Wednesday, December 12, 2007

လမ်းပြမြေပုံ(၇)ရပ် အဆုံးအထိ ရောက်ပါ့မလား

ဒေါင်းတမန်

(ဤရှုထောင့်အမြင် ဆွေးနွေးချက်သည် စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်)

ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲက နအဖအဖွဲ့ရဲ့ ပြောကြားချက်ကိုကြည့်ရင် သူတို့ဟာ လမ်းပြမြေပုံ(၇)ရပ်က နေ လုံးဝသွေဖီမသွားဘဲ ဆက်လက်ဆောင်ရွက်သွားမယ်ဆိုတာ သေချာသွားပါတယ်။ အတိုက်အခံတွေဘက် က ပြန်လည်ညှိနှိုင်းဖို့ တောင်းဆိုနေတာကို အဲဒီလို တရားဝင် ငြင်းဆန်သွားတဲ့အခါ မေးစရာ မေးခွန်းတခု ပေါ်လာပါတယ်။

သူတို့ရဲ့ လမ်းပြမြေပုံ(ရ)ရပ်ကရော အဆုံးအထိ ရောက်နိုင်ပါ့မလား။

ဒီလိုမေးရတာကတော့ နအဖအနေနဲ့ သူတို့လုပ်နေကျအတိုင်း ကလိမ်စေ့ငြမ်းဆင်ပြီး အချိန်ဆွဲနေလိမ့်မယ်လို့ ယူဆမိတာကြောင့် မဟုတ်။ သူတို့ ကတိပေးထားတဲ့အတိုင်း အဆင့်ဆင့် ဆက်လက် ဆောင်ရွက်သွားလိမ့်မယ်လို့ ကျနော် မျက်စိမှိတ် ယုံကြည်လိုက်ပါတယ်။ ဆန္ဒခံယူပွဲ မတိုင်မီလည်း လွတ်လွတ်လပ်လပ် စည်းရုံးခွင့် ပေးမယ်လို့လည်း စိတ်ချလက်ချ ယုံကြည်လိုက်ပါတယ်။ လွတ်လွတ်လပ်လပ် မဲပေးခွင့်ပေးမယ်လို့လည်း အပ်ကျမတ်ကျ ယုံကြည်လိုက်ပါတယ်။ ( မဆလ ခေတ်ကလို ဆယ်အိမ် မဲတပုံးတော့ မဟုတ်လောက်ဘူး ထင်ရတာပဲလေ။)

ဒါပေမယ့် မေးစရာကာင်းတဲ့ မေးခွန်းတခုက သူတို့ရဲ့ အခြေခံဥပဒေကို အတည်ပြုဖို့ ဆန္ဒခံယူပွဲ လုပ်တဲ့အခါ လိုအပ်တဲ့ ဆန္ဒမဲ လုံလုံလောက်လောက် ရနိုင်ပါ့မလား ဆိုတာပါပဲ။

နအဖအနေနဲ့ သူတို့အကွက်ချထားတဲ့အတိုင်း ဖြောင့်ဖြောင့်ဖြူးဖြူး ဖြစ်လာမယ်လို့ မျှော်လင့်ထားလို့လား၊ ထောက်ခံမဲကို ပြည်သူတွေဆီက လွယ်လွယ်ကူကူ စည်းရုံးပြီး ယူလို့ရမယ်ထင်နေလို့လား၊ ဒါမှမဟုတ် အတင်းအကျပ် ထည့်ခိုင်းရင်များ ထောက်ခံမဲပုံးထဲကို မဲတွေ ရောက်လာမယ်လို့ တွက်ထားလို့လား မသိပါ။ ဒီအဆင့်ကို မကျော်နိုင်ရင် ဘာဆက်လုပ်မလဲဆိုတာကို ထပြီးမေးကြတဲ့ သတင်းထောက်လည်းမရှိ။ နအဖကလည်း ပြောကြားခြင်းမရှိပါ။

တကယ်တော့ အဖြေနှစ်မျိုး ထွက်နိုင်တဲ့ အခြေအနေမှာ ဘယ်လိုရှေ့ဆက်လုပ်မယ် ဆိုတာကို လမ်းသွယ်နှစ်မျိုး ချပြရမှာပေါ့။

တကယ်လို့ အဲဒီ ဆန္ဒခံယူပွဲမှာ သူတို့အနေနဲ့ တရားနည်းလမ်းကျကျ မဲထက်ဝက်ကျော် ရခဲ့ရင်တော့ သူတို့ရဲ့လမ်းပြမြေပုံကို ဆက်လက်ချီတက်တာ တရားမျှတပါတယ်။ ကျနော်တို့ကရော မကျေနပ်လို့ ဘာတတ်နိုင်မှာလဲ။ မဲဆန္ဒရှင်အများစုရဲ့ ဆန္ဒကို လေးစားရမယ်လေ။ ကျနော်တို့ကတော့ သူတို့ ၁၉၉ဝတုန်းက လုပ်ခဲ့သလို ဆန္ဒခံယူပွဲရလဒ်ကို ပယ်ဖျက်တာမျိုး မလုပ်နိုင်ဘူးလေ။ ကျနော်တို့က သူတို့လိုမှ လက်ရှိ အာဏာဆုပ်ကိုင် ထားနိုင်သူတွေမှ မဟုတ်တာ။

ဒါပေမယ့် ကျနော်ကတော့ ကိုယ့်ပြည်သူတွေကို ကိုယ်ယုံတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောက်ခံမှုမရဘဲနဲ့ ပြည်သူအများစုရဲ့ ထောက်ခံမဲရဖို့ဆိုတာ ဝေးပါသေးရဲ့။ မဲဆန္ဒခံယူပွဲ လုပ်တယ်ဆိုတာ ထောက်ခံပွဲလုပ်သလို နွားအုပ်ကို ကွင်းထဲမောင်းသွင်းတဲ့ အလုပ်မျိုး မဟုတ်ပါဘူး။ ကျနော်တို့ ပြည်သူတွေဟာ အဲဒီအခါမှာ နွားအကျခံကြတော့မှာ မဟုတ်ပါဘူး။ နအဖအနေနဲ့ ၁၉၉ဝ တုန်းကထက်တောင် ပိုပြီး ပိုးစိုးပက်စက် ရှုံးနိမ့်သွားပါလိမ့်မယ်။

အဲဒီလို ရှုံးနိမ့်သွားခဲ့ရင် နအဖအနေနဲ့ ဘာဆက်လုပ်မှာလဲ။
(မစ္စတာဂမ်ဘာရီ နောက်တခါ မြန်မာပြည်လာရင် ဒီမေးခွန်းလေးကို မေးပေးပါလို့ တောင်းဆိုချင်ပါတယ်။)

၁၉၉ဝ တုန်းကလိုပဲ ဆန္ဒခံယူပွဲရလဒ်ကို ပယ်ဖျက်ဦးမှာလား။

ပြည်သူတွေ ကျေနပ်တဲ့ ဖွဲ့စည်းပုံပေါ်ပေါက်တဲ့အထိ ရေးဆွဲပေးမယ်ဆိုပြီး၊ အမျိုးသားညီလာခံကို ပြန်ခေါ်လို့ နောက်ရာစုများစွာကြာအောင် အချိန်ဆွဲသွားမှာလား။

ညီမလေး … မစုရေ၊ အခြေခံဥပဒေအတွက် ညှိနှိုင်းကြစို့ဟေ့လို့ အဲဒီတော့မှ အချိုသတ်ဖို့ ကြိုးစားဦးမှာလား။

ပြည်သူတွေကရော အဲဒီအခါ ဘယ်လိုတုန့်ပြန်ကြမှာလဲလို့ ကြိုတင်ပြင်ဆင်ထားကြဖို့ လိုကြောင်းပါ။

ဒေါင်းတမန်

1 comment:

Unknown said...

fu r right , we need to ask this question , not only to junta , but also to the world,