Thursday, December 20, 2007

မြန်မာဗုဒ္ဓဘာသာဝင် ရဟန်းတော်များနှင့် မြန်မာ့နိုင်ငံရေးမှာ ခွဲခြားမရပါ

မြန်မာဗုဒ္ဓဘာသာဝင် ရဟန်းတော်များနှင့် မြန်မာ့နိုင်ငံရေးမှာ ခွဲခြားမရပါ
မျိုးမြင့်ချို

ကျွန်ုပ်တို့ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာဝင် အများစု နေထိုင်သည့် နိုင်ငံဖြစ်သည်။ ရဟန်းတော် ဦးရေမှာလည်း သိန်းနှင့် ချီ၍ ရှိသည်။ ဘုရားစေတီပုထိုး ကျောင်းကန်များမှာလည်း လက်ညှိုးထိုး မလွဲအောင်ပင် ဖြစ်ပေသည်။ အခြားသော ဗုဒ္ဓဘာသာဝင်များ နည်းတူ ရတနာသုံးပါးကို ကြည်ညို ကိုးကွယ်ရာတွင်လည်း မြန်မာလူမျိုးတို့သည် ကိုင်းရှိုင်းလှပေသည်။ လှူရေးတန်းရေး ကိစ္စများ ဆိုလျှင်လည်း တပဲရလို့ တပြားလှူဆိုသည့် ဆောင်ပုဒ်ထဲက လိုပင်။ ထိုသို့သော နိုင်ငံတွင် ရဟန်းနှင့် ဒကာ တနည်းဆိုသော် သံဃာနှင့် ပြည်သူတို့၏ အပြန်အလှန် ချစ်ကြည်ရင်းနှီးမှု အပြန်အလှန် အကျိုးစီးပွား ဆောင်ရွက်ပေးမှုတို့ ရှိရမည်မှာ ဓမ္မတာပင် ဖြစ်ရလိမ့်မည်။

ကျနော်တို့ နိုင်ငံ၏ အချုပ်အချာအာဏာကို စစ်တပ်မှ မတရားသိမ်းပိုက်၍ လက်နက်ဖြင့် ဗိုလ်ကျစိုးမိုး အုပ်ချုပ်လာခဲ့သည်မှာ ယခုဆိုလျှင် အနှစ်လေးဆယ်ပင် ကျော်ခဲ့ပြီ ဖြစ်သည်။ အခြေအမြစ်မရှိ၊ မဟုတ်မှန်သည့် အကြောင်းများကို ကလိန်စေ့ ငြမ်းဆင်ကာ အာဏာတည်မြဲရေး တခုတည်းအတွက် လုပ်ဆောင်လာခဲ့ခြင်း၏ ရလဒ်ကား ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများစာရင်း သွတ်သွင်း ခံယူလိုက်ရခြင်းပင် ဖြစ်တော့သည်။ ပြည်သူတို့ ဘ၀များ ဆင်းရဲတွင်း နက်သထက် နက်လာနေချိန်ဝယ် စစ်ခေါင်းဆောင်များနှင့် ယင်းတို့နှင့် နီးစပ်သည့် အ၀န်းဝိုင်းများမှ ပုဂ္ဂိုလ်များကား တိုင်းပြည်ဘဏ္ဍာများ သယံဇာတများကို ထုတ်ငင်သုံးစွဲရင်း ထားစရာ မရှိအောင်ပင် ကျိကျိတက် ချမ်းသာနေကြသည်မှာ လူတိုင်း အသိပင်ဖြစ်သည်။

ပြည်သူပြည်သားတို့  စီးပွားဥစ္စာ ချောင်လည်လျှင် ရဟန်းသံဃာတို့  ဆွမ်းကွမ်း ဖူလုံရုံမျှမက မရှိဆင်းရဲသား တို့ကိုပင် ပြန်လည်ပေးကမ်း စွန့်ကြဲ တတ်ကြသည်မှာလည်း ကြည်ညိုဖွယ် အစဉ်အလာတရပ်ပင် ဖြစ်ပေသည်။ သံဃာတော်များ အေးချမ်းစွာ တရားဓမ္မ ရှာဖွေ ကျင့်ကြံ အားထုတ်နိုင်သဖြင့်လည်း ဘာသာသနာအတွက် ကြီးစွာသော အကျိုးဖြစ်ထွန်းမှုများ ရရှိကြပေသည်။ သို့သော် ပြည်သူ ပြည်သားများ ဆင်းရဲနွမ်းပါး လာပြီဆိုပါမူ လှူချင်တန်းချင်ပါလျက်က စိတ်ရှိသလောက် မလှူနိုင် မတန်းနိုင်တော့သဖြင့် ဒကာဒကာမတို့မှာ ကြီးစွာသော စိတ်ဆင်းရဲမှုမျိုးနှင့် ကြုံရတော့သည်။ ရဟန်းသံဃာတို့လည်း ဆွမ်းကွမ်းပါးရှား နွမ်းပါးရတော့သည်။ ရသမျှလေးဖြင့် ခြိုးခြံနေရတော့သည်။ ရဟန်းသံဃာတို့လည်း ပြည်သူပြည်သားတို့၏ ဘ၀ကို ကြည့်ကာ နှလုံးစိတ်ဝမ်း မချမ်းမြေ့နိုင်တော့။ သာသနာတော်အတွက် သိပ်မကောင်းလှ။ ထိုအခါမျိုးတွင် ပြည်တို့၏ အရေးသည် သံဃာတို့၏ အရေး။ သာသနာတော်၏ အရေး ဖြစ်လာတော့သည်။

အာဏာ လက်ဝယ်ရှိသူတို့ က သံဃာတော်တို့အား နိုင်ငံရေးကိစ္စများတွင် ပါဝင်ပတ်သက်ခြင်း မရှိစေရန် မည်သို့ပင် တားမြစ်ကန့်သတ်စေကာမူ မြန်မာနိုင်ငံတွင် ပြည်သူတို့ အရေးအရာ ကိစ္စရပ်များ၌ သံဃာတော်တို့ ပါဝင်ခဲ့ကြသည်မှာ ယခုတကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ပါချေ။ သံမဏိ ရှည်လျားလှသည့် သမိုင်းကြောင်း နောက်ခံများ အထင်အရှား ရှိပါသည်၊ တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး စလင်းနယ်မှ ဦးဥတ္တမဆိုသည့် ရဟန်းလူထွက်တဦးက လူ(၃၀၀၀)ခန့် စုဆောင်းပြီး နယ်ချဲ့တို့အား တော်လှန်ပုန်ကန်ရန် မန္တလေးသို့  ချီတက်ခဲ့သည်။ သို့သော် ထိုပုန်ကန်မှုမှာ အရေးနိမ့်ခဲ့ရပြီး ဗိုလ်ဥတ္တမလည်း ကြိုးပေးကွပ်မျက်ခြင်း ခံခဲ့ရသည်။ ရဟန်းတော်တို့တွင် သူ့အသက် မသတ်ရဟူသည့် (ပါဏာတိပါတာ)ကံကို စောင့်ထိန်းရသည့်အတွက် လက်နက်ကိုင် တော်လှန်ပုန်ကန်မည်ဆိုလျှင် လူဝတ်လဲပြီးမှသာ ဆောင်ရွက်ကြရပါသည်။ မြန်မာနိုင်ငံ နယ်ချဲ့သမားတို့ လက်အောက်တွင်ရှိစဉ် ဗြိတိသျှတို့အား မြန်မာတို့ အလေးအမြတ်ပြုရာ အရပ်များဖြစ်သည့် ဘုရားစေတီ၊ ကျောင်းကန်များသို့ ၀င်ရောက်သည့်အခါ ဖိနပ် မချွတ်ဘဲ တက်ရောက်ခြင်းကို ကန့်ကွက် ဆန့်ကျင်မှုများ ဖြစ်ခဲ့ကြ၏။

၁၉၁၉ ခုနှစ်တွင် မန္တလေးမြို့ ဘုရားပေါ်သို့  ဖိနပ်မချွတ်ဘဲ တက်လာကြသည့် ဗြိတိသျှလူမျိုး အချို့အား သံဃာတော်တို့က မောင်းနှင်ထုတ်ရန် ကြိုးစားရာမှ ရုန်းရင်းဆန်ခတ်မှုတခု ဖြစ်ခဲ့၏။ ထိုသံဃာစု၏ ခေါင်းဆောင်မှာ နောင်တွင် အာဇာနည် ဆရာတော် ဦးဝိစာရအဖြစ် တိုင်းပြည်က အသိအမှတ်ပြုရမည့် ပုဂ္ဂိုလ်ဖြစ်သည်။ ဆရာတော်အား ဗြိတိသျှတို့က ဖမ်းဆီးပြီးနောက် လူသတ်ရန် ကြံစည်သည်ဟုဆိုကာ ထောင်ဒဏ် တသက်တကျွန်း ချပစ်လိုက်၏။ ထိုဖြစ်ရပ်ကို အကြောင်းပြု၍ မြန်မာပြည်တ၀ှမ်း လူထုစည်းဝေးပွဲကြီးများ ဖြစ်ခဲ့သည်။ လူထု၏ နိုင်ငံရေးအမြင်ကို နှိုးဆွပေးလိုက် သကဲ့သို့ ဖြစ်သွားစေ၏။ ထောင်သွင်း အကျဉ်းချခံလိုက်ရသည့် ဆရာတော်အား ထောင်တွင်း သင်္ကန်းဝတ်ခွင့်မပြု၊ ထို့ကြောင့် ဆရာတော်သည် သင်္ကန်းဝတ်ခွင့် ရရေးအတွက် (၁၁၆) ရက်ကြာ တဦးတည်း အစာငတ်ခံ ဆန္ဒပြခဲ့ပြီးနောက် ၁၉၂၉ ခုနှစ်တွင် အာဇာနည်ပီသစွာ သက်တော်ကို စွန့်လွှတ်ခဲ့သည်။

လွတ်လပ်ရေးရပြီးနောက် အာဇာနည် ဆရာတော်၏ ဂုဏ်ကျေးဇူးကို နှောင်းလူတို့ သတိရစေရန် ရည်ရွယ်၍ ကျောက်တိုင်ပေါ်တွင် ရုပ်တုကို ထွင်းထုကာ ထိုကျောက်တိုင်ရှိရာ လမ်းကိုလည်း ဦးဝိစာရလမ်းဟု ခေါ်တွင်စေခဲ့၏။ အလားတူပင် ရခိုင်ပြည်နယ်မှ လူအများကြည်ညှိ ကိုးကွယ်သည့် နိုင်ငံတကာ အတွေ့အကြုံ များစွာရှိသည့် ဆရာတော် ဦးဥတ္တမ ကိုယ်တော်မှာလည်း သူ၏ ကိုလိုနီဆန့်ကျင်ရေး ရဲရဲတောက် မိန့်ခွန်းများကြောင့် ထောင်သွင်းအကျဉ်းချ ခံခဲ့ရပြန်သည်။ ဆရာတော်က ထိုစဉ်က မြန်မာနိုင်ငံဘုရင်ခံ ဆာရက်ဂျီနယ် ကရက်ဒေါက်အား “ဆာရက်ဂျီနယ် ကရက်ဒေါက်ပြန်သွား”ဟု မိန့်ခွန်းပြောကာ ဘုရင်ခံအား မောင်းထုတ်ဝံ့ခဲ့သူ ဖြစ်သည်။

ဗိုလ်ဥတ္တမ၊ ဦးဝိစာရ၊ ဦးဥတ္တမစသည့် ဆရာတော်များကဲ့သို့ပင် အခြားသော သံဃာတော်ပေါင်းများစွာတို့သည် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲအဆက်ဆက်တွင် ပြည်သူတို့ဘက်မှ မားမားမတ်မတ် ရပ်တည် တိုက်ပွဲဝင်ခဲ့ကြသည်။ ပြောရမည်ဆိုလျှင် ထိုသံဃာတော်တို့နှင့် စပ်လျဉ်း၍ အသေးစိတ် ရေးစရာ အကြောင်းအရာ အချက်အလက်ပေါင်း မြောက်များစွာ ရှိမည်ဖြစ်ပါသည်။ ထို့အတူ ၁၉၈၈ ခုနှစ် တပါတီအာဏာရှင်စနစ် ဖြုတ်ချရေး၊ ဒီမိုကရေစီရေး လူထုလှုပ်ရှားမှု ကြီးတွင်လည်း သံဃာတော် ပေါင်းများစွာ ဦးဆောင် ပါဝင်ခဲ့ကြသည်မှာ အထင်အရှားဖြစ်သည်။ သွေးမြေကျ သက်တော်စွန့် ခဲ့ရသည့် သံဃာတော်များမှာလည်း များလှသည်၊ ထိုလှုပ်ရှားထဲတွင် ပါဝင်ခဲ့သဖြင့် ယခုတိုင် ထောင်သွင်း အကျဉ်းချခံနေရဆဲ သံဃာတော် ဦးရေမှာ မနည်းလှချေ။

လောကဓာတ်ကျောင်း (အစိုးရစာသင်ကျောင်း) များ မပေါ်ခင်ကတည်းကပင် မြန်မာဘုန်းတော်ကြီး ကျောင်းများမှာ မြန်မာတို့အတွက် လောကီ လောကုတ္တရာ စာပေပရိယတ္တိ လေ့လာဆည်းပူးရာ နေရဖြစ်ခဲ့သည်မှာ ပြောစရာပင် လိုမည်မထင်ပါ၊ စစ်အစိုးရက ဖိနှိပ်ချုပ်ချယ်သည့် အမိန့်အမျိုးမျိုး ပြဋ္ဌာန်းကာ အချို့အချို့သော နိုင်ငံရေးအဖွဲ့အစည်းတို့ အား ဥပဒေဘောင်တွင်းမှ လွင့်စဉ်ထွက်သွားအောင် လုပ်ပစ်ခဲ့သည်။ ဥပဒေဘောင်တွင်း နိုင်ငံရေးလုပ်ခွင့် မရကြရှာသည့် အဖွဲ့အစည်းတို့ သည် မလွှဲမရှောင်သာ လျှို့ဝှက်နိုင်ငံရေး (မြေအောက်လုပ်ငန်း) အသွင် ပြောင်းလိုက်ကြရတော့သည်။ ထိုရောအခါ သက်ဆိုင်ရာ သံဃာတော်တို့ ခွင့်ပြုချက်ဖြင့် ဘုန်းတော်ကြီးကျောင်းအချို့မှာ စစ်အစိုးရဆန့်ကျင်ရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး တို့အတွက် လျှို့ဝှက်လှုပ်ရှားသူများအဖို့  လုံခြုံစွာ ယာယီပုန်းခိုရာ နေရများလည်းဖြစ်နေပြန်သည်။ ကျေးဇူးကြီးလှ…။

ယခု များမကြာမီက သံဃာတော်များ ဦဆောင်ကာ မေတ္တာသုတ် မောရသုတ်များ ရွတ်ဆိုလျက် ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်ပွဲများ ဖြစ်ခဲ့သည်။ လူထုသိန်းနှင့်ချီကာ ထောက်ခံပါဝင်ခဲ့ကြသည်။ မြန်မာ့သမိုင်းတွင် သမိုင်းတွင်မည့် ထူးခြားချက်တရပ် အဖြစ် မှတ်တမ်းတင်ရ ပေလိမ့်မည်မှာ မလွဲပေ၊ စစ်အစိုးက အကြမ်းဖက် ဖြိုခွဲခဲ့သော်လည်း ထိုလှုပ်ရှားမှုကား အကင်းသေသွားမည့် အနာမဟုတ်။ ပြည်သူတို့ ရင်ထဲမှ အနာကား သည်းသထက် သည်းသွားလေပြီ၊ တိုင်းတပါးသား ဘာသာခြားတို့  အုပ်ချုပ်စဉ်ကပင် ယခု လောက် ကြမ်းကြုတ်ရက်စက်စွာ မပြုမူခဲ့။ သံဃာကို၊သာသနာကိုစော်ကားရက်လေခြင်း။

လူထု၏ ဆင်းရဲဒုက္ခကို မျက်ကွယ်ပြု လျစ်လျူရှု မနေနိုင်အားသည့် ရဟန်းတော်တို့၏ ကျေးဇူးကား အတိုင်းအဆမရှိ ကြီးလှ၏။

ထိုရဟန်းတော်တို့ ကား သမိုင်းကိုသွေးဖြင့် ရေးခဲ့ကြလေပြီ။ ထိုရဟန်းအာဇာနည်တို့၏ သူရဲကောင်း စိတ်ဓာတ်ကား မြန်မာနိုင်ငံသမိုင်းနှင့် မြန်မာနိုင်ငံ သာသနာသမိုင်းတွင် မည်သည့်အခါမှ မေ့ပျောက် ဖျောက်ဖျက်၍ မရမည့် သမိုင်းပင် ဖြစ်တော့သည်။ ရဟန်း အာဇာနည်အပေါင်းတို့ အား ဦးညွှတ် ဂုဏ်ပြုအပ်ပါသည်။

သံဃံ သရဏံ ဂစ္ဆာမိပါဘုရား …
မျိုးမြင့်ချို

(ကိုဈာန်ဘလော့ဂ်မှ ကူးယူဖော်ပြပါသည်)

No comments: