Tuesday, January 15, 2008
ဗျာဒိတ် (အောင်ဝေး)
တနေ့သော်
ဤမြေပေါ်မှာ
ပင်လယ်အော်သံတို့လည်း
တိတ်ဆိတ်သွားလိမ့်မည်။
တနေ့သော်
ဤမြေပေါ်မှာ
တိုက်ပွဲခေါ်သံတို့လည်း
ပျောက်ကွယ်သွားလိမ့်မည်။
တနေ့သော်
ဤမြေပေါ်မှာ
တော်လှန်ရေးတို့လည်း
ရပ်တန့်သွားလိမ့်မည်။
အဘယ့်ကြောင့်ဆိုသော် …
ထိုရောအခါ
ဧရာဝတီ၊ ဗေဒါစီ၍
ဤမြေတခို၊ ပြည်ဗဟိုရ်မှာ
ဒီမိုကရေစီတို့လည်း ထွန်းကား
ကြောက်စိတ်တို့လည်း မဲ့ကင်း
လွတ်လပ်ခြင်းသာ
အနာဂတ် နိုင်ငံတော်သစ်
ဖြစ်တည်လာမည်။
စစ်အာဏာရှင်စနစ်
အမြတ်ပြတ် ချေမှုန်း
အဆုံးသတ် မြေမြှုပ်
နိဂုံးချုပ်မည်။
ကျဆုံးသူတို့ ရင်ပြင်နီ၌
ပန်းများပွင့်မည်။
ကျောင်းနံရံတ၀ိုက်
ဒေါင်းအလံ တဖန်စိုက်မည်။
ရန်သူ မရှိ
မိတ်ဆွေသာ ရှိမည်။
အမုန်း မရှိ
အချစ်သာ ရှိမည်။
တိုက်ပွဲ မရှိ
ငြိမ်းချမ်းရေးသာ ရှိမည်။
နောက်ထပ် တော်လှန်စရာ
ဘုံရန်သူ မရှိ
ချစ်သူသာ ရှိမည်။
ထိုနေ့မိုးသောက်
စစ်ဖိနပ်အောက်က
လွတ်မြောက်ပြီးလျှင်
ပင်လယ်ကမ်းစပ်၊ ခြေစုံရပ်၍
လွတ်လပ်စွာပင်၊ လှိုင်းပေါ်တွင်
သင် … သင့်ချစ်သူ၏ အမည်နာမကို
လှပစွာ ရွတ်ဆို ဂုဏ်ပြုလိုက်ပါတော့ …။ ။
အောင်ဝေး
၁၄-၁၂-၂၀၀၇
(ဒေါင်းအိုးဝေ မဂ္ဂဇင်းမှ ကူးယူဖော်ပြပါသည်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment