ဦးဂမ္ဘီရနှင့် အရှင်နာယက
ဘာသာပြန်- မောင်စွမ်းရည်
ပြည်သူ့အမြင် (နယူးရောက်)မှ ကူးယူဖော်ပြပါသည်။
သံဃာတော်များ အနေနဲ့ မိမိတို့ ခံယူတည်ဆောက်ထားတဲ့ ၀ိနည်းတရားတော်အရမှာ ဒုက္ခဆင်းရဲ ကြုံတွေ့ နေကြရတာတွေကို တွေ့မြင်ရတိုင်း ကယ်မ စောင့်ရှောက်ရမယ့် တာဝန်ရှိပါတယ်။ အများပြည်သူတွေ ဒုက္ခရောက်နေကြတာကို မြင်တွေ့ရရင် ဘုန်းကြီးတို့က ဥပက္ခာပြု မနေနိုင်ပေဘူး။ မိမိတို့နိုင်ငံမှာ ခုလို သံဃာတော်တွေက ပြည်သူတွေရဲ့ ဒုက္ခကို ဖေးမကူညီကြဖို့ ညီညာစုရုံးကြတဲ့အခါ ဘုန်းကြီးတို့လည်း သံဃာအဖွဲ့ အစည်းတရပ် ထူထောင် လိုက်ကြရပေတယ်။ ဗမာပြည်မှာ သံဃာအဖွဲ့အစည်းဟာ နှစ်ပေါင်း ၂၀၀၀ကျော် ကတည်းက ပြည်မျက်နှာ နိုင်ငံမျက်နှာဖုံးအဖြစ် ရပ်တည်ခဲ့ကြပါတယ်။
ရဟန်းတပါးက နိုင်ငံရေး ရာထူးယူတာ၊ နိုင်ငံရေး အဖွဲ့အစည်းတခုခုမှာ ပါဝင်တာမျိုးတွေဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာ ၀ိနည်းတော်များအရဆိုရင်တော့ မဖြစ်သင့်ပေဘူး။ ဒါပေမယ့် ဒီနေ့ဗမာပြည်မှာ အမြစ်တွယ်နေပြီဖြစ်တဲ့ မေတ္တာဝါဒနဲ့ အဟိံသ၀ါဒ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှု၊ ဒဿနအရ မျှော်လင့်မထားတဲ့ တုံ့ပြန် ဖီဆန်အာခံမှုမျိုးကို ဖြစ်ပေါ်စေပြီး မတရား ဖိနှိပ်အုပ်ချုပ်နေတဲ့ စစ်အစိုးရကို မလွှဲရှောင်သာ အန်တု ဖီဆန်တာမျိုးကို ပြုလုပ်ခဲ့ကြရပါပြီ။
ဘုန်းကြီးတို့ နှစ်ပါးလုံးဟာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ ဖြစ်ကြပါတယ်။ တပါးက လက်တလေ ဆန္ဒပြပွဲကြီးမှာ ဦးဆောင်ခဲ့တဲ့ သံဃာ့အဖွဲ့အစည်းကြီးရဲ့ ဦးဆောင်သံဃာတော်ဖြစ်ပြီး နောက်တပါးကတော့ အမေရိကန် ပြည်ထောင်စုမှာ စာပေသင်ကြား ပို့ချပေးနေသူ ပညာရှင် ဖြစ်ပါတယ်။ ဒီနှစ်ပါးမှာ တပါးက ထွက်ပြေး ပုန်းရှောင်နေရပါတယ်။ အကြောင်းကတော့ စစ်အစိုးရက ဗမာပြည်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုခဲ့ကြတဲ့ ဗုဒ္ဓဘာသာနွယ်ဝင် ညီအကို မောင်နှမတွေကို ရက်ရက်စက်စက် လိုက်လံဖမ်းဆီး သတ်ဖြတ်နေလို့ ဖြစ်ပါတယ်။
ဗမာပြည်မှာ မြောက်များလှစွာသော သံဃာများနဲ့ သီလရှင်များဟာ စစ်သားများရဲ့ နှိပ်စက် စော်ကားတာတွေကို ခံခဲ့ကြရပါတယ်။ ထောင်နဲ့ချီပြီး အဖမ်းခံကြရပါပြီ။ ရက်ရက်စက်စက် နှိပ်စက် ညှဉ်းပမ်းတာတွေကိုလည်း ဆက်လက် ခံစားနေကြရပါတယ်။ သံဃာတထောင်ကျော် ပျောက်ဆုံးနေပြီး အများအပြားဟာ သေဆုံးကုန်ကြပြီလို့ ယူဆကြရပါတယ်။
ရက်သတ္တပတ် အနည်းငယ်အတွင်းက စတင်ပြီးတော့ သံဃာတော်များဟာ ဗမာပြည်သူတွေရဲ့ ပြဿနာတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းပေးနိုင်စေဖို့ ရည်ရွယ်ပြီး မေတ္တာပို့ရင်း စုပေါင်းလမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။ ဗမာပြည်ဟာ သယံဇာတ ပေါကြွယ်ဝပါလျက် ဗမာပြည်သူတွေမှာတော့ ဆင်းရဲမွဲတေ နေကြပါတယ်။ ဒီကြားထဲမှာ စစ်အစိုးရက ဓာတ်ဆီလောင်စာ ဈေးနှုန်းတွေကို ရုတ်တရက် နေ့ချင်းညချင်း
ဆိုသလို ၅၀၀ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်တဲ့အခါ အများပြည်သူ လူတိုင်းမှာ ထိခိုက်နစ်နာကြရပြီး မျက်ကလဲဆန်ပြာနဲ့ ဗျာများကုန်ကြရရှာပါတယ်။
သံဃာတော်များ အနေနဲ့ကတော့ ပြည်သူတွေ ဒုက္ခဆင်းရဲ ကြုံတွေ့ကြရတာကို မြင်တွေ့ကြရတိုင်း ကယ်မ စောင့်ရှောက်ကြရမယ်လို့ ခံယူထားတဲ့ အချက်ဟာ မိမိတို့ ကျင့်သုံး ဆောက်တည်ထားတဲ့ ၀ိနည်းတရားတော်ရဲ့ အစိတ်အပိုင်းတခုအဖြစ် ပါဝင်နေတာ ဖြစ်ပါတယ။် ခုလို ပြည်သူတွေ ဒုက္ခရောက်နေ ကြရရှာတာကို သံဃာတော်တွေက ဥပက္ခာပြု လျစ်လျူရှုပြီး မနေနိုင်ပါဘူး။ ပြည်တွင်းမှာ သံဃာတော်တွေ တညီတညွတ်တည်း စည်းရုံးဆောင်ရွက်ကြတဲ့အခါ ပြည်ပမှာလည်း သံဃာတော်များရဲ့ အဖွဲ့အစည်းတရပ်ကို စုဝေးဖွဲ့စည်းလိုက်ကြရပါတယ်။
ပြည်ပမှာ စာသင်ကြားပို့ချခြင်း၊ စာသင်ယူခြင်း အလုပ်တို့ကို လုပ်နေကြတဲ့ သံဃာတော်တွေဟာ စည်းရုံးလှုပ်ရှားမှုကြီးမှာ ပါဝင်ပေါင်းစည်းကြပြီး လူထုဆန္ဒပြပွဲကြီးများ ပြုလုပ်ကြခြင်းဖြင့် ဗမာပြည်တွင်းက လူထုလှုပ်ရှားမှုတွေကို ထောက်ခံအားပေးခဲ့ကြပါတယ်။ ဒီလို စုဝေးလှုပ်ရှားမှုတွေဟာ သံဃာတော်တွေ အနေနဲ့သာ မကပါဘူး။ သံဃာတော်များက နိုင်ငံရေးပြောင်းလဲမှု တရပ်အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုကြပြီဆိုရင်ပဲ ကျောင်းသားတွေ၊ လူငယ်တွေ၊ ပညာရှင်တွေနဲ့တကွ သာမန်ပြည်သူတွေပါ လမ်းမပေါ်ကို တက်ပြီး မိုးထဲ လေထဲမရှောင် ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။
သံဃာတော်များအနေနဲ့ ဗိုလ်ချုပ်အားလုံး မဟုတ်တောင်မှ ဗိုလ်ချုပ်တချို့ကိုတော့ဖြင့် ဆွဲဆောင် နိုင်ခဲ့ကြပါတယ်လို့ ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံကို ထိန်းသိမ်း အုပ်ချုပ်နေကြတဲ့ ဗိုလ်ချုပ်
တွေကိုယ်တိုင် ဗုဒ္ဓဘာသာဝင်တွေ ဖြစ်နေကြတဲ့အတွက် ဗမာပြည်အပေါ်မှာ ကျရောက်နေတဲ့ ဘေးဆိုး ဒုက္ခတွေကို ဖယ်ရှားဖို့ရာ သံဃာတော်တွေရဲ့ အားထုတ်မှုကို သူတို့လည်း ပူးတွဲပါဝင်ချင်တဲ့ သဘောထား
ဆန္ဒတွေ ဖြစ်ပေါ်လာကြမှာပဲ ဖြစ်ပါတယ်။ သံဃာတော်များဟာ ပထမပိုင်းမှာ မိမိတို့ရဲ့ မလိုလား မနှစ်မြို့မှုကို စစ်ဗိုလ်တွေ လှူဒါန်းတဲ့ ဆွမ်းများ လက်မခံခြင်းဖြင့် ပြသခဲ့ကြပါတယ်။ သပိတ်တွေကိုမှောက်ပြီး ကိုင်ဆောင် လမ်းလျှောက်လာခြင်းဖြင့် မိမိတို့ရဲ့ဆန္ဒကို အမူအရာနဲ့ပြပြီး သိရှိစေခဲ့တာပါ။
သံဃာတော်တွေဟာ သာမန်စစ်သားတွေကိုရော၊ အဲဒီစစ်သားတွေကို အမိန့်ပေးပြီး ပြည်သူတွေကို ရက်ရက်စက်စက် နှိမ်နင်းဖို့ ခိုင်းစေခဲ့ကြတဲ့ စစ်ခေါင်းဆောင်တွေကိုရော မေတ္တာမပျက်ကြပါဘူး။ ဒါပေမယ့် အချိန်ရှိခိုက် ပြောင်းလဲ လိုက်ကြပါတော့လို့တော့ စစ်ဗိုလ်တွေကို တိုက်တွန်းလိုပါတယ်။ စစ်တပ်ထဲက လူတချို့နဲ့ စစ်တပ်နဲ့ နီးစပ်တဲ့ အုပ်စုအသင်းဝင်တွေထဲက လူတချို့ ကဆိုရင် သံဃာတော်တွေကို အကြမ်းဖက် နှိမ်နင်းမှုကို စိတ်မပါခဲ့ကြဘူးဆိုတာ သံဃာတွေက သိထားကြပါတယ်။ ကိုယ့်နိုင်ငံထဲက ကိုယ့်နိုင်ငံသားတွေကို အကြမ်းဖက် နှိပ်စက်ခဲ့ကြသူတွေကိုတော့ ကျွန်ုပ်တို့က ခုလို တိုက်တွန်း ပြောဆိုချင်ပါတယ်။
