Wednesday, January 16, 2008

စစ်သေနတ်ပြောင်းဝအောက်က မြန်မာ့မီဒီယာ

အေးချမ်းမြေ့
(ဧရာဝတီဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြပါသည်)

ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်း (၀ဲ)နှင့် စာပေစိစစ်ရေး ညွှန်ကြားရေးမှူး ဗိုလ်မှူး တင့်ဆွေ

မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန ညွှန်မှူး ဗိုလ်မှူးတင့်ဆွေ၏ အသံက ဖုန်းထဲမှာ ကြည်လင်ပြတ်သား လွန်းလှသည်။

“ဟုတ်ကဲ့ ပြောနေပါတယ်” ဟူသော အဖြေစကားထိ အဆင်ပြေသည်။

“မြန်မာတိုင်းမ်(စ်)ဂျာနယ် တပတ်ပိတ်ခံရတဲ့ကိစ္စ မေးချင်လို့ပါ”

“အဲဒါ ဘယ်က သိတာလဲ အခုပြောနေတာ ဘယ်ကလဲ”

“ဧရာဝတီ မဂ္ဂဇင်းကပါ” ဟူသော အဖြေစကား ပြန်ကြားပြီးချိန်တွင် စက္ကန့်အတော်ကြာကြာ တိတ်ဆိတ်သွား တော့သည်။ အချိန်အတော်ကြာကြာ စောင့်ပြီး “ဟယ်လို” သံဖြင့် သတိပေးသည်။ ဘာသံမှ မကြားရ၊ ဖုန်းချ လိုက်တာလည်း မဟုတ်၊ စက္ကန့်မှ မိနစ်သို့ ကူးပြောင်းလာချိန်တွင်တော့ ဖုန်းလိုင်း မကြည်မလင် ဖြစ်လာသလို ဆူညံသံများ ဝင်လာကာ ဖုန်းကျသွားတော့သည်။ ထပ်ခေါ်သော်လည်း မရတော့။

ဇန်နဝါရီ (၁၂)ရက်နေ့က မြန်မာတိုင်းမ်(စ်)ဂျာနယ် တပတ် ပိတ်ပင်ခံရမည် ဟူသော သတင်းထွက်ပေါ်လာခဲ့ သည်။ အကြောင်းရင်းမှာ ဂြိုဟ်တုစလောင်းနှင့် ပတ်သက်သော သတင်းကို ဖော်ပြလိုက်သောကြောင့်ဟု သတင်းဂျာနယ်လောကမှ ပုဂ္ဂိုလ်တဦးက ပြောသည်။ ၁၄ရက်နေ့ ညနေပိုင်းတွင်တော့ မြန်မာတိုင်းမ်(စ်) ဂျာနယ်၏ အယ်ဒီတာသုံးဦးနှင့် သတင်းထောက်ချုပ် တဦးကိုပါ နှုတ်ထွက်ခိုင်းသည်ဟု သတင်းရပ်ကွက်မှ ကြားသိရပြန်သည်။

“ဒီတခေါက် အပြစ်ပေးလိုက်တာကတော့ တော်တော်လေး ပြင်းထန်တယ်ဗျ ကြည့်ရတာ နမူနာ ကြည့်ထား နောက်လုပ်ရင် ဒီအတိုင်းခံရမယ်ဆိုတဲ့ သဘောလား မသိဘူး” ဟု အယ်ဒီတာတဦးက သူ့အထင်ကို ပြောပြ သည်။

စာပေစိစစ်ရေး၏ မူဝါဒဆိုသည်မှာ ပုံသေမရှိကြောင်းနှင့် အခြေအနေကိုလိုက်၍ မီးစင်ကြည့်ကနေရကြောင်း ၎င်းက ဆက်ပြောသည်။

မြန်မာသတင်းမီဒီယာသမားများ၏ သတင်းရေးသားပုံကို အစိုးရသတင်းစာပုံစံအတိုင်း ရေးသားရန်နှင့် အမျိုးသား အကျိုးစီးပွား ထိခိုက်မည့် သတင်းများ မရေးသားရန် ရေးသားပါက တင်းကျပ်စွာ အရေးယူသွားမည်ဖြစ် ကြောင်းကို ဇန်နဝါရီ၁၃ရက်နေ့က ကျင်းပသည့် ၁၆ကြိမ်မြောက် မြန်မာနိုင်ငံ ပုံနှိပ်ထုတ်ဝေသူ လုပ်ငန်းရှင်များ အသင်း နှစ်ပတ်လည်အစည်းအဝေးတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းက ပြောကြားခဲ့သည်။

“အမျိုးသားအကျိုးစီးပွားဆိုတာက တကယ်တော့ ကြားကောင်းအောင် ပြောတာပါ၊ စစ်အစိုးရရဲ့ အကျိုးစီးပွားပါ ပဲ” ဟု မြန်မာပြည်မှ ဂျာနယ်အသိုင်းအဝန်းနှင့် နီးစပ်သူ တဦးက ပြောသည်။ ပြင်းပြင်းထန်ထန် အရေးယူသွား မည် ဆိုသည့်အချက်မှာ ယုံမှားသံသယရှိစရာ မလိုကြောင်းနှင့် စစ်အစိုးရ ရေရှည်တည်တံ့ခိုင်မြဲမှုအတွက် ပိုမို တင်းကျပ်သွားဖွယ်သာရှိကြောင်း ၎င်းက ဆက်ပြောသည်။

“ဂျာနယ်တွေကို သူတို့ပြောစေချင်တာ ပြောပေးဖို့သက်သက် ထုတ်ဝေခွင့် ပြုထားတာပဲ။ ပြည်သူတွေ သိချင်တာ သိရဖို့ ဖော်ပြနိုင်ဖို့ ဆိုရင်တော့ စာပေစိစစ်ရေးဆိုတာကြီး မရှိမှရမယ်” ဟု ၎င်းက ပြောသည်။ ဆက်လက်၍ ၎င်းက မြန်မာတိုင်းမ်(စ်)ဂျာနယ် တပတ်ပိတ်ပင်သည့် ကိစ္စမှာ ပြင်းထန်လွန်းသည်ဟု ဆိုသည်။

အရေးယူသည့် အကြောင်းအရာမှာ ပြည်သူများ အမှန်တကယ် သိချင်နေသည့် သတင်းဖြစ်ပြီး၊ တာဝန်ရှိသူတ
ဦးက စလောင်းလိုင်စင်ကြေး လက်မခံသေးကြောင်းနှင့် ယခုလက်ရှိ လက်မခံသေးသည့်အတွက် လက်ခံ သည့်အချိန်တွင် နောက်ကျကြေးများပေးရန် လိုမည်မဟုတ်ကြောင်း ပြောပြထားရာ စလောင်းနှင့် ပတ်သက်၍ ဇဝေဇဝါ ဖြစ်နေသည့် ပြည်သူများအတွက် ရှင်းရှင်းလင်းလင်း ဖော်ပြပြီးဖြစ်သွားကြောင်း ၎င်းက ဆက်ပြောသည်။

မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန၏ မူဝါဒမှာ တနေ့တမျိုး ပြောင်းလဲနေသကဲ့သို့ ဂျာနယ်တစောင်နှင့် တစောင်၊ သတင်းစာတစောင်နှင့် တစောင်အပေါ် သဘောထားများမှာ မတူညီကြောင်း ဂျာနယ်တစောင်၏ ထုတ်ဝေသူတဦးက ပြောသည်။

“ကျနော့်အနေနဲ့တော့ current ဖြစ်တဲ့ issue နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးတွေကို လွတ်လွတ် လပ်လပ် ဝေဖန်ရေးသားနိုင်တဲ့ အခြေအနေမျိုး လိုချင်တယ်” ဟု သတင်းဂျာနယ် အယ်ဒီတာတဦးက ပြောသည်။ သူ့အသံမှာ လက်ရှိ ထုတ်ဝေရေးသား လုပ်ကိုင်နေရသည့် အလုပ်အပေါ် အားမလိုအားမရ ဖြစ်နေဟန် အထင်း သား ပေါ်လွင်နေသည်။ စိစစ်ရေး၏ မူဝါဒ မမှန်ကန်မှုနှင့် လွတ်လပ်စွာရေးသားနိုင်မှု မရှိခြင်းတို့ကြောင့် စာဖတ် သူများနှင့် ပြိုင်ဘက်မီဒီယာ အချင်းချင်း သဘောထားကွဲလွဲမှုများ ရှိနေရကြောင်း ၎င်းက ဆက်ပြောသည်။

“စိစစ်ရေးရဲ့ မူဝါဒကလည်း မမှန်၊ လွတ်လွတ်လပ်လပ်လည်း ရေးလို့မရ ဂျာနယ်တစောင်စီ ချဉ်းကပ်ပုံခြင်းလည်း မတူတော့ သူ့ကျတော့ ပေးတယ်၊ ကိုယ့်ကျတော့ မပေးဘူး ဆိုတာမျိုး ဖြစ်လာတယ်” ဟု သူက ဆိုသည်။ မီဒီယာ၏ အလုပ်မှာ ပြည်သူလူထု သိချင်သည့် အကြောင်းအရာကို အဖြစ်မှန်အတိုင်း ရေးသားပြရမည် ဖြစ်သဖြင့် တပြေးညီ ရေးခွင့်ရလျှင် စာဖတ်သူ၏ အထင်လွဲမှုကို ခံရစရာ မရှိသကဲ့သို့ ပြိုင်ဘက် မီဒီယာ အချင်းချင်းလည်း အထင်လွဲစရာ ရှိတော့မည်မဟုတ်ဟု ၎င်းက ဆက်ပြောသည်။

“ခုဟာက သူ့ကျတော့ ရိုက်တယ်၊ ငါ့ကျတော့ မရိုက်ဘူးဆိုပြီး ဆရာမကို ပြေးပြေးတိုင်နေတဲ့ ကလေးတွေလို ဖြစ်နေတယ်” ဟု ၎င်း၏ အမြင်ကို ဆက်ပြောပြသည်။

မြန်မာနိုင်ငံအတွင်းရှိ ဂျာနယ်၊ မဂ္ဂဇင်းများမှာ အပတ်စဉ်ထုတ်နှင့် လစဉ်ထုတ်များ ဖြစ်ကြပြီး အပတ်စဉ်ထုတ် ဂျာနယ်က တပတ်ကြို၍ စိစစ်ရေးတင်ရကာ လစဉ်ထုတ် မဂ္ဂဇင်းများက ထုတ်ဝေမည့် အချိန်ထက် တလကြိုတင် စိစစ်ရေးသို့ တင်ပြကြရသည်။ ဥပမာ အင်္ဂါနေ့ထွက်မည့် ဂျာနယ်က မထွက်မီ တပတ် အင်္ဂါနေ့တွင် စိစစ်ရေး တင်ရသည်။ စိစစ်ရေးရုံးက အဆင့်ဆင့်ဖတ်ပြီး စည်းဝေးထိုင် ဖြုတ်စရာရှိသည်များကို ဖြုတ်ကာ ကြာသပတေးနေ့တွင် အဖြေသိရသည်။

ဂျာနယ်တိုက်က ဖြုတ်စရာရှိသည်များကို မှတ်သားပြီး ပြုပြင်ကာ အချောထုတ်ပြီး သောကြာနေ့တွင် စတင်၍ ပုံနှိပ်သည်။ ပြဿနာမှာ ကြာသပတေးနှင့် သောကြာနေ့များတွင်ရသော သတင်းများကို သူများထက် ဦးအောင် ထည့်သွင်း ပုံနှိပ်လိုသည့် ကိစ္စဖြစ်သည်။ ထိုသတင်းများကို နောက်ဆက်တွဲဟု ခေါ်သည်။ နောက်ဆက်တွဲ သတင်းများကို စိစစ်ရေးသို့ တင်ချိန်တွင် ဂျာနယ်က စတင်ပုံနှိပ်နေပြီ ဖြစ်သည်။

“နောက်ဆက်တွဲကို မလွတ်နိုင်တဲ့ သတင်းမျိုး မလုပ်ရဲကြဘူး၊ စိစစ်ရေးကတော့ နောက်ဆက်တွဲ လုပ်မယ်ဆိုရင် လာရောက် ညှိနှိုင်းနိုင်တယ်လို့ ပြောထားတယ်၊ ဒီတော့ ကျနော်တို့က နောက်ဆက်တွဲတင်မယ့် သတင်းက ဘာဆိုတာ ဗိုလ်မှူးတင့်ဆွေကို ကြိုတင် အကြောင်းကြားထားလိုက်တယ်” ဟု သတင်းဂျာနယ် တစောင်မှ အယ်ဒီတာချုပ်က ပြောပြသည်။

အချို့ဂျာနယ်များမှာ စိစစ်ရေးနှင့် ပိုင်သည်ဟုဆိုကာ နောက်ဆက်တွဲအတွက် ကြိုတင် အကြောင်းမကြားထား သဖြင့် မူဝါဒ ရုတ်တရက် အပြောင်းအလဲတွင် ပြဿနာဖြစ်ရကြောင်း ၎င်းကဆက်ပြောသည်။

“စာပေစိစစ်ရေးနဲ့ အလုပ်လုပ်ရတာက ဘယ်လောက် မြင့်မယ်မှန်း မသိတဲ့ တန်းကျော်ပြေးပွဲကို ဝင်ပြိုင်နေရသလိုပဲ။ လွတ်မယ် ထင်ပေမယ့်လည်း ခုန်လိုက်ရင် ခလုတ်တိုက်ပြီး မှောက်လျက်လဲချင် လဲတာ” ဟု မြားနတ်မောင်မဂ္ဂဇင်း တာဝန်ခံအယ်ဒီတာဟောင်း ဒေါက်တာလွဏ်းဆွေက ပြောသည်။ ၎င်းမှာ မြားနတ်မောင် မဂ္ဂဇင်းတွင် ဆယ်နှစ်ခန့် တာဝန်ခံအယ်ဒီတာ လုပ်ခဲ့သည့် အတွက် စိစစ်ရေးနှင့် ပတ်သက်၍ ပုံစံအမျိုးမျိုး ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။

“တင်းကြပ်တယ်ဆိုတဲ့ မူဝါဒကတော့ ထောက်လှမ်းရေးခေတ်နဲ့ အခု ဘာမှမကွာဘူး၊ လူပဲ ပြောင်းသွားတယ် မူကတော့ ဒါပဲ” ဟု မဂ္ဂဇင်းအယ်ဒီတာတဦးက ပြောသည်။

၂၀၀၇ခုနှစ် ဇူလိုင်လအတွင်းကမူ စစ်အစိုးရ သတင်းစာများကို ဝေဖန်အကြံပြုစာများ ပေးပို့နိုင်ကြောင်းနှင့် အကောင်းဆုံး ဝေဖန်သူကို ဆုငွေများ ချီးမြှင့်မည်ဖြစ်ကြောင်း သတင်းစာ အချပ်ပိုများဖြင့် ဖိတ်ခေါ်ခဲ့သေးသည်။ သို့သော် နောက်ပိုင်းတွင် သတင်းရေးသားသည့် ပုံစံနှင့် ပါဝင်သည့် အကြောင်းအရာများ အနည်းငယ် ပြောင်းလဲလာသည်မှအပ ထူးခြားမှု မရှိခဲ့ပေ။

စက်တင်ဘာ အရေးအခင်း မတိုင်မီက ပြည်ပမီဒီယာများနှင့် ပတ်သက်၍ မည်သို့မျှ ပြောဆိုခြင်းမရှိသော်လည်း စက်တင်ဘာ နောက်ပိုင်းတွင်မူ အတိုက်အခံ သတင်းမီဒီယာများကို ပြင်းပြင်းထန်ထန် ဝေဖန်ရေးသားရုံမက စစ်အစိုးရပိုင် သတင်းစာများတွင် စာလုံးမဲကြီးများဖြင့် ဖော်ပြဝေဖန် တိုက်ခိုက်လျက်ရှိသည်။

ဇန်နဝါရီ (၁၃)ရက်နေ့က ကျင်းပသော ပြည်ခိုင်ဖြိုး နှစ်ပတ်လည် အထိမ်းအမှတ် ဗွီဒီယိုဇာတ်လမ်းအတွက် ဂုဏ်ပြုညစာစားပွဲ ကျင်းပရာတွင်လည်း ဗိုလ်မှူးချုပ် ကျော်ဆန်းက မီဒီယာ၏ စွမ်းအားသည် မျိုးဆက်သစ လူငယ်များကို လမ်းမှန်ရောက်အောင် စွမ်းဆောင်နိုင်သကဲ့သို့ လမ်းမှားကို ဆိုးဆိုးရွားစွာ ရောက်အောင် စွမ်းဆောင်နိုင်ကြောင်း၊ နိုင်ငံတနိုင်ငံ တိုင်းပြည်တပြည်ကိုလည်း ကိုလိုနီလက်သစ် သြဇာခံနိုင်ငံဘဝသို့ ရောက် အောင် စွမ်းဆောင်ပေးနိုင်ကြောင်း စသည်ဖြင့် ပြောသွားခဲ့သည်။

“ပွင့်ပွင့်လင်းလင်းရှိမယ့် မီဒီယာတွေနဲ့ အပြန်အလှန် ဝေဖန်ရေးသားနိုင်တဲ့ အခြေအနေမျိုး ဆိုရင်တော့ သူပြော သလို ကိုလိုနီလက်သစ် နိုင်ငံမျိုးဖြစ်မှာ မဟုတ်ဘူးဆိုတာ ကျနော် ပြောရဲတယ်” ဟု ဂျာနယ် အယ်ဒီတာတဦးက ပြောသည်။ ၎င်းအနေဖြင့် ပြည်တွင်း သတင်းဂျာနယ်၌ လုပ်ကိုင်နေရသည့် အခြေအနေတွင် စိတ်ကျေနပ်မှု မရနိုင်ဟု ဆိုသည်။

“ကျနော်တို့ စိတ်ကျေနပ်တယ် မကျေနပ်ဘူး ဆိုတာက တပတ်တပတ် ဘယ်နှစ်ပုဒ် လွတ်တယ် ဘယ်နှစ်ပုဒ် ပြုတ်တယ် ဆိုတဲ့အပေါ်မှာ မူတည်တယ်၊ တခါတလေ ရှားရှားပါးပါး လွတ်လာတာမျိုးလေးတွေရှိရင် ပျော်တယ်” ဟု ၎င်းက ဆက်ပြောသည်။

၂၀၀၇နိုဝင်ဘာလအတွင်းက မြန်မာနိုင်ငံစာပေစိစစ်နှင့်မှတ်ပုံတင်ဌာနညွှန်မှူးက အပတ်စဉ်ထုတ်ဂျာနယ် အယ်ဒီတာများကိုဆင့်ခေါ်၍ ဂျာနယ်ထုတ်ဝေရေးစီးဆင်းမှုပုံစံ ပိုမိုမြန်ဆန်ရေးအတွက် အကြံဥာဏ်များ တောင်းခံခဲ့သေးကြောင်း အယ်ဒီတာတဦးကပြောပြသည်။

“အကြံဥာဏ်တောင်းတယ် ဆိုပေမယ့် သူတို့ စဉ်းစားထားတာကိုပဲ ပြောသွားတာပါ၊ ဂျာနယ်တွေဘက်က အကြံပေးပေမယ့် သူတို့ဘက်က ဘာမှ လက်မခံဘူး နောက်ဆုံး ပြောသမျှ ခေါင်းညိတ်ပြီး ပြန်လာရတာပဲ” ဟု ၎င်းက ဆက်ပြောသည်။

ဗိုလ်မှူးတင့်ဆွေကိုယ်တိုင် စာပေသမား အမည်ခံထားသော်လည်း ဗိုလ်ချုပ်ကျော်ဆန်း၏ အလိုကျ စည်းကမ်း ချက်များကို အမျိုးမျိုး ပြောင်းလဲသတ်မှတ်နေရခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။ ဂျာနယ် အယ်ဒီတာချုပ်များ အနေနှင့် ဗိုလ်မှူးတင့်ဆွေနှင့် အဆင်ပြေရုံဖြင့် မလုံလောက်ဘဲ ဗိုလ်ချုပ်ကျော်ဆန်းထံ ဝင်ထွက်၍ အလိုကျနေ နိုင်မှသာ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ၎င်း၏ အတွေ့အကြုံကို ရှင်းပြသည်။

ဗိုလ်မှူးချုပ် ကျော်ဆန်းအနေနှင့် မီဒီယာလက်နက်ဟူသော ဝေါဟာရကို သုံးစွဲ၍ အရသာတွေ့နေပုံရသည်။ ယခင်လက ကျင်းပခဲ့သော အာဆီယံနိုင်ငံများ အစည်းအဝေးတွင် အင်အားကြီးနိုင်ငံများက မီဒီယာကို လက် နက်သဖွယ် အသုံးချကာ နိုင်ငံငယ်ကလေးများကို အနိုင်ကျင့်နေသဖြင့် နိုင်ငံငယ်ကလေးများက အချင်းချင်း စည်းစည်းလုံးလုံးဖြင့် ပြန်လည်တိုက်ခိုက်နိုင်ရမည် ဟုအသံကျယ်ကျယ်ဖြင့် ပြောသွားခဲ့သေး၏။

ခုတလောတွင်လည်း စစ်အစိုးရပိုင် သတင်းစာများပေါ်တွင် မီဒီယာလက်နက်ဆိုသည့် စကားလုံးက မမြင်ချင် အဆုံး ဖြစ်နေသည်။ ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင်ပင် ထွန်းဖောင်ဒေးရှင်း စာပေဆုပေးပွဲ၌ ဗိုလ် မှူးချုပ် ကျော်ဆန်း၏ မီဒီယာလက်နက်အကြောင်း မိန့်ခွန်းကို ဖတ်လိုက်ရသေးသည်။ အမျိုးသားအကျိုးစီးပွားကို မီဒီယာစွမ်းပကားဖြင့် ကာကွယ်ထိန်းသိမ်းရမည်။ အဆင့်အတန်း မြင့်မားသည့် အတွေးနှင့် အမျိုးသားရေး အမြင်တို့ဖြင့် စာပေလောက ဖွံ့ဖြိုးတိုးတက်စေပြီး နိုင်ငံနှင့်လူမျိုးဂုဏ်ကို မြှင့်တင်ရမည် စသည်ဖြင့် ရေးသား ထားသည်။

စက်တင်ဘာ အရေးအခင်းနောက်ပိုင်း အတိုက်အခံ မီဒီယာများကို ထိတ်လန့်ပြီး ပြည်တွင်းမီဒီယာများကို စစ်အစိုးရအတွက် လက်နက်သဖွယ် အသုံးချချင်နေတာကတော့ သေချာသည်။ စစ်အစိုးရ၏ အလိုကျ သေဆို သေ ရှင်ဆိုရှင်နေရသော ပြည်တွင်း မီဒီယာသမားများမှာ သနားစရာ ကောင်းလှသည်။ တချို့ မီဒီယာ စီးပွားရေး သမားများကတော့ တချိန်ချိန်တွင် နေ့စဉ်ထုတ် သတင်းစာထုတ်ခွင့် ပေးလာနိုင်သည်ဟူသော မျှော်လင့်ချက် ကလေးဖြင့် ဗိုလ်မှူးချုပ် ကျော်ဆန်း အလိုကျ အပါးတော်မြဲ လုပ်နေကြကြောင်း ဂျာနယ်လောကမှ ကြားသိရ သည်။

ဗိုလ်မှူးချုပ် ကျော်ဆန်းက အသံကျယ်နေနိုင်သော်လည်း ဗိုလ်မှူးတင့်ဆွေကတော့ တိတ်ဆိတ်နေသည်။ ဘာသံမှ မကြားရ။ စာပေအရေခြုံထားသော စစ်ဗိုလ်ဟောင်းကြီး အနေနှင့် အထက်အမိန့် မရဘဲ ‘ဟုတ်တယ် မဟုတ်ဘူး’ စကားလေးတခွန်းကိုပင် မဖြေကြားနိုင်သည့်အတွက် “နားလည်ပေးလိုက်ပါတယ်” ဟုသာ ဆိုရပါ တော့မည်။ ။

အေးချမ်းမြေ့

No comments: