Wednesday, January 2, 2008
အစားကြီးတဲ့ မြို့ (ကဗျာ)
စားဖို့တော့ ဒီနေ့ အဆင်ပြေမှာပါ
ပျားသလက်ရှာတဲ့ ၀က်ဝံဟာ
စွန့်ပစ်အမှိုက်ပုံထဲမှာ ချွေးတလုံးလုံးနဲ့
ဆောင်းည ထူလပျစ်ကြီးထဲမှာ …။
ဒီမှာတော့ …
ခရမ်းချဉ်သီးဟောင်းတွေ
ကန်စွန်းရွက် ရိုးတံတွေ
ရှားပါးတဲ့ ဈေးကြီးသိမ်းချိန်
သိမ်ငယ်တဲ့ မျက်လုံးတွေ
ဘိလိယက် ထိုးနေကြပေါ့ ...။
ဘ၀တွေဟာ
တချပ်မှောက် ဖဲဝိုင်းက
ဗြောင်ဖွင့်ပြရင်း အစားခံလိုက်ရတဲ့
လှည်းဘီးပုံ နာရီကြီးအောက်မှာ
ပြားကပ်....။
နားကန်း
မျက်ကပ်မှန် မပါတဲ့
အားနည်းချက်နဲ့ မြွေတကောင်ရဲ့ ကြွက်သားတွေကို
ဘူးသီးခြောက် ပုလွေနဲ့ လှော်နေတဲ့
အလပ္ပါယ်ဆရာတယောက်ကတော့ ခရီးရောက်သတဲ့ ...။
ဖြစ်ကတတ်ဆန်း ယုယပြလိုက်ပါဦး ...
ပြဒါးတိုင်တချောင်းနဲ့
အပူချိန်တိုင်းဖို့ ငါ့မြို့ကြီးကို ပါးစပ်ဟခိုင်းတော့
အရိုးတွေ တောင်လိုပုံနေတဲ့ သူ့ဝမ်းဗိုက်ကြီးထဲမှာ
ငါကိုယ်တိုင် မျိုချခံခဲ့ရ …။
ဒီမှာပဲ
ငါတို့ အလံမထူကြတော့ဘူး
ငါတို့ ဦးခေါင်းတွေကကို အလံတွေ ဖြစ်သင့်ကြ
ငါတို့ လက်မောင်းတွေကိုက တက်တွေ ဖြစ်ခဲ့ကြ
ရွရွလေး ရွက်ဖွင့်ကြည့်စမ်း …။ ။
ကိုမွှေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment