သူတောင်းစား နိုင်ငံတော်ကြီးဆီသို့ …
အေးချမ်းမြေ့
(ဧရာဝတီဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြပါသည်)
အေးချမ်းမြေ့
(ဧရာဝတီဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြပါသည်)
ခုနောက်ပိုင်း ရန်ကုန်မြို့ရဲ့လမ်းများပေါ်မှာ သူတောင်းစားတွေ တော်တော်များလာတာ တွေ့ရသည်။ တောင်းစားသည့် ပုံစံက မျိုးစုံ၊ အရွယ်စုံ။ အသက်လေး ငါး ခြောက်နှစ်အရွယ်ကလေးမှသည် အမယ်ကြီးအို အဖိုးအိုများအထိ။ တချို့ရုပ်ရည်က သနားကမား သန့်သန့်ပြန့်ပြန့်။ ပုံစံကလည်း အမျိုးမျိုး၊ တချို့ကတော့ သူတို့ကို သွားပြီးရောဆိုပြီး ပိုက်ဆံ အလွယ်တကူ ထုတ်ပေးလိုက်သည်။ တချို့ကတော့ ခါးခါးသီးသီး ငြင်းလွှတ်သည်။ တချို့က သူတို့ကို စပ်စပ်စုစု မေးမြန်းပြီးမှ ကျပ် ငါးဆယ် တရာ ထုတ်ပေးလိုက်သည်။
ရန်ကုန်မြို့လယ်က ဆိပ်ကမ်းသာလမ်းလို၊ မဟာဗန္ဓုလပန်းခြံလမ်းလို လူစည်သည့် လမ်းတွေပေါ်က ပလက်ဖောင်းလူသွား လမ်းတွေပေါ်မှာ ထိုင်တောင်းသည်။ တချို့ကတော့ ကော်ဖီဆိုင် လက်ဖက်ရည်ဆိုင်ထဲတွေအထိ လိုက်တောင်းသည်။ တယောက်ကို ပေးလိုက်လျှင် နောက်လူတွေကို လက်ထောက်ချပြီး တောင်းခိုင်းသည်။ ပေးရတာ မဆုံးနိုင်တော့။ တချို့မိန်းမတွေကျတော့ ပလက်ဖောင်းပေါ်မှာ နနွင်းကို ၀ါထိန်နေအောင်းလိမ်း မီးနေသည်ယောင်ဆောင်တာ ရှိသေးသည်။ ရှေ့မှာတော့ ကလေးတယောက်ကို အိပ်လျက်သား တွေ့ရမည်။ အဲဒီကလေးလေးက သူ့ကလေး ဟုတ်မဟုတ်တော့ မသိ၊ ရုပ်ရေ အသားအရောင် လုံးဝမတူ၊ ဘာဆေးတွေ တိုက်ထားလဲတော့ မသိ နိုးတာ၊ နို့စို့တာ တနေကုန်အောင် မတွေ့ရ။
တာမွေက မော်ဒန်လက်ဖက်ရည်ဆိုင် နားမှာဆိုလျှင် သူတောင်းစား အရွယ်စုံ ပုံစံစုံ အုပ်စုလိုက်ရှိသည်။ သူတို့ပုံစံက တောင်းစားနေတာထက် နေ့စဉ်ဝတ္တရားအရ အလုပ်တစ်ခု မဖြစ်မနေ လုပ်နေကြသည်နှင့် တူသည်။ တယောက်နှင့် တယောက် နောက်လိုက်ပြောင်လိုက် ကြည်စယ်လိုက်နှင့် လက်ဖက်ရည်ဆိုင်ထဲ လူသစ်ဝင်လာလျှင် ၀င်တောင်းသည်။ တယောက်ရ လာလျှင် ကျန်လူများကို လက်တို့ပြီး တောင်းခိုင်းသည်။
မြို့လယ်မှာကတော့ ပိုစုံသည်။ ကားဂိတ်မှာ ယောင်လည်လည်နှင့် ရပ်နေမိလျှင် အနားကပ်လာမည်၊ ပြီးလျှင် အိမ်ပြန်ဖို့ လမ်းစရိတ် မရှိလို့ပါဆိုပြီး ကျပ်ငါးဆယ် တရာ တောင်းသည်။ ရုပ်ရေက သန့်သန့်ပြန့်ပြန့် တောင်းစားသူဟု ထင်စရာမရှိ။
တောင်းစားသည်ဟု ထင်စရာမရှိဘဲ တောင်းစားနေရသူတွေ အမျိုးမျိုး ရှိသေးသည်။ သူတို့ကတော့ လမ်းပေါ်မှာမ ဟုတ် တချို့ စားပွဲကုလားထိုင်နှင့် တချို့ အဲယားကွန်းခန်းတွင် ထိုင်ကာ တောင်းနေကြသည်။ သနားစရာပင် ကောင်းသေးတော့။ သူတို့ တောင်းစားရတာလည်း အပြစ်မဆိုသာ၊ သူတို့မှာ တောင်း၍မှမစားလျှင် ငတ်ဖို့ပဲ ရှိတော့သည်။
သူတို့ဆိုတာကတော့ နိုင်ငံတော်အစိုးရ ပေးထားသည့် မ၀ရေစာကို စားကာ မနိုင်ဝန် ထမ်းနေရသော ပြည်သူ့ဝန် ထမ်းများကို ဆိုလိုသည်။ လောလောလတ်လတ် ဥပမာတခုပေးချင်သည်။ မကြာသေးမီက သန်းခေါင်စာရင်းကိစ္စ တခုဖြင့် မြို့နယ်လ၀ကရုံးသို့ သွားရသည်။ တိတိကျကျပြောရလျှင် ကလေးအငယ်လေးအတွက် လူသစ်ထည့် (မွေးတိုး)လုပ်ရင်း ဟောင်းနွမ်းနေသည့် သန်းခေါင်စာရင်း စာရွက်ကိုလည်း အသစ်လဲချင်သည်။
အဲဒီမှာ ဦးစီးမှူးမမနှင့် တွေ့ရမည်။ သူနဲ့တွေ့ဖို့ စောင့်နေစဉ် ရှေ့ကတယောက်နှင့် စကားပြောနေသည်ကို နားထောင်မိသည်။ သူတို့က ခပ်တိုးတိုး ပြောတာဆိုပေမယ့် ကြားဖြစ်အောင် ကြားမိသည်။ ရှေ့ကတယောက်က မှတ်ပုံတင်ကိစ္စ ပြောနေသည်။ မှတ်ပုံတင် ပျောက်ဆုံးသွားသဖြင့် အသစ်ပြန်လုပ်ချင်သည်။ ပြီးတော့ အမြန်လိုချင်သည်။
အဲဒီမှာ ဦးစီးမှူးမမ၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းသွားသည်။ `အမြန်လိုချင်လို့တော့ မရဘူး မောင်လေးရဲ့ ခရိုင်မှူးက ရှိတာမဟုတ်ဘူး။ ဒီစာကို တင်ထားရဦးမှာ၊ နောက် သုံးပတ်လောက်နေမှ လာယူ´ ဆိုပြီး ဟန်ပါပါ ကြည့်လိုက်သည်။ ထိုသူက သဘောပေါက်သည်၊ `အဲဒါဆို ဘယ်လောက်နဲ့ ဖြစ်နိုင်မလဲ အမ ကျနော်က စောင့်လို့ မဖြစ်လို့ပါ၊ ပတ်စ်ပို့တင်ဖို့ မှတ်ပုံတင် အမြန်ရမှ ဖြစ်မှာမို့ပါ´ ဟု ညှိသည်။ အဲဒီမှာ ထိုမမ၏ အတောင်း စွမ်းရည်များ တွေ့ရတော့သည်။ `မင်းက ဘယ်လောက် တတ်နိုင်လဲ ပြောကြည့်လေ´ ဟု စပေးသည်။ ထိုသူက ကျပ်တသောင်း ခန့်တတ်နိုင်သည်ဟု ဆိုသည်။ `အဲဒါဆိုရင်တော့ ဖြစ်မှာ မဟုတ်ဘူး မောင်လေးရဲ့ သိပ်မလွယ်ဘူး၊ ခရိုင်မှူးက ရှိတာ မဟုတ်ဘူး၊ ဖြစ်အောင် လုပ်ပေးရမှာ၊ မတတ်နိုင်ရင်လည်း နောက်သုံးပတ်လောက်နေမှ လာယူလိုက်ပေါ့ ဟုတ်လား´ ဟု ပြောပြီး စာရွက်စာတမ်းများကို ဘေးဖယ်လိုက်သည်။
မှတ်ပုံတင်လိုချင်သူ မနေနိုင်တော့၊ သူကလည်း ဒီနေ့ရမှ ဖြစ်မည်။ နှစ်ယောက်တိုးတိုး တိုးတိုးနှင့် ညှိလိုက်ကြရာ နောက်ဆုံး ကျပ်၂၅၀၀၀နှင့် ဈေးတည့်သွားသည်။ အဲဒီတော့လည်း လွယ်လိုက်သမှ `ခဏစောင့် ပြန်လာခဲ့မယ်´ ဖြစ်သွားသည်။ ခရီးထွက်နေသည့် ခရိုင်မှူးလည်း ဘယ်ချောင်က ပေါ်လာသည်မသိ။ သိုင်းဝတ္တုများထဲကလို ပြောရလျှင် မည်ကဲ့သို့ ပြုလုပ်လိုက်သည်မသိ၊ ညနေပြန်လာခဲ့ ရမည် ဖြစ်သွားသည်။
ထိုသူ့ပြဿနာကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရတော့ ကိုယ့်အလှည့် ဘယ်လိုလုပ်ရမယ်ဆိုတာသိသွားပြီ။ ကိုယ့်ပြဿနာ သူ့ကို တင်ပြလိုက်သည်။ ချက်ချင်း ပြောင်းလဲသွားသည့် သူ့မျက်နှာကို မြင်ရတာ ရယ်လည်း ရယ်ချင်၊ စိတ်လည်း ညစ်သည်။ ကိုယ့်ပြဿနာက သိပ်မကြီးတော့ ငါးထောင်ပေးမည်ဟု စပြောကြည့်သည်။ သူက `ငါးထောင်တော့ နည်းတယ် ညီမရဲ့ အစ်မက ခရိုင်မှူးကိုလည်း ပေးရဦးမှာ ညီမက ဒီနေ့လိုချင်တာ မဟုတ်လား တခါတည်း ပြတ်သွားအောင် လုပ်လိုက်ပေါ့´ ဆိုပြီး ဟိုလိုလို ဒီလိုလို လုပ်နေသည်။ အဲဒါနဲ့ တထောင်တန် နှစ်ရွက် ထပ်ထုတ်ပေးလိုက်သည်။ နေ့လည်ပြန်လာခဲ့ ပြီးနေစေရမည် ဖြစ်သွားပြန်သည်။
ဦးစီးမှူးမမ၏ တနေ့ဝင်ငွေ ဘယ်လောက်ရှိသည် ဆိုတာတော့မသိ။ ရွှေတွေကို သီးနေအောင် ၀တ်ထားသည်။ အ၀တ်အစားက ယူနီဖောင်းနှင့် ဆိုသော်လည်း။ မျက်နှာမှာ အကောင်းစား မိတ်ကပ်နှင့် နှုတ်ခမ်းနီနှင့်။ ဘေးစားပွဲ က စာရေးမတွေကလည်း၊ အလုပ်လုပ်ရင်း ဈေးကြီးအလှပြင် ပစ္စည်းများအကြောင်း သောင်းဂဏန်းချီသည့် အလှပြင်နည်းများအကြောင်း အလုအယက် ဆွေးနွေးနေကြသည်။ သူတို့၏ အမှန်တကယ် လစာရင်းက သူတို့ ဆိုးနေသော နှုတ်ခမ်းနီတဘူးနှင့် မိတ်ကပ်တဘူးဖိုး ခန့်သာရှိသည်။ ဒီတော့ သူတို့ခမျာ တောင်းစားကြရတာမ ဆန်းလှ။
ဌာနဆိုင်ရာများတွင် `လာဘ်ပေးလာဘ်ယူ တို့ရန်သူ´ဆိုသည့် စာတန်းများရှိသည်။ သို့သော် စာတန်းက စာတန်း ဖြစ်ပြီး မလိုက်နာတာက မလိုက်နာတာပင် ဖြစ်သည်။ ကျောင်းဖွင့်ချိန်ဆိုလျှင် ရန်ကုန်မြို့ နာမည်ကြီးကျောင်းများ၌ အကြီးအကျယ် တောင်းပွဲကြီး ကျင်းပချိန် ဖြစ်သည်။ ကျောင်းစအပ်သည့် သူငယ်တန်း ကလေးအတွက် ပေါက်ဈေး ဘယ်လောက်၊ ကျောင်းပြောင်းက ဘယ်လောက်ဟူ၍ တရားဝင် တောင်းကြသည်။ သူငယ်တန်း ကလေးအတွက် ပေးရငွေမှာ ကျပ်သိန်း ဆယ်ဂဏန်း ကျော်သည်။
ကျောင်းတက်ခွင့် ရပြန်တော့လည်း စာတော်သည့် ကလေးမိဘများမှာ မစားသာလှ။ အတန်းပိုင် ဆရာမက ဟိုဟာ စားချင်တာနှင့် ဒီဟာလိုချင်တာနှင့် ပို့ပေးရပြန်သည်၊ ပို့မပေးသည့် ကလေးကတော့ ချောင်ထိုးခံရပြီသာမှတ်။ နောက်ရှိသေးသည်၊ မူလတန်းမှာက အမှတ်တူတွေ များတတ်တော့ အဆင့်ခွဲဖို့ဆိုပြီး မိဘကို ခေါ်သည်။ အမှတ်တူခြင်း ပိုပေးနိုင်သူက ပထမချိတ်မည်တဲ့။ တောင်းနည်းပေါင်းစုံအောင် ဆန်းပြားလှသည်။
ဘဲဥဟု အများသိသည့် လမ်းပြပုလိပ်တွေကျတော့ တမျိုး၊ သူတို့ကို လိုင်းကားများက ဆက်ကြေးပေးသလို ပေးရသည်။ အများကြီးတော့မဟုတ် သူတောင်းစား ပေးသလောက် ၅၀၊ ၁၀၀ မျှသာ။ ဒါက ဖမ်းတာ မဟုတ်သေး၊ ဖမ်းရင် သပ်သပ် ညှိရသည်။ မညှိတဲ့သူကတော့ ရုံးသွား ဖြေရှင်းရမည်။
ရာထူးကြီးကြီးတွေကတော့ ကိုယ်တိုင်မတောင်း အောက်ကလူက တောင်းပေးတာကို မိုက်ကြေး ပြန်ခွဲကြသည်။ သူတို့က သူတောင်းစား ဂိုဏ်းချုပ်များ ဖြစ်သည်။ တောင်းသူအားလုံး အကြီးဆုံးမှ အငယ်ဆုံးအထိ အစက ထမင်းမ၀၍ ထမင်းဝရုံ တောင်းသည်။ နောက်တော့ အချိုတည်းရန် တောင်းသည်၊ နောက် အ၀တ်အစား အသစ် ၀ယ်ဖို့ တောင်းသည်။ နောက်ပိုင်းကျတော့ တောင်းရတာ ပျော်ပြီး တောင်းလာကြသည်။
ဘယ်နေရာ သွားသွား သူတောင်းစားများနှင့် လွတ်သည်ဟူ၍ မရှိတော့၊ ခုတော့ တချို့သူတောင်းစားများ နေပြည်တော် ရွှေ့သွားကြပြီ။ ကြီးကြီးမားမားကိစ္စ ဆောင်ရွက်မည့်သူများက နေပြည်တော်ရှိ သူတောင်းစား အကြီးစားများထံ သွားပေးကြရသည်။ သိပ်မကြီးသော ရန်ကုန်တွင် ပြီးမည့် ကိစ္စဆိုလျှင်တော့ ရန်ကုန်က သူတောင်းစားများနှင့်ပင် ပြီးသည်။ ပြီးခဲ့သည့် သီတင်းကျွတ်ကာလက နေပြည်တော်တွင် လက်ဆောင်ခြင်းများ ရောင်းအား တက်သည်။ သူတောင်းစား ခေါင်ချုပ်များကို ပေးရသောကြောင့် ဖြစ်သည်။
စာပေကင်ပေတိုင်ရုံးမှာလည်း သူတောင်းစားကြီးတွေ ရှိသေးသည်။ နည်းမျိုးစုံအတွက် ပေးရသည်။ အခါကြီးရက် ကြီးများတွင် ပေးရသည်။ ဘာမှမဟုတ်လည်း လက်ဖက်ရည်ဖိုး ဟုဆိုကာ ပေးရသည်။ သူတောင်းစားတွေက များလွန်းတော့ ဘယ်ဟာ သူတောင်းစား ဘယ်သူက ရိုးရိုးလူဟူ၍ပင် ခွဲခြား မသိနိုင်တော့၊ တောင်းသူအတွက်ကော ပေးသူအတွက်ပါ တောင်းခြင်းပေးခြင်းက အဆန်းမဟုတ်တော့၊ တောင်းသူကလည်း တောင်း၍ ပေးသူကလည်း ပေးနေကြသည်။
လမ်းပေါ်က သူတောင်းစားတွေကို ရုံးခန်းထဲက သူတောင်းစားက နှာခေါင်းရှုံ့သည်။ သူတောင်းစားချင်းတူတူ တမူးပိုရှူသည်။ တကယ်က ဒီလောက် သူတောင်းစား များနေသည့် နိုင်ငံတွင် သူတောင်းစားအဖွဲ့ချုပ်၊ သူတောင်းစားသမဂ္ဂ သူတောင်းစားများအသင်း၊ သူတောင်းစား ကုမ္ပဏီလီမိတက် ဆိုပြီးတောင် ရှိသင့်သည်။ များလိုက်သည့် သူတောင်းစားတွေ၊ စီးပွားဖြစ် သူတောင်းစားတွေ၊ သူဌေးဖြစ် သူတောင်းစားတွေ၊ ပရော်ဖက်ရှင်နယ် သူတောင်းစားတွေ ဖြစ်သည်။
အတော်ပဲဖြစ်သည်။ မြန်မာနိုင်ငံကြီးတွင်လည်း နအဖ အစိုးရ ဘာမှမကျန်တော့ လောက်အောင် မွဲတေနေပြီ၊ ခွက်ဆွဲ၍ တောင်းစားရမည့် အနေအထားဆိုတော့ တနေ့လိုအပ်လာလျှင် သင်တန်းပေးစရာ မလိုတော့။ ခွက်တယောက်တလုံး ပေးပြီး တောင်းခိုင်းလိုက်ရုံသာ ။ ။
No comments:
Post a Comment