Thursday, January 3, 2008

နောက်မကျသေးတဲ့ ဇန်န၀ါရီ လေးရက် (ကဗျာ)

နောက်မကျသေးတဲ့ ဇန်န၀ါရီ လေးရက်
ကိုမွှေး

လောကကြီးကို မှတ်မှတ်ရရ
ဝိုင်းအပြစ်တင်ကြပေါ့
ကံတရားကြီးကလည်း
ငါတို့ လှည်းကျိုးကြီးကို ထမ်းလို့
သူကိုယ်တိုင်ကို လမ်းမမြင်တော့
ခက်ဘူးလား ဟာ ...။

ဦးကျည်ပွေ့
မနေ့က ကွန်ပြူတာတလုံး အလှူခံတယ်
ငါမအိုသေးဘူးဆိုတဲ့ ဘုရင်ကတော့
ဗိုင်ယာဂရာ နှစ်သေတ္တာ မှာတယ်
ဇွန်ပန်းရုံအနီးက လှည်းတွန်းသူတွေက
မြည်တွန်တောက်တီးလို့
စိန်ဗိုလ်တင့်က ဗိန်းမောင်းတီးပေးတယ် ...။

ဟိုး … အနှစ်နှစ်ဆယ်တုန်းက
စီးခဲ့တဲ့ ဒီသွေးတွေပဲ
နှလုံးသားတွေထဲ ၀င်ထွက်တက်ဆင်း
သိပ်မပြင်းတဲ့ အဆိပ်တွေ သယ်ဆောင်ရင်း
ကင်းကိုက်ခံနေကြတယ်
ဇိမ်ပါယူနေသေးရဲ့ ... မှိန်းလို့ ...။

ငါကိုယ်တိုင်
သူငယ်တန်းဖတ်စာအုပ်ထဲက
မထွက်သေး
လေးပေ ကိုးလက်မတွေကြား
ဘောလုံးကစားချင်တုန်း
အနိုင်အရှုံး တာလီရိုက်ချင်တုန်း
ကွင်းမှားနေတာတောင် ခပ်ပြုံးပြုံး ...။

ခုတ်ရာတခြား ရှရာတလွဲတွေကို
လက်ပြန်ဆေးထည့်လို့
ပြောင်းပြေးတတ်တဲ့ မြို့တော်တွေကို
လူအိုရုံ ပို့သင့်ပြီ
သင်္ချီုင်းတွေ ဥယျာဉ်ဖြစ်သင့်ပြီ
အဲဒီဥယျာဉ်ထဲမှာ အသင်တို့ ပွင့်သင့်ပြီ ...
အဲသလိုနဲ့ နေပြည်တော်တွေ ထွန်းကား
ကျဆုံး ... မိုးချုပ် ...။

အဲသလို အပြန်ပြန် အလှန်လှန်
သုံးသပ်မှုဆန်ဆန် မျက်စောင်းတဝေ့နဲ့
အားလုံးကို အမေ့ခံလိုက်ကြသေးတယ် ...။

တကယ်တော့ ဆန်ကာတင်
စံဝင်တဲ့ သံစဉ်တွေ
ဟန်ပြင်နေမိခဲ့
ကြိုးညှိရင်း မိုးလင်းတဲ့ အဖြစ်တွေနဲ့ ...။ ။

ကိုမွှေး

No comments: