Saturday, January 5, 2008

နှုတ်မိန့်အရ နှုတ်မိန့်အရ ဟုဆိုကာ

ဒေါင်းတမန်

နှုတ်တရာ စာတလုံး ဆိုသော ဆိုရိုးစကား ရှိသည့်အတိုင်း စကား ဘယ်လောက်များများ ပြောပြော စာတလုံး ရေးသား မှတ်တမ်းတင်ခြင်းလောက် အကျိုးမရှိပါ။ ထို့ကြောင့်ပင် မိမိတို့ လေးနက်စေချင်သည့် ကိစ္စများကို စာတတန် ပေတဖွဲ့ ရေးသား၍ မှတ်တမ်းတင်ခြင်း၊ ပြောကြားခြင်း၊ ခိုင်းစေခြင်းတို့ကို ပြုလုပ်ကြခြင်း ဖြစ်ပါသည်။

နိုင်ငံ့ခေါင်းဆောင်များ၏ မိန့်ခွန်းကဲ့သို့သော သမိုင်းဝင်မည့် အကြောင်းအရာများကို သတင်းစာတွင် ဖော်ပြကြမြဲ၊ ပြည်သူတရပ်လုံးနှင့် ဆိုင်သော အရေးကြီး အမိန့်များကိုလည်း သတင်းစာများတွင် ဖော်ပြကြရမြဲ ဖြစ်ပါသည်။ ယုတ်စွအဆုံး ဌာနတခုအတွင်း ဌာနတွင်း ၀န်ထမ်းများသာ သိရန်လိုသည့် အမိန့်မျိုး ဖြစ်လျှင်တောင် ဌာနတွင်းအမိန့်အဖြစ် ထုတ်ပြန်ကြရပါသည်။

ယခု နအဖခေတ်ကျမှပင် ဘယ်ခေတ် ဘယ်တိုင်းပြည်တွင်မှ မကြားဖူးခဲ့သည့် နှုတ်မိန့်ဆိုသော စကားလုံး ခေတ်စားလာခြင်းမှာ ဘ၀င်မကျစရာ ကောင်းလှပါသည်။

ထိုနှုတ်မိန့်ဆိုသော စကားလုံး၏ မြစ်ဖျားခံရာကို လိုက်ကြည့်သော် နအဖ ခေါင်းဆောင်များ၏ ထင်ရာ အမိန့်ပေးတတ်သော အလေ့အထကြောင့် ပေါ်ပေါက်ခဲ့သည်ကို တွေ့ရပါသည်။

နအဖ၀န်ကြီးတိုင်းလိုလို တိုင်းခန်းလှည့်လည် စားသောက်ခြင်းကို အလွန် ၀ါသနာပါကြပါသည်။ ထိုသို့ လှည့်လည်ရာတွင်လည်း မိမိနားမလည်သော ကိစ္စများတွင် ငြိမ်ငြိမ်မနေဘဲ ပေါက်ကရ အမိန့်များကို ပေးလေ့ရှိသည်မှာ အများသိပြီး ဖြစ်ပါသည်။ ထိုအမိန့် ညွှန်ကြားချက်များသည် တရားဝင်စာဖြင့် ထုတ်ပြန်ရန် မသင့်လျော်လောက်အောင် ပေါက်ကရများ ဖြစ်နေတတ်ပေရာ စာဖြင့် ထုတ်ပြန်သည်ကို တွေ့ရမည် မဟုတ်ပေ။ နောက်မှ လိုက်ပါလာသော ဌာနဆိုင်ရာ ၀န်ထမ်း အကြီးအကဲကသာ စာအုပ်လေးတအုပ်နှင့် လိုက်မှတ်ထားပြီး နောင်အခါ သူ့ထက် ငယ်သည့် ၀န်ထမ်းအား ၀န်ကြီး၏နှုတ်မိန့်အရဟု တဆင့်ပြန်ခိုင်းခြင်းမျိုးသာ တွေ့ရပါမည်။

အထက်ပါ ဖြစ်စဉ်ကို ကြည့်ပါက အမိန့်ပေးသူ အနေဖြင့် အမြတ်နှစ်မျိုး ထွက်သည်ကို တွေ့ရပါမည်။ (၁) မိမိ၏ အမိန့် မှန်ကန်စွာ အလုပ်ဖြစ်ခဲ့သော် မိမိ၏ ညွှန်ကြားမှု မှန်ကန်ကြောင်း ပဏာယူနိုင်ပါသည်။ (၂) မိမိ၏ အမိန့် မှားယွင်းသွားပါက မှတ်တမ်းအထောက်အထား မကျန်သည့်အတွက် သူတပါးအပေါ် အပြစ်ပုံချရန် လွယ်ကူပါသည်။ ထို့ကြောင့်ပင် နအဖခေါင်းဆောင်များအကြား နှုတ်ဖြင့်သာ လက်လွတ်စပယ် အမိန့်ပေးသော မကောင်းသည့် အကျင့်ဆိုး စွဲမြဲလာပြီး အခိုင်းခံ ၀န်ထမ်းများကလည်း လိုက်၍ အကောင်အထည် ဖော်ပေးကြခြင်းဖြင့် နှုတ်မိန့်အရ ဆိုသော မမှန်မကန် ဆောင်ရွက်ချက်များကို တွေ့လာရခြင်း ဖြစ်ပါသည်။

စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး ကာလတုန်းကဆိုလျှင် ပုဒ်မ(၁၄၄)ထုတ်ပြန်ခြင်း၊ နေ၀င်မီးငြိမ်းအမိန့် ထုတ်ပြန်ခြင်းကဲ့သို့ ပြည်သူအများ သိရမည့် အရေးကြီး အမိန့်များကိုပင် သတင်းစာ၊ ရေဒီယိုတို့မှ တရားဝင် ထုတ်ပြန်ခြင်း မရှိဘဲ ထိုဥပဒေများ၏ အာဏာကို မလိမ့်တပတ်လုပ်ပြီး အသုံးချခဲ့သည်ကို တွေ့ရပါသည်။ ထိုဥပဒေများသည် နှုတ်မိန့်ဖြင့်ပေး၍ ကျင့်သုံးသင့်သည့် ဥပဒေများ မဟုတ်ပေ။

ယခုရက်ပိုင်းတွင်လည်း နအဖအစိုးရသည် တရားဝင်ထုတ်ပြန်ခြင်းမရှိဘဲ နှုတ်မိန့်ဟူသော စကားဖြင့် ပြည်သူကို သွေးတိုးစမ်းခဲ့သည့် အလုပ်နှစ်ခုကို လုပ်ခဲ့ပါသည်။

ပထမကိစ္စမှာ လောင်စာဆီခွဲတမ်းကို နောက်ထပ် လျှော့ချဖို့ ကြိုးစားကြည့်ခြင်း ဖြစ်သည်။ အခြေအနေ မဟန်လျှင် နောက်ပြန်ဆုတ်လို့ရအောင် တရားဝင် မကြေညာခဲ့ပေ။ နောက်ပိုင်းတွင် စက်တင်ဘာ အရေးအခင်းကဲ့သို့ ပြန်ပေါ်ပေါက်လာမည်ကို စိုးရိမ်သောကြောင့် ထိုနှုတ်မိန့်ကို ပြန်ရုပ်သိမ်းပြီး လောင်စာဆီကို လျှော့မပေးပါဟု ထိုအခါမှ တရားဝင် ဖော်ပြလေသည်။

ဒုတိယကိစ္စမှာ ဂြိုလ်တုစလောင်းများကို အခွန် ၁၀ သိန်းကောက်ယူမည် ဆိုသော ကိစ္စ ဖြစ်ပါသည်။ ထိုအမိန့်ကို မည်သူက လက်မှတ်ထိုးပြီး ထုတ်ပြန်သည်ဟု တရားဝင် မသိရသေးချေ။ သို့သော် နအဖ၏ အောက်ဆွဲ အောက်ခြေ အာဏာပိုင်များ၊ ၀န်ထမ်းများက စလောင်းရှိသော ပြည်သူများကို အကျပ်ကိုင်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို ပြုလုပ်နေကြကြောင်း စိတ်မချမ်းမြေ့ဖွယ် ကြားနေရပါသည်။

မတရားသဖြင့် အမိန့်ပေးခြင်းကို တရားဝင် မကြေငြာဘဲ နှုတ်မိန့်အရဟု ဆိုရုံမျှဖြင့် အကောင်အထည် ဖော်သင့်ကြပါသလား။ ကျနော်တို့ ပြည်သူတွေကရော ငြိမ်ခံကြရပါမည်လား။

ဘုရင်တို့၏ အမိန့်ဟူသည် ထွက်ပြီးဆင်စွယ် ပြန်ဝင်သည် မရှိသကဲ့သို့ တသမတ်တည်း ဖြစ်ရပါမည်။ ထို့ကြောင့်လည်း အမိန့်တခု ထုတ်မည်ကြံတိုင်း မှန်၏၊ မမှန်၏။ တော်၏၊ မတော်၏ အဖန်ဖန် ချင့်ချိန်ပြီးမှ ထုတ်သင့်ပါသည်။

ယခုမူ နအဖအစိုးရသည် မတရားသော အမိန့်များကို စိတ်ရူးပေါက်တိုင်း နှုတ်မိန့်ဟု ခိုင်းစေပြီး တာဝန်မယူလိုသည့် သဘောဖြင့် တရားဝင် မထုတ်ပြန်ခြင်း၊ အခြေအနေ မဟန်ပါက ပြန်လျှော့နိုင်ရန် လိပ်ခေါင်းကဲ့သို့ ၀င်နိုင်ထွက်နိုင်သော နှုတ်မိန့်များကိုသုံးပြီး ပြည်သူများကို တဖြည်းဖြည်း တင်းကျပ်နေခြင်းမှာ ယောက်ျားကောင်းတို့၏ လုပ်ရပ်နှင့်မတူဘဲ မိန်းမလျာများထက်ပင် ရွံရှာဖွယ် အောက်လမ်းနည်းများ သုံးနေသည့် အနေအထားကို ရောက်နေကြောင်း တင်ပြလိုက်ရပါသည်။

ဒေါင်းတမန်

1 comment:

Nwe Oo said...

I would like to suggest to avoid using words which some people may feel offended; for example
ယောက်ျားကောင်းတို့၏ လုပ်ရပ်နှင့်မတူဘဲ မိန်းမလျာများထက်ပင် ရွံရှာဖွယ်
Other than that, i agree with the message from your article. Many thanks.