“သင်တို့ရဲ့လုပ်ရပ်တွေကို ချက်ချင်း ရပ်ဆိုင်းလိုက်ပြီး ဒီအပြုအမူ ဒီလုပ်ရပ်တွေဟာ တရားတော်နဲ့ ညီရဲ့လား၊ ကိုယ့်ပြည်သူတွေရဲ့ ကောင်းကျိုး ဆောင်ရွက်နေတာကော ဟုတ်ရဲ့လား” ဆိုတာတွေကို ဆင်ခြင်ကြည့်ကြ စေလိုပါတယ်။ တချို့စစ်သားတွေကဆိုရင် သံဃာတော်တွေကို ရိုက်နှက်ခိုင်းတာကိုရော၊ သံဃာတော်တွေ ချီတက်လာကြတာကို တားဆီးဖို့ကိုရော အထက်က အမိန့်ပေး စေခိုင်းတာကို ငြင်းဆန်ခဲ့ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုငြင်းဆန်တဲ့ စစ်သားတွေဟာ သံဃာတော်တွေ ဘာလုပ်နေကြတယ်ဆိုတဲ့ အမှန်တရားကို သိရှိနားလည်ကြလို့ပါပဲ။
သံဃာတော်များအနေနဲ့ မျှော်လင့်ထားတာကတော့ စစ်ခေါင်းဆောင်တွေဟာ ထွက်ပေါက် ဖန်တီးတဲ့အနေနဲ့ အမျိုးသားညီညွတ်ရေးကို ရည်မှန်းချက်ထားပြီး ပြည်သူ့ခေါင်းဆောင်တွေနဲ့ရော၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ပါ အမြန်တွေ့ဆုံ ဆွေးနွေးကြဖို့ပါပဲ။ စစ်သားတွေဟာ ဘုန်းကြီးကျောင်းတွေကို ၀င်ရောက်တိုက်ခိုက်ပြီး သံဃာတော်တွေနဲ့ သီလရှင်တွေကို အင်အားသုံး ဖမ်းဆီးခဲ့ကြပါတယ်။ ရပ်ကွက်တွေ ထဲမှာရော၊ ဘုရားကျောင်းကန် ၀န်းကျင်တွေနဲ့ လမ်းမတွေထဲမှာရော စစ်တပ်အစောင့်တွေ ချထားခဲ့ကြပါတယ်။
ဒဏ်ရာရထားတဲ့ ဆန္ဒပြသူတွေကိုလည်း အစုလိုက် အဝေးလိုက် အရှင်လတ်လတ် မြေမြှုပ်သဂြိုဟ် ဖျောက်ဖျက်ပစ်ခဲ့ကြပါတယ်။ ရန်ကုန်အနီးက ချောင်းမြောင်းတွေထဲမှာလည်း အလောင်းတွေ ပေါ်လာတယ် ဆိုတာကို အခိုင်အမာ အတည်ပြု ပြောဆိုထားတဲ့ သတင်းတွေ ရရှိခဲ့ပါတယ်။ စစ်အစိုးရဟာ ခုလို ဗမာပြည်သူတွေကို မတရား ဖိနှိပ်သတ်ဖြတ်ပြီး ကမ္ဘာကို သတင်းလိမ်တွေ ဖြန့်ချိခဲ့ပါတယ်။
ဗိုလ်ချုပ်ကျော်ဆန်းက စစ်အစိုးရရဲ့ ကိုယ်စားအနေနဲ့ ကုလသမဂ္ဂရဲ့ ကိုယ်စားလှယ် အီဘရာဟင်ဂမ်ဘာရီကို မကြာခင်ကပဲ ခုလို ပြောပြလိုက်ပါတယ်။ အခုလမ်းလျှောက်ဆန္ဒပြတဲ့ သံဃာတွေဟာ “သံဃာအတု” တွေပါတဲ့။ ကျွန်ုပ်တို့ဟာ သံဃာအစစ်တွေပါ။ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ရခိုင်၊ မကွေးနဲ့ စစ်ကိုင်းတို့မှာ ထောင်ချီများပြားတဲ့
သံဃာတွေဟာ ငြိမ်းချမ်းရေး လိုချင်လို့ ဆန္ဒပြကြတာပါ။ တချို့က ဗမာပြည်မှာ အုံကြွမှုကြီး ပြီးဆုံးသွားပြီလို့ ပြောကြပါတယ်။ ဒါက စစ်အစိုးရအနေနဲ့ ကမ္ဘာကို ဒီအတိုင်း သိစေချင်တာပါ။
ဒါပေမယ့် ဘုန်းကြီးတို့ ယုံကြည်တာက ဒီအုံကြွမှုကြီးဟာ စစ်အုပ်ချုပ်ရေးအဆုံးရဲ့ အစပဲ ဖြစ်ပါတယ်။ စစ်ဗိုလ်ချုပ်တွေ ဖြိုခွင်းလိုက်တာဟာ ဗမာပြည်သူတွေသာ မကပဲ သူတို့ရဲ့ နှလုံးသားဝိညာဉ်နဲ့ ယုံကြည်မှုတွေကိုပါ ဖြိုခွင်းမိခဲ့ပါပြီ။ သံဃာတော်တွေဟာ တရားတော် စောင့်ရှောက်ပြီး သူတို့ကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ကတော့ ဗုဒ္ဓသာသနာတော်ကြီး တခုလုံးကိုပါ တိုက်ခိုက်လာခဲ့ပါပြီ။ ဘုန်းကြီးတို့ အနေနဲ့ ဘုန်းကြီးတို့ကို နိုင်ငံတကာက ကူညီနေကြတာကို သိရှိပါတယ်။ ဒါပေမယ့် ကူညီမှုတွေဟာ ပိုပြီးထိရောက်ဖို့ လိုပါတယ်။ ဘုန်းကြီးတို့ဟာ နှစ်ပေါင်း ၄၀ ကျော်ကြာအောင် ငြင်းပယ်ခံခဲ့ကြရတဲ့ အခွင့်အရေးတွေကို ပြန်လည်ရရှိအောင် ကူညီအားပေးလာကြတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကို ကျေးဇူးတင်ပါတယ်။
ဒါပေမယ့် နိုင်ငံတကာ ပြည်သူတွေအနေနဲ့ ဒီလိုကူညီကြတာတွေကို လက်တွေ့ကျကျနဲ့ အကျိုးသက်ရောက် အောင် လုပ်ကြစေချင်ပါတယ်။ စစ်အစိုးရကတော့ သူတို့အာဏာ တည်မြဲရေးအတွက် ဘာမဆို လုပ်တော့မှာပဲ။ ဒီအခါမှာ သူတို့ရဲ့ အကြမ်းဖက် လုပ်ရပ်တွေကို ကမ္ဘာသိအောင် ဖော်ထုတ်ဖွင့်ချ ကြရပါလိမ့်မယ်။ စစ်အစိုးရဟာ လမ်းတွေနဲ့ ဘုန်းတော်ကြီး ကျောင်းတွေကိုတော့ ထိန်းချုပ်နိုင်ကောင်း ထိန်းချုပ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့ဟာ သံဃာတော်တွေရဲ့ နှလုံးသားထဲက သန္နိဋ္ဌာန် ကိုတော့ဖြင့် ဘယ်တော့မှ ထိန်းချုပ်နိုင်မှာမဟုတ်ပါဘူး။
(မှတ်ချက်။ ။ ဦးဂမ္ဘီရဟာ “ဗမာနိုင်ငံလုံးဆိုင်ရာ သံဃာ့သမဂ္ဂီ” ရဲ့ ဦးဆောင် သံဃာတပါးဖြစ်ပြီး အရှင်နာယက ကတော့ ဗုဒ္ဓသာသနာပြုအဖွဲ့ကို တည်ထောင်သူနဲ့ ကိုလံဘီယာတက္ကသိုလ်ရဲ့ ဧည့်သည် ကထိကတဦး ဖြစ်ပါတယ်။)
Wednesday, December 12, 2007
ငိုလေဦးတော့ ချစ်ဗမာပြည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment