Saturday, January 26, 2008

ညီမလေးက ပုရစ်ကို ကိုးကွယ်သတဲ့လားကွယ်

တုတ်ကြီး (ခေတ္တ တာဝတိံသာ)

မဇ္စျိမသတင်းဌာနမှ ရေးသော ဆောင်းပါးတစ်ခု ကိုဖတ်လိုက်ရသည်တွင် ... ဇာဇာ့ကို သတိရမိသည်။
ဇာဇာက သတ္တိ ဗျတ္တိ အရာတွင် သူမတူသော သူတစ်ယောက် ...။ သူစိမ်ခေါ်လိုက်သည့် စကားတစ်ခွန်းဖြင့်ပင် အားလုံးငြိမ်ကျ အရှုံးပေးကြရသည်။
“မင်းတို့ ဘယ်လောက် သတ္တိရှိသလဲ ... သတ္တိရှိရင် လင်ယူရဲလားး...” ဒါ သူ့လက်သုံးစကား ...။
.......................................

ခွေးလျားသီးမျှင်နဲ့ ချုပ်လုပ်ထားတဲ့ အောက်ခံဘောင်းဘီကို ၀တ်ကြည့်လိုက်တော့ မကြုံစဖူး ထူးကဲလှစွာ အရမ်းအရမ်းကို ယားတာပါပဲရှင် ... ဟူသော မ.က.ဒ.တ ကျောင်းသားတပ်မတော် တပ်ဖွဲ့ ဝင် (ရှေ့တန်းလူထုကြားတွင် စစ်ကြောင်းဖြင့်နေသော) တဦးတယောက်မျှ မရှိခဲ့ပါ။

ချင်းမိုင်တွင် ပြုလုပ်မည့် ရှောင်လင်ကျောင်းမဆင်းသည့် ဒုတ်သိုင်းဆရာများ ... ၀ါမေဂိုဏ်းက မထွက်သော်လည်း လင်ရှောင်သိုင်းဖြင့် စလောင်းဖုံးစင်္ကြာ ကိုယ်ခံပညာရှင်များ၏ အချစ်ဖလှယ်မှုအား ထောက်ခံစရာလည်း မရှိသလို အပြစ်တင်စရာလည်း မရှိပါ။ သူ့ဟာနှင့်သူ ဒီအရသာကို ကြိုက်တာ သူ့ကိစ္စ …။

သူငယ်ချင်းများထဲတွင် မိန်းကလေး ယောင်္ကျားလျှာလည်းရှိသည်။ ယောက်ျားလေး အခြောက်လည်းရှိသည်။
ပြသနာမရှိ။ သူတို့ကို သူငယ်ချင်းအဖြစ် အမြဲမြင်သလို အမြဲလည်း ပုံမှန်ဆက်ဆံရေးဖြင့် မနှိမ်ခဲ့ ။ တကယ်တမ်း ကိုယ် ငွေရေးကြေးရေးအရ ပျားတုတ်ခံရသည့် အချိန်များတွင်ပင် သူများ မကူညီချင်နေ၊ သူတို့ကတော့ ဖြစ်အောင်ကူညီကြမြဲ ...(ဒီလောက် ဖော်ပြတာ တော်ပြီ၊ နောက်မို့ ခရေပွင့်ခြွေ ကိုယ်ဖော့သိုင်းသမားဟု အရပ်က ထင်မြင်လာနိုင်သည်။ ခပ်လှလှ တောင့်တောင့်ဖြောင့်ဖြောင့် စလောင်းဖုံး စင်္ကြာဝင်္ကပါ သိုင်းပညာရှင်နှစ်ဦးကြား ဗျာများနေသည် ထင်လျှင်တော်သေး ...)။

ထိုဆောင်းပါးနှင့် ပတ်သက်၍ လေးလေးနက်နက် တွေးစရာနှင့် မေးစရာရှိပါသည်။ တွေးမိသည်ကတော့ …
မ.က.ဒ.တ ၏ လက်ရှိ ဗဟိုအလုပ်အမှုဆောင်ကော်မတီက အဘယ်အကြောင်းကြောင့် တခါမှ ပြသနာ မဟုတ်ခဲ့သည့် ကိစ္စကို အခြေခံဥပဒေထဲ ထည့်ပြဌာန်းကြသလဲမသိပါ။ ဖတ်ကြည့်လိုက်ပါဦးမည်။ ကော်ပီ တစ်ခုတောင်းပြီး ..။ မေးလိုသည်ကတော့ … ယောင်္ကျားချင်းသော်လည်းကောင်း၊ မိန်းမချင်းသော်လည်ကောင်း မေတ္တာမျှလိုသည့် တပ်ဖွဲ့ဝင် ဘယ်လောက်များများ ရှိသနည်း။ အတိတ်ကာလတုန်းကရော ထိုကဲ့သို့ လိင်တူ မေတ္တာမျှချင်သူများအား အပြစ်ပေးခဲ့ဖူးပါသလား။ ဒီကိစ္စကိုတော့ ရှင်းစေချင်သည်။ သိသမျှကိုလည်း ပြန်ပြောလိုသကဲ့သို့ ကောက်ချက်ချမိသည်ကိုလည်း ဝေမျှချင်သည်။

၁၉၈၈ အရေးတော်ပုံပြီး မ.က.ဒ.တ စတင်ဖွဲ့စည်းသည်မှစ၍ တပ်ရင်းတိုင်းတွင် မဟုတ်သော်လည်း မာနယ်ပလောခေတ် ကရင့်နယ်မြေတွင်ရှိသော တပ်အချို့တွင် မိုးကြိုးပစ်ခံရသော ငှက်ငယ်လေးများထဲမှ မဟုတ်သော်လည်း တယောက်စ နှစ်ယောက်စ ပါခဲ့ဖူးပါသည်။ သူတို့သည်လည်း တိုင်းပြည်နှင့် လူမျိုးအတွက် တခြားရဲဘော်များနည်းတူ လုပ်ကိုင်ခဲ့ကြသော သူများဖြစ်သည်။ သူတို့ကိုလည်း မ.က.ဒ.တ အနေဖြင့် အပြစ် တခုဟု သတ်မှတ်ကာ အပြစ်ပေးခဲ့သည်ဟု မမှတ်သားလိုက်မိဖူးပါ ...။

သို့သော် ... သို့သော် ... သို့သော် ......
အလိုဆန္ဒတွေ ဖြည့်မပေးနိုင်ခဲ့လို့ အပြစ်ပေးသည်ဟု ယူဆလျှင်တော့ ...။

တုတ်ကြီး (ခေတ္တ တာဝတိံသာ)

No comments: