ဇာဂနာ
ကြားပေါက်လေးတခု တွေးမိတာလေး ရေးပါရစေ။ ကျနော်တို့ ဆေးကျောင်း ရောက်ခါစက ဖားခွဲရပါတယ်။ ဦးထွန်းမောင်ဆိုတဲ့ ကုလားကြီးဆီကနေ ဖားအရှင် ၃ကောင်ကို တရာနဲ့ ၀ယ်ရတာပါ။ ပြီးတော့ အဲဒီဖားတွေကို ပုံမပျက်အောင် ကျွက်ကျွက် ဆူနေတဲ့ ရေနွေးအိုးထဲ ထည့်ပြီး သတ်ရပါတယ်။ ကျနော်တို့က ဘာသိမလဲ။ ဖားတွေကို ရေနွေးအိုးကြီးထဲ ပစ်ထဲ့လိုက်တာ ကိုယ်တော်ချောတွေက ဆတ်ကနဲ ရေနွေးကို ခြေထောက်နဲ့ တချက်ပဲ ထိပြီး ခုန်ထွက်သွားလိုက်တာ ၃ကောင်လုံး လွတ်သွားရော။
ကုလားကြီးက ရီသလေ့။ ဒီလို သတ်ရတယ်ကွတဲ့ ဆိုပြီး ရေအေးတွေထည့်ပြီး ဖားကို ရေအေးဇလုံထဲ ထည့်လိုက်တာ ရွှေဖားလေးတွေက ရေအေးကန်ထဲ ပျော်လို့ ကူးခတ်နေလိုက်တာ။ ဒီမှာတင် ကုလားကြီးက အပူချိန်ကို ဖြေးဖြေးချင်း တရစ်ချင်း တိုးလာလိုက်တာ (၅)ဒီဂရီလောက် တိုးတော့လည်း ဖားလေးများ ကူးခတ်ဆဲ နောက်ထပ် (၅)ဒီဂရီ ထပ်တိုးလည်း သကောင့်ဖားတွေက နေသာသေးတယ်ဆိုပြီး ကူးခတ်ဆဲပဲ။ အပူချိန် (၆၀) ဒီဂရီလောက်လည်း ရောက်ရော ဖားတွေ မလှုပ်နိုင်တော့ဘူး။ (၈၀) ဒီဂရီလောက်လည်း ရောက်ရော အားလုံး ဂန့် ဂန့် ဂန့် ဂန့်။
ကျနော်တို့လည်း ခုတော့ ဒီဝဋ်တွေ လည်ပါပြီ။ တရစ်ချင်း တရစ်ချင်း ကျပ်လာပြီ။ ငါတို့တော့ နေလို့ရသေးတယ် ဘာမှ မဖြစ်သေးဘူးဆိုပြီး ဆက်ပြီး ကူးမှာလား။ ခုန်ထွက်မှာလား။ အပူချိန် မြှင့်နေတဲ့ လက်ကို ပြေးကိုက်ကြမလား။ မျက်နှာကို ခုန်အုပ်ကြမလား။ တခုခုတော့ ဆုံးဖြတ်ရတော့မှာပဲ။ ဆုံးဖြတ်ပြီးရင်လည်း ဖြစ်အောင် လုပ်ရတော့မယ်။ မဟုတ်ရင်တော့ ရေနွေးအိုးထဲ သေရတာ သိပ်မတန်လှပေဘူး။
(ဇာဂနာဘလော့ဂ်မှ ကူးယူ ဖော်ပြပါသည်)
Sunday, January 6, 2008
ရေနွေးနဲ့ဖား
Subscribe to:
Post Comments (Atom)
No comments:
Post a Comment