Saturday, January 5, 2008

စစ်ကျွန်ဘဝ အမှတ်တရများ

စစ်ကျွန်ဘဝ အမှတ်တရများ
အေးချမ်းမြေ့
(ဧရာဝတီ ၀က်ဘ်ဆိုက်မှ ကူးယူဖော်ပြပါသည်)

အပေါ်ယံအားဖြင့်တော့ ရန်ကုန်မြို့ကြီးက စည်ကားသိုက်မြိုက်နေသည်။
ဈေးသည်၊ ဈေးဝယ်တို့ဖြင့် မြို့လယ် လမ်းတိုင်းတွင် ကြိတ်ကြိတ်တိုးနေသည်။
စူပါမားကတ်ကြီးများတွင်လည်း ထို့အတူ။

လူတိုင်း စီးပွားရေး အခြေအနေ ကောင်းနေသလိုလို၊ တည်ငြိမ်အေးချမ်းပြီး ဘာမှမဖြစ်တော့သလိုလို ထင်ရသည်။ အစိုးရ၀န်ထမ်းတွေ ကုမ္ပဏီဝန်ထမ်းတွေ ဆိုရင်လည်း ကြည့်လိုက်တိုင်း အေးအေးလူလူ၊ လက်ဖက်ရည်ဆိုင်လေး ထိုင်လိုက်၊ စကားလေး ဖောင်ဖွဲ့လိုက်ဖြင့် အပေါ်ယံမြင်ရသူအဖို့ စိတ်အေးသက်သာ ရှိလှသည်ဟု ရန်ကုန်မြို့တွင် နေထိုင်သူ တဦးက ပြောပြသည်။

ယနေ့သည် မြန်မာပြည်၏ အရေးကြီး အမှတ်တရနေ့များထဲမှ တနေ့ဖြစ်သော လွတ်လပ်ရေးနေ့ ဖြစ်သည်။ သူ့ကျွန်ဘ၀မှ လွတ်မြောက်လာတာ ဒီနေ့ ဇန်န၀ါရီ ၄ ရက် ၂၀၀၈ ဆိုလျှင် နှစ်၆၀ ပင် ပြည့်ပြီ။ တကယ်ဆိုရင် ဒီလိုနေ့မျိုးမှာ အားလုံး လွတ်လပ်ပျော်ရွှင်ခြင်း၏ အရသာကို မြိန်မြိန်ယှက်ယှက်ကြီး ခံစားနေကြရမှာဖြစ်သည်။

သို့သော် …

“လွတ်လပ်ရေးနေ့တွေ ဘာတွေ စိတ်မ၀င်စားနိုင်ဘူး၊ တတ်နိုင်ရင် လူသတ်ချင်စိတ်ပဲ ရှိတယ်။ မတတ်နိုင်လို့သာ ငြိမ်နေရတယ်။ မြင်နေရတာ၊ ကြားနေရတာ တလွဲတွေချည်းပဲ၊ တခုမှ အဆင်မပြေဘူး။ မတရားမှုတွေ ချည်းပဲ နေရာတိုင်းမှာ တွေ့နေ မြင်နေရတာ၊ ဘာမှလည်း လုပ်စားကိုင်စားလို့ မကောင်းဘူး၊ အဲဒီတော့ နှစ်၆၀ပဲ ပြည့်ပြည့် ဘာကြီးပဲဖြစ်ဖြစ် စိတ်ကိုမ၀င်စားဘူးဗျာ” ဟု ကိုထွန်းဦးဆိုသူက နှစ်၆၀ပြည့် လွတ်လပ်ရေးနေ့အပေါ် သူ့သဘောထားကို ပြောပြသွားသည်။

တကယ်တော့ သူ့မှာဘာမှ သိပ်ပူပင်စရာ မရှိလှ။ ရန်ကုန်မြို့ လူစည်ကားရာ လမ်းတလမ်းတွင် ကွန်ပျူတာ စာစီဆိုင်လေး ဖွင့်ထားသည်။ သူ့မိသားစုနှင့် သူ့တ၀မ်းတခါးအတွက် အဆင်ပြေသည်။ သို့သော် သူမြင်နေရ၊ ကြားနေရတာတွေ အဆင်မပြေတာတွေကို ပွင့်ပွင့်လင်းလင်း ပြောသွားခြင်းဖြစ်သည်။

မျက်နှာပေါ်မှာ အပြုံးများကို တပ်ဆင်ထားကြသော်လည်း ကိုထွန်းဦးလို စိတ်အလိုမကျဘဲ ဒေါသထွက်ကာ လူသတ်ချင်နေသူတွေ အများကြီး ရှိနေနိုင်သည်။ အသက်၂၅နှစ်အရွယ်ရှိ ကျန်းမာရေးဝန်ထမ်း တဦးဖြစ်သူ မနွယ်နွယ်ကတော့ လွတ်လပ်ရေး ရသည်ဖြစ်စေ မရသည်ဖြစ်စေ မြန်မာပြည်သူလူထုအတွက် ပိုပြီး မထူးခြားနိုင် ဟု သူ့ထင်မြင်ချက်ကို ပြောပြသည်။

ပြီးတော့ မြန်မာပြည်သူလူထုအနေနဲ့ ကိုလိုနီခေတ်ကထက် လက်ရှိ စစ်အစိုးရလက်အောက်မှာ နေရတာ ပိုပြီး ဒုက္ခဝေဒနာတွေ ခံစားရသည်ဟုလည်း သူက ဆက်ပြောသည်။

“ကျမကတော့ လွတ်လပ်ရေး ဆိုတာကို လုံးဝ အယုံအကြည် မရှိဘူး၊ လွတ်လပ်ရေး ရပြီးနောက်ပိုင်းမှ ပြည်သူလူထုရဲ့ ဒုက္ခတွေက ပိုပိုပြီး ကြီးလာတယ်လို့ ထင်တယ်၊ နှစ်၆၀ ဆိုတဲ့ အချိန်က နည်းတာ မဟုတ်ဘူး၊ လူတွေတော်တော် ဒုက္ခရောက်ခဲ့ရတာ” ဟု မနွယ်နွယ်က ပြောသည်။

နှစ် ၆၀ ပြည့် လွတ်လပ်ရေးနေ့ကို နိုင်ငံတော်က ခြိမ့်ခြိမ့်သဲသဲကျင်းပနေသည်။ တချို့မြို့နယ်များတွင် စတိတ်ရှိုး များဖြင့် မစည်ကား စည်ကားအောင် လုပ်ပေးနေသည်။ သတင်းစာများကိုလည်း အထူးထုတ်အဖြစ် ရောင်စုံအချပ်ပို ၄မျက်နှာတိုးကာ ထုတ်ဝေသည်။

သို့သော်လည်း ပြည်တွင်းဂျာနယ် များကတော့ လွတ်လပ်ခွင့် မရှိရှာ စာပေစိစစ်ရေးဆိုသည့် ဓားကြီးနှင့် တပတ် တပတ် လှီးဖြတ်ခြင်းကို ခံနေကြရသည်။ စစ်အစိုးရ၏ သတင်းစာများကို ဘယ်လိုပင် ရောင်စုံ အချပ်ပိုများနှင့် ထုတ်သည်ဟုဆိုဆို အနှစ်သာရ ဘာမှရှိသဖြင့် မသာအလောင်း ကောင်ကြီးကို မိတ်ကပ် လိမ်းပေးထားသလိုပင် ဖြစ်လို့နေသည်။

“တပတ်တပတ် စိစစ်ရေးလွတ်ဖို့ကိုပဲ အားထုတ်နေရတော့ လွတ်လွတ်လပ်လပ် ရေးပါဆိုရင်တောင် ရေးတတ်ပါတော့မလား မသိဘူးဗျာ၊ လွတ်လပ်ရေးနေ့ဆိုတာ ကျနော်တို့ ဂျာနယ်လစ်တွေနဲ့တော့ ဘာမှမဆိုင်ဘူး ထင်တာပဲ” ဟု ပြည်တွင်း ဂျာနယ် အယ်ဒီတာတဦးက သူ့အမြင်ကို ရင်ဖွင့်ပြောကြားသည်။

တနေ့ကပဲ ဂြိုဟ်တုစလောင်းတွေ ကန့်သတ်သည့် သတင်းကြားရသည်။ စလောင်းမှတ်ပုံတင်ရင် ကျပ် ၁၀ သိန်း ပေးရမည် တဲ့၊ ကျပ် ၁၀ သိန်း ဆိုသောငွေက သာမန်ဝန်ထမ်းတယောက် ၁၀ လ၊ ၁၅ လ ရှာ၍မရနိုင်။ လက်ဖက်ရည်ဆိုင် စားသောက်ဆိုင် များကိုလည်း လိုင်စင်အသစ်များ ချမပေးတော့။

ရန်ကုန်မြို့ထဲတွင် နေရာတိုင်း၌ လက်နက်ကိုင် အစောင့်များ ချထားသည်။ ဘုန်းတော်ကြီးတို့၏ တရားပွဲများကို ကန့်သတ် ပိတ်ပင်သည်။ တရားပွဲ မကျင်းပမီ ဟောမည့် အကြောင်းအရာကို သက်ဆိုင်ရာသို့ ကြိုတင်ရသည်။ ည ၈နာရီလောက်ဆို ရန်ကုန်မြို့ကြီးက သုဿာန်တစပြင်လို ခြောက်ကပ်နေသည်ဟု နယ်မြို့တမြို့မှ ရန်ကုန်သို့ အလည်ရောက်ရှိနေသူ တဦးက ပြောသည်။

အိမ်ရှင်မတဦးကတော့ “လွတ်လပ်ရေးနေ့ ရောက်တော့ကော ဘာထူးမှာတဲ့လဲ၊ ကျမယောက်ျားရတဲ့ လစာက မနက်ဖြန်ဆို ကုန်ပြီ၊ ကျန်တဲ့ ရက်၂၀ ကျော်ကို ကလေး ၂ ယောက်နဲ့ ဘယ်လိုစခန်းသွားရမလဲ ဆိုတာပဲ ကျမခေါင်းထဲမှာ ရှိတယ်”ဟု သူ၏ လွတ်လပ်ရေးနေ့အပေါ် အမြင်ကို ပြောသွားသည်။

သူ့လို အိမ်ရှင်မများကလည်း မရေမတွက်နိုင်အောင် ရှိမည်မှာ ဧကန်မလွဲ။ မဝရေစာ စားဖို့ကို တနေ့တနေ့ ရုန်း ကန်နေရသူများ အဖို့ လွတ်လပ်ရေးနေ့ ရောက်ခြင်း မရောက်ခြင်းက အရေးမကြီးတာ မထူးဆန်းပါ။

မြန်မာလူငယ် အများစုကတော့ ၁၉၄၈ခုနှစ် ဇန်နဝါရီ ၄ရက်နေ့တွင် အင်္ဂလိပ်လက်အောက်မှ မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့သော်လည်း ယခုလက်ရှိတွင် စစ်ဗိုလ်ချုပ်ကြီးများ၏ ကိုလိုနီနယ်ချဲ့ခြင်းကို ခံနေရသည် နှင့် တူသည်တဲ့။

အဲဒါနဲ့ ပတ်သက်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ကိုလင်းထက်နိုင်က “ကိုလိုနီခေတ်တုန်းက မြန်မာတွေက ဗြိတိသျှတွေရဲ့ ကျွန်ပြုခြင်းကို ခံခဲ့ရတယ်၊ အခုလည်း ဘာထူးလဲ၊ စစ်ဗိုလ် ချုပ်တွေ ကျွန်ပြုတာကို ပြန်ခံနေရတာပဲ” ဟု ပြောသည်။

စက်တင်ဘာ အရေးအခင်းမှာ စစ်တပ်က ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ သံဃာတွေနဲ့ ပြည်သူတွေကို အကြမ်းဖက်နှိမ်နင်း သက်ဖြတ်ပြီးတဲ့နောက် ပြည်သူများရဲ့ ရင်ထဲမှာ စစ်တပ်ကို မုန်းတီး နာကြည်းမှုတွေ လတ်လတ်ဆတ်ဆတ် ရှိနေသေးသည်။
ကြောက်ရွံ့မှု၊ မလွန်ဆန်နိုင်မှု တို့ကြောင့်သာ ပုံမှန်သွားလာ လှုပ်ရှားနေရသည်။ ခိုင်းသည့်အတိုင်း ပျော်ကြဆို ပျော်လိုက်သည်။ ငြိမ်ကြဆို ငြိမ်ရသည်။ ကိုလင်းထက်နိုင် ပြောသလို စစ်တပ်၏ ကျွန်များအဖြစ် ထိတ်လန့်စွာ ကျီးလန့်စာ စားနေရသည်။

အချင်းချင်း စကားပြောဖို့လည်း ကြောက်သည်၊ ဖုန်းသုံးရမှာလည်း ကြောက်သည်၊ ဘုန်းကြီးကျောင်း ဆွမ်းချိုင့်ပို့ရမှာ၊ တရားပွဲ သွားရမှာပင် ကြောက်နေကြရသည်။ လွပ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲတွင် မပါမဖြစ် ပါကြရမည် ဆိုလျှင်လည်း ပါလိုက်ကြရသည်။ အနုပညာသမားတွေ အဆိုတော်တွေ၊ ရုပ်ရှင်မင်းသား မင်းသမီးတွေလည်း မထူး၊ ဒီမှာနေဆို နေရသည်၊ ဒီဟာဆိုပါဆိုရင် ဆိုရသည်။

“ကျနော်တို့ အားလုံး ကျနော်တို့ နိုင်ငံရဲ့ နှစ် ၆၀ ပြည့် လွတ်လပ်ရေးနေ့ကြီးမှာ ဘယ်လိုမှ မပျော်နိုင်ပါဘူးဗျာ၊ ဘာလို့လဲဆိုတော့ ကျနော်တို့ ရင်ထဲမှာ စစ်သားတွေက သံဃာတော်တွေကို ရိုက်နှက်သတ်ဖြတ်ခဲ့တဲ့ ပုံရိပ်တွေ စွဲနေတုန်းပဲ” ဟု စင်္ကာပူတွင် ကျောင်းတက်နေသော အသက်၂၃ နှစ် ရှိ ကိုမိုးမြင့်မောင်က သူ၏ ခံစားချက်ကို ပြောသည်။ ကိုမိုးမြင့်မောင်က စင်ကာပူရောက် မြန်မာများ၏ ကိုယ်စားပြောပုံရသည်။

အဝေးတနေရာက လူများပင် မမေ့နိုင်သည့် အဖြစ်ဆိုးကြီးကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့သူများက မမေ့နိုင်တာ မဆန်း။
ရန်ကုန်မြို့ကြီးက အပေါ်ယံအားဖြင့်တော့ စည်ကားသိုက်မြိုက် နေသယောင် ထင်ရသည်။ နှစ် ၆၀ ပြည့် လွတ်လပ်ရေးနေ့မှာ အလံတွေ ထူကြ၊ ရုံးတွေ ပိတ်ကြ၊ အားကစားပွဲတွေ ခြိမ့်ခြိမ့်သည်းသည်း ဆင်နွှဲကြသည်။ စူပါမားကတ်တွေ၊ ပန်းခြံတွေကိုလည်း လူတွေသွားကြသည်။

သို့သော် သူတို့တယောက်စီ၏ မျက်နှာများကို စေ့စေ့စပ်စပ်ကြည့်ပြီး တယောက်စီနှင့် အေးအေးဆေးဆေး စကားပြောကြည့်လျှင်တော့ အခြေအနေအားလုံးနှင့် ပြောင်းပြန်ဖြစ်နေလိမ့်မည် ထင်သည်။ သူတို့မျက်နှာ များပေါ်မှာ စိုးရိမ်ထိတ်လန့်ရိပ်တွေ၊ နာကြည်းပင်ပန်းရိပ်တွေ ယှက်သန်းနေတာကို သူတို့အသံများထဲက မှန်းကြည့်လို့ ရသည်။

အမှန်တကယ် လွတ်လပ်ရေး၏ အနှစ်သာရကို အမှန်တကယ် လွတ်လပ်မှုမရှိသော မြန်မာပြည်တွင်း၌ နေထိုင်နေသည့် မြန်မာပြည်သူ ပြည်သားများက ပို၍သိ၊ ပို၍ လိုချင်နေပါလိမ့်မည်။ ။

အေးချမ်းမြေ့

No comments: