်။ အရင်ကတော့ သူတို့စစ်တပ်ထဲမှာ အောက်ခြေ တပ်သားတွေက အထက်အရာရှိတွေကို ဘာမှ လှန်မပြောနိုင်ဘဲ ပြားပြားဝပ်နေရတယ် ဆိုတာမျိုး ရှိခဲ့တယ်။ အခုတော့ တနိုင်ငံလုံး၊ တိုင်းရင်းသားလူမျိုးအားလုံး ဆွေစဉ်မျိုးဆက် စစ်ဗိုလ်တွေကို ပြန်မလှန်ဘဲ ပြားပြားဝပ်နေရမယ့် အနေအထားဖြစ်တယ်။

ဒါကြောင့် ပြည်သူလူထုနဲ့ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေအဖို့ ပြောရရင် ဒီတပွဲဟာ အသည်းချင်း ပေါက်ရမယ့်ပွဲပဲဗျ။ ဒီပွဲမှာ တချက်တွေဝေရင် တသက်ဝေလေလေ လုပ်နေရမှာ။ နောက်ပြီး နောင်လာနောက်သားတွေကလည်း ကျနော်တို့တတွေ ဒီအခွင့်အရေး ရခဲ့ရက်သားနဲ့ သူတို့ကိုပါ စစ်အုပ်စုရဲ့ ကျေးကျွန်အဖြစ် ထားခဲ့ရကောင်းလားလို့ အပြစ်တင်ကြမှာ။ ကျနော်တို့တတွေ သူတို့ကို ကောင်းမွေ ပေးချင်တယ်ဆိုရင် ဒီကိစ္စကိုပါ ဖြေရှင်းပေးခဲ့နိုင်သင့်တယ်ဗျ။

တကယ်တော့ဗျာ၊ ကျနော်တို့ ပြည်သူတွေဟာ မဲထည့်တယ်ဆိုတာနဲ့ ပတ်သက်လို့ အတွေ့အကြုံလည်းရှိ၊ သတ္တိလည်းရှိ၊ တီထွင်မှုလည်းရှိကြပါတယ်။ အရေးကြီးတာ သူတို့ကို မှန်ကန်တဲ့ ခေါင်းဆောင်မှုတခု၊ ရှင်းရှင်းလင်းလင်း ပေးဖို့ပဲဗျ။ ကျန်တာကို သူတို့ဖာသာသူတို့ လုပ်တတ်တယ်လို့ ကျနော်တော့ ယုံကြည်တယ်။
ဗမာပြည်ရဲ့ ခေတ်သစ်သမိုင်းမှာ အင်မတန် အရေးပါပြီး ထူးခြားတဲ့ ၁၉၆၀ခုနှစ်နဲ့ ၁၉၉၀ခုနှစ်တုန်းက ရွေးကောက်ပွဲတွေကိုပဲ ပြန်စဉ်းစားလိုက်ပါဗျာ။ ဒီနှစ်ပွဲစလုံးဟာ စစ်အာဏာရှင်စနစ်နဲ့ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ကျနော်တို့ ပြည်သူလူထုတွေ ပြတ်ပြတ်သားသားဖော်ပြခဲ့တဲ့ အောင်ပွဲခံ ရွေးကောက်ပွဲတွေ မဟုတ်ဘူးလား။ တကယ်ဆိုရင် ၁၉၅၆ခုနှစ် ရွေးကောက်ပွဲမှာကိုပဲ ပြည်သူတွေဟာ သူတို့အစွမ်းကို စပြခဲ့ပြီလို့ ပြောနိုင်ပါတယ်။ အဲဒီတုန်းက ဖဆပလ၊ စစ်တပ်နဲ့ ပြူစောထီးတွေကနေ အမျိုးမျိုးညစ်ပတ်၊ သတ်ဖြတ်တဲ့ အကြားကပဲ အတိုက်အခံတွေကို အင်တိုက်အားတိုက် မဲပေးခဲ့ကြသဗျ။ အမတ်အရေအတွက် အနေနဲ့တော့ ဖဆပလက အများကြီး သာတာပေါ့ဗျာ၊ ဒါပေမယ့် စုစုပေါင်းရတဲ့ မဲအရေအတွက်ကျတော့ ဖဆပလက ၁၇သိန်းကျော်၊ အတိုက်အခံတွေက ၁၅သိန်းကျော် ရခဲ့ကြတယ်ဗျ။ အမတ်အရေအတွက်မှာ ပမညတဆိုတဲ့ အဓိက အတိုက်အခံပါတီက ၄၆နေရာပဲ ရတော့ ၁၄၄ နေရာရခဲ့တဲ့ ဖဆပလခေါင်းဆောင်တွေက ဟားကြတာပေါ့ဗျာ။ ဒါပေမယ့် ဖဆပလကွဲလို့ အစိုးရပြန်ဖွဲ့ကြတော့ အဲဒီ အမတ် ၄၆ဦးကပဲ အဆုံးအဖြတ် ပေးခဲ့တာဟာ သမိုင်းရဲ့ လှောင်ပြောင်မှုတခုသဖွယ် ပြောစမှတ် ဖြစ်ခဲ့တယ်လေ။

နောက်တခါ ဖဆပလကွဲပြီးတဲ့နောက် စစ်တပ်က ပထမဆုံးအကြိမ် အာဏာသိမ်းပြီး ကျင်းပပေးတဲ့ ရွေးကောက်ပွဲမှာကျတော့ လူထုဟာ (အဲဒီတုန်းက အသုံးအနှုန်းအတိုင်း ပြောရရင်) အသဲကြားက မဲပြားတွေနဲ့ စစ်အာဏာရှင်စနစ် မလိုလားကြောင်း ပြတ်ပြတ်သားသား ဖော်ပြလိုက်ကြတယ်ဗျ။ တကယ်ကျတော့ အဲဒီတုန်းက တည်မြဲနဲ့ သန့်ရှင်းအကြားမှာ မူဝါဒအရ တယ်ပြီးကွာခြားလှတာ မဟုတ်ပါဘူး။ အကျင့်ပျက်ခြစားမှုဆိုတာလည်း ဘယ်ဘက်မှ သိပ်ကင်းကြတာ မဟုတ်ပါဘူးဗျာ။ (အဲဒီတုန်းက သူတို့ချင်း ညောင်မြစ် တူးကြတဲ့ စာတွေ သတင်းစားတွေထဲမှာ ဖတ်ခဲ့ရတာကို ခင်ဗျားလည်း မှတ်မိမှာပေါ့) ဒါပေမယ့် တည်မြဲ-ဆိုရှယ်လစ်-ဗိုလ်နေ၀င်း စစ်အုပ်စုဆိုတဲ့ တြိဂံဆက်စပ်မှုဟာ ရွေးကောက်ပွဲရဲ့ အရှုံးအနိုင်ကို ပြဋ္ဌာန်းသွားတယ်လို့ ပြောရမယ်ထင်ပါတယ်။ အပြတ်အသတ်ပါပဲ။ အဲဒီရွေးကောက်ပွဲမှာ စစ်တပ်က သေနတ်ထောက် မဲပေးခိုင်းမှုတွေ အကြားကပဲ ပထစ(သန့်ရှင်း)က အမတ်နေရာပေါင်း ၁၅၉နေရာ၊ ဖဆပလ(တည်မြဲ)က အမတ်နေရာပေါင်း ၄၂နေရာရခဲ့ကြပြီး ၁၉၅၆ခုနှစ် ရွေးကောက်ပွဲတုန်းက အဓိကအတိုက်အခံ အင်အားကြီးဖြစ်ခဲ့တဲ့ ပမညတ ကတော့ တနေရာမှ မရခဲ့ဘူးဗျ။

ကျနော့် တဦးချင်းအနေနဲ့ အခုပြန်စဉ်းစားလိုက်တော့ အဲဒီတုန်းက တကယ်လို့သာ ဖဆပလ(တည်မြဲ)ဟာ အာဏာသိမ်းစစ်အုပ်စုနဲ့ ကင်းကင်းရှင်းရှင်းရှိခဲ့ရင် ဒီလောက်အပြတ်အသတ် ဖြစ်ကောင်းမှဖြစ်မယ်၊ တန်းတူလောက် ဖြစ်ကောင်းဖြစ်မယ်လို့ တွေးမိနေတယ်။ သေချာတာကတော့ မဲပေးသူလူထုဟာ မဲအရေအတွက် ပြားမထွက်အောင် စုပြီးပုံအောတန်ရင် အောရမယ် ဆိုတာကို နားလည်နေတာပဲဗျ။

ပြည်သူလူထုရဲ့ အဲဒီလို တုန့်ပြန်လိုက်မှုကြောင့် မှတ်လောက်သားလောက်တဲ့ အလှည့်အပြောင်းကြီးနှစ်ခု ဖြစ်ခဲ့တယ်။ တခုက ဆိုရှယ်လစ်စစ်အုပ်စုနဲ့ ဖဆပလကို လူထုအကြားမှာ ပွင့်ကျသွားစေခဲ့တယ်။ တချိန်က အရှိန်သြဇာ အင်မတန် ကြီးမားလှတဲ့ ဖဆပလ ဆိုတဲ့ နာမည်ဟာ အဲဒီအချိန်ကစပြီး ဗမာ့နိုင်ငံရေး ဇာတ်ခုံပေါ်မှာ အမည်းစက်တွေနဲ့ ချောင်ထဲရောက်သွားတော့တာပဲဗျ။ ၁၉၉၀ခုနှစ် ရွေးကောက်ပွဲကာလမှာ ပြန်ပွဲထုတ်လို့တောင် မရတော့သလောက်ပဲ မဟုတ်လား။ နောက်တချက်ကတော့ စစ်အုပ်စုထဲမှာ ကွဲထွက်သွားတာ ဖြစ်တယ်။ အာဏာကို တနည်းနည်းနဲ့ ပြန်ယူဦးမယ်လို့ သန္နိဋ္ဌာန်ချထားတဲ့ ဗိုလ်နေ၀င်းဟာ သူ့အနာဂတ်အတွက် အရှည်မျှော်ပြီး တချိန်က သူ့ကို ဒီနေရာရောက်အောင် ပုခုံးနဲ့ ထမ်းတင်ခဲ့ကြတဲ့ ဆိုရှယ်လစ်ပါတီဝင် စစ်ဗိုလ်တွေကို တပ်ထဲက ထုတ်ပစ်လိုက်တယ်။ ဗိုလ်နေ၀င်းဟာ သူ့စစ်အုပ်စုအဖို့ အရင်လူ၊ အရင်မူတွေနဲ့ ဆက်သွားလို့ မဖြစ်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီး စစ်အုပ်စု ထိပ်ပိုင်းမှာ မျက်နှာသစ် အများအပြားတင်ပြီး ဆိုရှယ်လစ် စကားတွေနဲ့ စခန်းသွားတော့တာပဲလေ။
အလားတူပဲ ၁၉၉၀ခုနှစ် ရွေးကောက်ပွဲအကြောင်းတော့ အများသိပြီးလိုမို့ ကျနော်အကျယ်မရေးတော့ပဘူး။ ဒီမှာလည်း လူထုကြီးကမဲပေးပစ်လိုက်တာ စစ်အုပ်စုထဲမှာကွဲထွက်သွားပြီး ဗိုလ်နေ၀င်းရဲ့အရှိန်သြဇာတွေ နေ၀င် သွားတော့တယ် မဟုတ်လားဗျာ။

ဒီတခါ နအဖရဲ့ ဆန္ဒခံယူပွဲမှာလည်း လူထုဟာ မဲကလေးထည့်ရုံနဲ့ စစ်အစိုးရကို တုန်ခါသွားစေနိုင်တယ်ဆိုတဲ့ ထုံးကို နှလုံးမူပြီး အစွမ်းပြကြရတော့မယ်ထင်တယ် ကိုဟိုဒင်းရေ။ ကမ္ဘာမှာ နိုင်ငံရေးနိုးကြားမှု၊ နိုင်ငံရေးအသိနဲ့ ပတ်သက်လာရင် ကျနော်တို့ နိုင်ငံသားတွေဟာ တခြားဘယ်နိုင်ငံသားတွေထက်မှာ မနိမ့်ဘူးလို့ ကျနော်မကြာခဏ ပြောလေ့ရှိတယ်ဗျ။ ဒါဟာလည်း ကျနော်တို့ နိုင်ငံကိုက လွတ်လပ်ရေးရတယ်ဆိုကတည်းက နိုင်ငံရေးမတည်ငြိမ်မှုနဲ့ နိုင်ငံရေးတိုက်ပွဲတွေ အဆက်မပြတ် ဆင်နွှဲနေကြရတာနဲ့ တိုက်ရိုက်ဆိုင်တယ်လို့ ထင်တာပဲ။

ဘာပဲဖြစ်ဖြစ်လေ၊ အခုတခါမှာလည်း ကျနော်တို့ ပြည်သူတွေဟာ သူတို့ရဲ့ ကြီးမြတ်၊ ဂုဏ်ပြောင်မှုကို ဖော်ပြကြဦးမယ်လို့ပဲ ယုံကြည်မျှော်လင့်နေမိတယ် မိတ်ဆွေကြီးရေ …

ဘယာဘေး ကွာဝေးကြပါစေ …
ယာတောကသာဗြော

No comments: