Saturday, January 5, 2008

တွေ့ဆုံဆွေးနွေးရေး ဘာလဲ ဘယ်လဲ

တွေ့ဆုံဆွေးနွေးရေး ဘာလဲ ဘယ်လဲ
ဒေါက်တာလွဏ်းဆွေ

စက်တင်ဘာအရေးတော်ပုံ ကြိုးကွင်းက မထင်မှတ်ဘဲ နအဖ လည်ပင်းကို စွပ်သွားသည်။ နအဖ အသက်ရှူ ကျပ်လာပုံ ပေါ်သည်။ သို့နှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးပါမည်ဟု ဂမ်ဘာရီရှေ့မှာ ဗိုလ်သန်းရွှေ ကပျာကယာ ကတိပေးလိုက်ရသည်။ ယခင် သတင်းစာရှင်းလင်းပွဲတိုင်းတွင်မူ နအဖ ပြန်ကြားရေး ၀န်ကလေး ဗိုလ်ကျော်ဆန်းက အန်အယ်လ်ဒီနှင့် တွေ့ဆုံဆွေးနွေးစရာ အကြောင်း လုံးဝမရှိဟု လေသံခပ်မာမာနှင့် ပြောခဲ့သည်ချည်း ဖြစ်သည်။ ဂမ်ဘာရီ အပြန်တွင်မူ ဗိုလ်သန်းရွှေ၏ ကတိစကားများကြောင့် ဗိုလ်ကျော်ဆန်း လေလုံးထွားခဲ့သည်များ အကုန် မြောင်းထဲရောက်ကုန်တော့၏။ ရောက်လည်း ဗိုလ်ကျော်ဆန်းက မျက်နှာပြောင်ပြောင်နှင့် နေမည်ပင်။ သူလည်း ဗိုလ်သန်းရွှေ ပြောခိုင်းသည်များကိုသာ ပြောခဲ့ရသည် မဟုတ်လား။ အခု တပ်ချုပ်ကြီး ကိုယ်တိုင်က ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ပါမည်ဆိုတော့လည်း တွေ့ပေါ့ဟုပင် ရုပ်သေးရုပ်ကလေး ဗိုလ်ကျော်ဆန်း ပြောလိမ့်မည် ထင်သည်။

ဤသို့ ရှေ့နောက်မညီသည့် ကိစ္စမျိုးသည် နအဖ စစ်ဗိုလ်တွေအဖို့ ပြဿနာလည်း မဟုတ်၊ ရှက်စရာလည်း မဟုတ်တော့။ ၁၉နှစ်ကျော် ကိုက်လာသည့် အာဏာအမဲရိုး ချက်ချင်း လွတ်မကျသွားရေးသာ သူတို့အတွက် အရေးကြီးသည်။ လတ်တလော အသက်ရှူကျပ်နေတာ ပြေပျောက်စေဖို့ပဲ သူတို့ ဥာဏ်နီဥာဏ်နက် ထုတ်သည်။ နိုင်ငံတကာ ဖိအားတွေ လျော့မှ ဖြစ်မည်။ အမျက်ဒေါသ ချောင်းချောင်းထွက်နေသည့် ပြည်သူတွေကို အမျက်ပြေဆေး အမြန်တိုက်ကျွေးမှ ဖြစ်မည်။ ထို့အတွက် သူတို့ အမြဲတစေ ပိတ်ထားသည့် တံခါးတချပ်ကို ရှေ့မျက်နှာ နောက်ထားပြီး ဖွင့်လိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုယ်တိုင် တွေ့ဆုံဆွေးနွေးပါမည်ဟု ဂမ်ဘာရီကို ဗိုလ်သန်းရွှေ ကတိပေးလိုက်လေသည်။

တကယ်တော့ စက်တင်ဘာ အရေးတော်ပုံမျိုးကို နအဖဘက်ကရော အတိုက်အခံတွေဘက်ကပါ ထင်မှတ် ထားသည် မဟုတ်။ နှစ်ဦးနှစ်ဖက် မျှော်လင့်ထားသည်က ဆင်းရဲမွဲတေမှု၊ စားဝတ်နေရေး အလွန်အမင်း ကျပ်တည်းမှုတို့ကြောင့် ပေါက်ကွဲထွက်လာမည့် လူထုအုံကြွမှုမျိုး ဖြစ်သည်။ ခန့်မှန်းထားသည့်အတိုင်း လူထုအုံကြွမှုတော့ ဖြစ်လာသည်။ သို့သော် သံဃာတော်တွေ ရှေ့ကနေ ဦးဆောင်သည့် လူထုအုံကြွမှုကြီး ဖြစ်နေသည်။ ပခုက္ကူ သံဃာတော်နှစ်ပါး ရိုက်နှက်ခံရသည့် မီးပွားကြောင့် တနိုင်ငံလုံးရှိ သံဃာတော်တွေ ပတ္တနိက္ကုဇ္စနကံဆောင် သပိတ်မှောက်ရင်း တမဟုတ်ချင်း ကြီးထွားလာသည့် ရွှေဝါရောင် အရေးတော်ပုံကြီး ဖြစ်နေသည်။ သံဃာတော်တွေ ရှေ့က ကာနေသည့်အတွက် နအဖအနေနှင့် ဘယ်လိုဘယ်ပုံ နှိမ်နင်းရမည်ကို အလျင်အမြန် ကြံစည်နေရသလို အတိုက်အခံ နိုင်ငံရေးအင်အားစုတွေ အနေနှင့်လည်း ၈၈-အရေးတော်ပုံနှင့် မတူသည့် ရွှေဝါရောင်တော်လှန်ရေးကြီးတွင် မည်သို့မည်ပုံ ပါဝင်ဆင်နွှဲရမည်မသိဘဲ အခြေအနေကို စောင့်ကြည့်နေခဲ့ကြသည်။

သို့နှင့် စက်တင်ဘာ (၁၈)ရက်က စခဲ့သည့် သံဃာတော်တွေ၏ လမ်းလျှောက် မေတ္တာသုတ်ရွတ် ဆန္ဒပြမှု လေးငါးရက် တိုင်လာခဲ့သည်။ နအဖက သံဃာတော်တွေ တောင်းဆိုသည့် အချက်များကို မလိုက်လျော။ ဤတွင် လူထုက မနေနိုင်တော့။ ပြည်သူတချို့ သံဃာတော်တွေကို ၀တ်ကြီးဝတ်ငယ် ဖြည့်ဆည်းရင်း လက်ချင်းချိတ်ကာ ၀န်းရံ လိုက်ပါလာကြသည်။ ပြည်သူတချို့က သံဃာတော်တွေ နေပူမရှောင် မိုးရွာမရှောင် မေတ္တာပို့ စီတန်းလမ်းလျှောက်သည်ကို ကြည့်ရင်း မျက်ရည်စို့လာကြသည်။ ထို့နောက် မျက်ရည်မဆည်နိုင်ကြတော့ဘဲ သံဃာတော်တွေ စီတန်းလမ်းလျှောက်သည့် နောက်မှာ ငိုကြွေးကာ လိုက်ပါ ချီတက်ခဲ့ကြတော့သည်။ သံဃာတော်တွေချည်း တိုက်ပွဲဝင်နေကြသည်ကို မခံစားနိုင်တော့သည့်အဆုံး ပြည်သူတွေ ၀င်ပါလာကြခြင်း ဖြစ်သည်။ နဂိုကတည်းကလည်း စားဝတ်နေရေး ကျပ်တည်းမှု၊ လောင်စာဆီဈေးနှုန်း အဆမတန် မြင့်တက်မှုကြောင့် နအဖစစ်အုပ်စုအပေါ် မကျေမနပ် ဖြစ်နေသည့် ခံစားမှုအစိုင်အခဲက ကြီးထွားနေသည် မဟုတ်လား။ ထိုခံစားမှုမြစ်နှစ်သွယ် ပေါင်းဆုံပြီး စက်တင်ဘာ လူလှိုင်းလုံးကြီး အဟုန်ပြင်းပြင်း စတင်စီးဆင်းလေတော့သည်။

တရက်ထက် တရက် ပိုပိုများလာသည့် လူလှိုင်းလုံးကြီးထဲ အနုပညာရှင်တွေ ပါဝင်ပူးပေါင်းလာသည်။ လွှတ် တော်ကိုယ်စားလှယ်တွေ ပါဝင်ချီတက်လာသည်။ ကျောင်းသားကျောင်းသူတွေ ပြည်သူတွေ များသထက် များလာသည်။ လူထုတရားပွဲတွေ ဟိုနားသည်နား အစပျိုးလာသည်။ စက်တင်ဘာ(၂၅)ရက်နေ့တွင် ဆူးလေစေတီ ရှေ့မှောက် ၌ ဦးဆောင်သံဃာများ၊ စာပေအနုပညာရှင်များ၊ ဗကသ ကျောင်းသား ခေါင်းဆောင်များ ပါဝင်သည့် လူထုတရားပွဲကြီး ပေါ်ပေါ်ထင်ထင် ကျင်းပလာသည်။ ခွပ်ဒေါင်းအလံတွေ ပလူပျံလာသည်။

ဤအခြေအနေကို နအဖ စစ်ခေါင်းဆောင်တွေ အစိုးရိမ်ကြီးလာပုံပေါ်သည်။ နောက်နှစ်ရက် သုံးရက်ကြာ လာလျှင် ၈၈-အရေးတော်ပုံကဲ့သို့ လူပင်လယ်ကြီး ဖြစ်လာတော့မည်ကို ရိပ်စားမိပုံပေါ်သည်။ သို့နှင့် နအဖက ဘီလူးဆိုင်းတီးပြီး လက်ဦးမှုယူကာ သဲကြီးမဲကြီး နှိမ်နင်းလေတော့သည်။ စက်တင်ဘာ(၂၆)ရက်နေ့ကစပြီး သံဃာများ၊ ကျောင်းသားများ၊ ပြည်သူများကို ရိုက်နှက်ဖမ်းဆီး ပစ်ခတ်သတ်ဖြတ်ပြီး လူမဆန်စွာ ဖြိုခွင်းလေတော့၏။ သံဃာတော်တွေကိုတော့ ရက်ရက်စက်စက် နှိမ်နင်းလိမ့်မည်ဟု ထင်မထားသည့် မြန်မာပြည်သူပြည်သားများ၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ လူပုဂ္ဂိုလ်များအားလုံး လန့်ဖျပ်ကုန်ကြသည်။ ကြက်သေ သေကုန်ကြသည်။

ဤသည်ကို နအဖစစ်ခွေးများ သိပုံမပေါ်။ လူမဆန်သည့် သူတို့၏ အပြုအမူများကို မည်သူမှ မသိဟု ထင်မှတ်ပြီး လက်လွတ်စပယ် ရမ်းကား ပြုမူနေတော့၏။ ရိုက်ချင်တိုင်း ရိုက်၊ ဖမ်းချင်တိုင်း ဖမ်း၊ သတ်ချင်တိုင်း သတ် လုပ်နေကြ၏။ မကြာပါလေ၊ အင်တာနက်မီဒီယာ၏ ကောင်းမှု၊ ပြည်တွင်းမှ တာဝန်သိ ပြည်သူများ၊ သတင်းထောက်များ၊ ဘလော်ဂါများ၏ စွန့်စွန့်စားစား စွမ်းဆောင်မှုတို့ကြောင့် နိုင်ငံတကာ မီဒီယာများတွင် နအဖစစ်ခွေးများ၏ လူမဆန်စွာ ပြုမူသည့် သတင်းများ၊ ဓာတ်ပုံများ၊ ဗွီဒီယိုမှတ်တမ်းများ နေ့ချင်းညချင်း တက်လာလေတော့သည်။ ဂျပန်သတင်းထောက် ကန်ဂျီနာဂအိကို အနီးကပ် ပစ်သတ်သည့် ပုံများ၊ ငမိုးရိပ်ချောင်းထဲမှာ မှောက်ခုံမျောနေသည့် သံဃာတပါး၏ ပုံများ၊ ဆူးလေမီးပွိုင့်တွင် ဆန္ဒပြလူငယ်များကို နအဖစစ်ခွေးများက လူမဆန်စွာ ၀ိုင်းဝန်းရိုက်နှက်ကြသည့် မကြည့်ရက် မမြင်ရက်စရာ ပုံများကို မြင်တွေ့ကြရတော့၏။

ထိုသို့ မျက်မြင်သက်သေများ၏ ပြောဆိုချက်များ၊ ဓာတ်ပုံများ၊ ဗွီဒီယိုမှတ်တမ်း မှတ်ရာများကို အသေးစိတ်ကြားရ မြင်ရပြီး ကမ္ဘာတ၀ှမ်း ပြစ်တင်ရှုတ်ချသံတွေ ပွက်လောညံ လာတော့မှ နအဖစစ်ဗိုလ်များ သူတို့အမှား သူတို့သိသွားသည်။ သက်သေ အထောက်အထားများကြောင့် ၈၈တုန်းကလို နိုင်ငံတကာကို ဗြောင်လိမ်၍ မရတော့မှန်း၊ သူတို့လည်ပင်းကို ကြိုးကွင်းစွပ်လာပြီမှန်း နအဖ ရိပ်စားမိပုံပေါ်သည်။ ဂမ်ဘာရီ အမြန်လာပါ ရှင်းပြလိုပါတယ်ဟု နအဖ ဖိတ်ခေါ်လေတော့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သူကိုယ်တိုင် တွေ့ဆုံဆွေးနွေးပါမည်ဟု ဗိုလ်သန်းရွှေ ကတိပေးလေသည်။ တွေ့ ဆုံရေး အဆင်ပြေ ချောမွေ့စေရန်အတွက် အလုပ်သမားဝန်ကြီး ဗိုလ်အောင်ကြည်ကို ဆက်ဆံရေးဝန်ကြီးဆိုပြီး ကပျာကယာ ခန့်အပ်ပြလေသည်။ ဂမ်ဘာရီက ပြန်သွားပြီး မြန်မာပြည် အနေအထားကို ကုလသမဂ္ဂတွင် အစီအရင်ခံသည်။ တွေ့ဆုံဆွေးနွေးရေး အမြန်ဆုံး ဖြစ်မြောက်ဖို့ တိုက်တွန်းသည်။ အမေရိကန်၊ သြစတြေးလျနှင့် အီးယူတို့က စီးပွားရေး ပိတ်ဆို့မှုတွေ ပြင်းပြင်းထန်ထန် လုပ်သည်။ ဗိုလ်သန်းရွှေက မဖြစ်နိုင်သည့် ကြိုတင်စည်းကမ်း သတ်မှတ်ချက်များ ထုတ်ပြန်ကာ ထိုစည်းကမ်းချက်များကို ဒေါ်အောင်ဆန်းစုကြည် လိုက်လျောမည်ဆိုပါက တွေ့ဆုံမည်ဟု ကြေညာချက်ထုတ်လိုက်သည်။ တပြိုင်နက်တည်းမှာလည်း ဘုန်းကြီးကျောင်းတွေ ညဥ့်နက်သန်းခေါင် ၀င်ရောက်စီးနင်းပြီး သံဃာတွေကို ဖမ်းသည်။ ကျောင်းသား ခေါင်းဆောင်တွေ၊ ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် ပြည်သူတွေကို ဓာတ်ပုံနှင့် တိုက် စစ်ကာ ဖမ်းဆီးမှုတွေ တရစပ် လုပ်သည်။ ပြည်သူတွေ ကျီးလန့်စာစား ဖြစ်ကြရသည်။

အခြေအနေ ပိုဆိုးလာ၍ တလအကြာတွင် ဂမ်ဘာရီ ဒုတိယအခေါက် ထပ်လာသည်။ လူမိုက်သန်းရွှေ အ တွေ့မခံလေတော့။ ဒေါ်အောင်ဆန်းစုကြည်၏ ကြေညာချက်ကို သယ်ကာ ဂမ်ဘာရီ ပြန်သွားသည်။ ဒေါ်အောင်ဆန်းစုကြည် ဗိုလ်အောင်ကြည်နှင့်နှစ်ခါ အန်အယ်လ်ဒီ စီးအီးစီနှင့်တခါ တွေ့ဆုံသည်ကို နအဖက သူတို့ပိုင် မီဒီယာကနေ ထုတ်ပြန်ပေးလိုက်သည်။ အာဆီယံ အစည်းအဝေးသို့ မျက်နှာပြောင်တိုက် သွားတက်သည့် နအဖကိုယ်စားလှယ်အဖွဲ့ကြောင့် လုံခြုံရေးကို အထူးတင်းကျပ်ခဲ့ရသည်။ စင်္ကာပူလီရှန်လောင်းက ဂမ်ဘာရီကို စကားပြောဖို့ ဖိတ်ခေါ်သည်ဆို၍ နအဖအဖွဲ့ သပိတ်မှောက်သည်။ မသာအိမ် ဖဲရိုက်ချင်သည့် အာဆီယံ အိမ်နီးချင်းများ အလျှော့ပေးပြီး ဂမ်ဘာရီ စကားပြောမည့် အစီအစဉ်ကို ဖျက်သိမ်းပေးလိုက်သည်။ ဖိလစ်ပိုင်သမ္မတ အာရိုယိုတယောက်သာ နအဖကို ပြင်း ပြင်းထန်ထန် ဝေဖန်ပြောဆိုသည်။ ကြိုတင်စည်းကမ်း သတ်မှတ်ချက်များကို ဒေါ်အောင်ဆန်းစုကြည်က အကြောင်းမ ပြန်သေးသဖြင့် တွေ့ဆုံဆွေးနွေးရေး မဖြစ်မြောက်သေးတာပါဟု သတင်းစာရှင်းလင်းပွဲတွင် နအဖမြေခွေးများ လှည့်ဖြား ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ကြေညာချက်နှင့် ပတ်သက်ပြီး နအဖက တိုင်းရင်းသား အဖွဲ့အစည်းတွေကို ဖိအားပေး သွေးခွဲမှုတွေ ဆက်တိုက် လုပ်ဆောင်သည်။ ဘန်ကီးမွန်းက သည်းမခံနိုင်တော့ဘူးဟု ပြောပြော အမေရိကန်က ပြင်းပြင်းထန်ထန် အရေးယူမည်ဟု ဆိုဆို အီးယူက ပိုမိုပိတ်ဆို့မည်ဟု ပြောပြော နအဖကတော့ ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် သံဃာများ၊ ကျောင်းသားများ၊ ပြည်သူများကို ဖမ်းချင်တိုင်း ဆက်ဖမ်းနေသည်။ အရေးယူချင်တိုင်း ဆက်ယူနေသည်။ တရုတ်ဟူကျင်းတောင်နှင့် ၀မ်းကြားပေါင်ကလည်း ပြုံးပြုံးကြီးကြည့်ကာ နအဖ စစ်ဗိုလ်တသိုက်ကို ကျားကန်မြဲ ကျားကန်ပေးနေသည်။ လူမိုက်အားပေးလုပ်ရင်း သဘာဝ အရင်းအမြစ်တွေကို ဈေးပေါပေါနှင့် နှိုက်ယူနေသည်။

ဤကဲ့သို့သော အခြေအနေများကြားတွင် တွေ့ဆုံဆွေးနွေးရေးကို စောင့်ကြည်သင့်ပါတယ်ဟု မြန်မာ့အရေး ကျွမ်းကျင်သူ သုခမိန်တချို့က ချဲဆရာကြီးတွေ မိန့်ကြားသလို မိန့်ကြားလာသည် (မပေါက်လျှင် သူပဲ ပြန်လျော်ပေးမည့်ပုံမျိုး)။ နအဖရှေ့နေ အချောင်သမားတွေက သင့်ကြောင့် ပွဲမပျက်ပါစေနှင့်ဆိုပြီး အပြစ်ဖို့သည့် လေသံနှင့် ထင်ရာမြင်ရာတွေ ရေးသားဖြန့်ဝေလာသည်။ စစ်အာဏာရှင် ဖက်ဆစ် ဗိုလ်သန်းရွှေကို ဗြူရိုကရက် နိုင်ငံရေးသမား ဒီကလပ်အထင်နှင့် ရွှေပြည်အေးတရား ဟောသူက ဟောသည်။ တနေ့တော့ ဖြစ်လာမှာပါ (သို့သော် ဘယ်နေ့မှန်းမသိ) ဆိုသည့် စိတ်နှင့် စောင့်မျှော်သူတွေက စောင့်မျှော်ကြသည်။ လူအမျိုးမျိုး စိတ်အထွေထွေ ဆိုသလိုပင်။

သို့သော် အမှတ်ထင်ထင် ရှိမည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံတော့မယောင် ဟန်ရေးပြခြင်းမျိုး၊ လက်ဆွဲ နှုတ်ဆက်ပြခြင်းမျိုး ဗိုလ်ခင်ညွန့် ရှိစဉ်ကာလကတည်းက နှစ်ကြိမ်နှစ်ခါတိတိ လုပ်ပြခဲ့ဖူးသည်ကို အမှတ်ရကြဖို့လိုသည်။ နအဖအနေနှင့် သူတို့အပေါ် ဖိအားတွေ ကြီးကြီးမားမား ကျရောက်တိုင်း ကြံရာမရသည့်အဆုံး ဒေါ်အောင်ဆန်းစုကြည်ကို အယောင်ပြ ထုတ်ထုတ်ရှိုးတတ်သည်ကို သတိရကြဖို့လိုသည်။ ဗြောင်လိမ်ဗြောင်စား နိုင်ငံရေး လှည့်ကွက်တခုအဖြစ် နအဖလူလိမ်တွေ ကျင့်သုံးခဲ့ဖူးသည်ကို ပြန်လည် ငဲ့စောင်းကြည့်ဖို့ လိုသည်။ နှစ်ကြိမ်နှစ်ခါ အလိမ်ခံရပြီးသည်ကိုတောင် အမှတ်သည်းခြေမရှိဘဲ ဤတကြိမ် ဆက်လက် စောင့်စားကြည့်ချင်သေးသည် ဆိုလျှင်တော့ …။

သေချာသည်ကား ထိုသို့သော တွေ့ဆုံဆွေးနွေးရေးကို စောင့်စားလိုသူ၊ စောင့်စားနေသူများထဲတွင် စစ်အာ ဏာရှင်တွေ၏ ဖိနှိပ်ရက်စက်မှု၊ လူမဆန်မှု အပေါင်းကို အမှန်တကယ် ခါးစည်းခံနေရသည့် ပြည်သူတွေ၊ စက်တင်ဘာ အရေးတော်ပုံထဲ ကိုယ်တိုင်ကိုယ်ကျ ဖြတ်သန်းခဲ့သည့် သံဃာတွေ၊ ကျောင်းသား ပြည်သူတွေ မပါဝင်ခြင်းပင်။ သူတို့ကား အခွင့်မသာသေးလျှင် ကြိတ်မှိတ်သည်းခံပြီး အခွင့်သာသည့်တနေ့ သေမြေကြီး ရှင်ရွှေထီးဇာတ် ထပ်ကကြရဦးမည် ဆိုသည်ကို စက်တင်ဘာအရေးတော်ပုံ သင်ခန်းစာတွေကတဆင့် သိရှိထားကြပြီးသောကြောင့် ဖြစ်ပါသည်။

ဒေါက်တာလွဏ်းဆွေ

(၂၀၀၈ခုနှစ် ဇန်န၀ါရီလထုတ် ခေတ်ပြိုင်ဂျာနယ်တွင် ဖော်ပြထားသည့် ဆောင်းပါးဖြစ်ပါသည်)

No comments: