Monday, December 31, 2007

ဆရာဝန်ဆိုတာ အစကတည်းက လူပါပဲ (ဇာဂနာ့ ၀တ္ထုတို)

ဘယ့်နဲ့ဗျာ၊ ခုတလော ဘာဖြစ်နေမှန်းကို မသိဘူး။ ဂျာနယ်တွေ မဂ္ဂဇင်းတွေမှာ ဆရာဝန်တွေ ငွေမျက်နှာပဲ ကြည့်တဲ့အကြောင်း ဖတ်ဖတ်နေရတယ်။ ကာတွန်းတွေကလည်း ကလိလိုက် လူပြက်တွေကလည်း သရော်လိုက်နဲ့ ဟုတ်နေတာပဲ။ ဖတ်ရင်း ဖတ်ရင်းနဲ့ ရှက်ရှက်လာလို့ ကိုယ့်ဆရာဝန် လက်မှတ်ကလေးတောင် လွှင့်ပစ်လိုက်ရ ကောင်းမလားလို့ တွေးမိလာတယ်။

(တီတီ … တီတီ … တီတီ … တီတီ)
အေး … အောင်မိုး ပြော့ …
……………………………….

လွယ်နေတာကို ခက်အောင် လုပ်နေကြတာ။
ကိုယ်ချင်း ကိုယ်ချင်းတွေပဲဟာ ပြောင်ပြောလိုက် ပြီးတာပဲ။ သူနဲ့ ကျနော်က ကျောင်းတုန်းက သူငယ်ချင်း။ အောင်မိုးနဲ့ ကျနော်နဲ့က တက္ကသိုလ်ရောက်မှ တွေ့တဲ့ သူငယ်ချင်း။ အခု သူတို့နှစ်ယောက်က အလုပ်ကိစ္စလေး တခုရှိလို့တဲ့ ကိုယ့်ကို ကြားဝင်ခိုင်းတယ်လေ။ အောင်မိုး လိုချင်တာက သူ့လက်မှတ်ပဲ၊ လူမလိုဘူး။ အဲဒီအတွက် ဘယ်လို သိတတ်ရမလဲ။ ဒါပဲ။
ဒါကြောင့် ပြောတာပေါ့ လွယ်လွယ်လေးပါဆို။
သူ့လက်မှတ်ကြောင့် အောင်မိုး ဟာ နှစ်ပေစလောင်းလည်း ဖြစ်သွားနိုင်တယ်။ CDMA ခြင်းဖုန်း တလုံးလည်း ဖြစ်သွားနိုင်တယ်။
ဒီတော့ ကြမ်းခင်းဈေး ရွှေတစ်ကျပ်သားပေါ့။ ကဲ နားအေးရော။ ဘယ်သူမှ မနာဘူးလေ။
ဒါကြောင့် ပြောတာပေါ့ လွယ်ပါတယ် ဆို။

(တီတီ … တီတီ … တီတီ … တီတီ)
အေး ပြော့  …
……………………..
အော် ခက်တော့ နေပြန်ပါပြီ။ ဘယ်ဆရာမမှ သားရေအိတ် တသိန်းတန် ကိုင်ပြီး ကျောင်းမတက်ဘူး
……………………..
ပေးကြည့်လိုက်ပါ သူ သုံးချင်တာ သုံးပစေပေါ့
……………………..
အေး … အေး … ပြီးရော …

အဲဒါ ကျနော့်မိန်းမ အစစ်ပဲ။ ဆရာမကို ကန်တော့ဖို့တဲ့။ အရေးမကြီးတာကို အရေးကြီးသလို လုပ်နေတယ်။ မုန့်ပုံးတွေ ခြင်းတောင်းတွေက ခေတ်မရှိတော့ပါဘူး။ တတ်နိုင်သလောက် အထုပ်သေးလေ ကောင်းလေပဲ။ ကျစ်ကျစ်လျစ်လျစ် ဖြစ်တာပေါ့။ ဘာပဲ ဖြစ်ဖြစ် ကလေးစာမေးပွဲက နီးနေပြီလေ။

(တီ တီ တီ တီ)
မကိုင်ချင်ဘူး။ တတ်နိုင်ရင် စကားကို မပြောချင်တာ။ တော်ကြာ … အမေ၊ တော်ကြာ … အဖေ၊ တော်ကြာ … ဦးလေး။ သူ့အမျိုးတွေ ကုန်နိုင်တယ်ကို မရှိတော့ဘူး။

(တီ တီ တီ တီ)
ပြန်ပေးမယ် ပြောပြောပြီး တခါမှလည်း ရတယ်မရှိပါဘူး။ ကိုယ်ရှာသမျှငွေ သူ့မိန်းမ အမျိုးတွေ အတွက်များ မှတ်နေလား မသိ။ အဲလိုဆိုလည်း စကတည်း သူ့မိန်းမ ကိုယ်ယူထားပါတယ်။

(တီ တီ တီ တီ တီ)
အေး … ပြော အကိုကြီး
……………………………
ဟင် … သေချာလို့လား
……………………………
ပြီးရော လူချင်းတွေ့မှ အေးအေးဆေးဆေး ပြောတာပေါ့။ ညကျရင် ကျနော်လာခဲ့မယ်။
……………………………

ကျနော့်အကို ဆက်သမျှ ဖုန်းတွေထဲမှာ ဒီတခါ မင်္ဂလာအရှိဆုံးပဲ။ ခေါင်းထဲမှာ ကိန်းဂဏန်းတွေ ဒိန်းကနဲ ဒိုင်းကနဲကို ပေါ်လာတာ။ အောက်ထစ် ဆန်နီပစ်ကပ် တစီးပဲ။ ကိုယ့်ဖက်က ပေးရလှ အလွန်ဆုံး P4 ကွန်ပျူတာ တလုံးပေါ့။ အဲ … ကိုယ့်အကိုကြီး အတွက်လည်း သိတတ်ဦးမှပေါ့။ ဆာကူရာ ဖလက်ဆိုရင် သူ့ကလေးတွေရော သူ့မိန်း … အား … ဟုတ်ပေသားပဲ။ တပုံးခွဲလောက် ပေးလိုက် … ပြီးတာပဲဟာ။ ပျော်သွားမှာ ကွက်တိ။ ကိုနိုင်ဆီ ဖုန်းဆက်ထားဦးမှ။ ဒါမျိုးက ကိုယ်က လက်ဦးရင်ဦး … မဦးလို့ကတော့ ဆန်နီပစ်ကပ် မပြောနဲ့ ပလပ်စတစ် ပစ်ကပ်တောင် ရမှာမဟုတ်ဘူး။

(တစ် တစ် တစ် တစ် တစ် တစ် တစ်)
…………………………
ကိုနိုင် ကျနော်ပြောမယ် ရှစ်ရာလောက် ပိုလား
…………………………
အလွန်ဆုံး နှစ်ပတ်ပေါ့
…………………………
ကျေးဇူးပဲ မနက်ကို လာခဲ့မယ်
…………………………

ဒါပဲလေ … ဒါပဲပေါ့။ ရေနဲ့သွား ရေနဲ့လာပေါ့။ ကွန်တိန်နာတွေ ကပ်ဆိုက်နေတာ ကြာပြီလေ။ မီးမလာလေ ဘက်ထရီဆရာ ကြိုက်လေပေါ့။ ကိုယ့်အကို တယောက်လုံး လက်ထောက်ချထားတာပဲဟာ။ မလိုတဲ့ နေရာမှာ ဘာလို့ အားကုန်ခံနေကြတာလဲ။ ကျနော်တော့ စဉ်းစားလို့ကို မရဘူး။ ရူးများနေကြလား မသိပါဘူး။ လူတယောက်သေတယ် သေစာရင်းပါမှ သင်္ချိုင်းက လက်ခံမယ်။ နာရေးကူညီမှုအသင်းက ည ၇နာရီဆိုတော့ ပိတ်နေပြီ။ သတင်းစာထဲ ထည့်ဖို့ကလည်း အချိန်လင့်နေပြီ။ အဲဒါ ဘာဖြစ်လဲ။ ဒါတွေ အားလုံး မလွဲမသွေ လုပ်ရမယ့် ကိစ္စတွေပဲ။ ဘာ တယောက်တပေါက် ပြောနေကြမှာလဲ။ ဘာကြောင့် ငြင်းခုံနေကြမှာလဲ။ နားအူတယ်။ တော်တော် ပိန်းတဲ့ဟာတွေ။ ဆေးရုံက ယောင်တောင်တောင် ကောင်လေးကို လှမ်းခေါ်လိုက်တယ်။ အကျိုးအကြောင်း ပြောလိုက်တယ်။ ကောင်လေးကလည်း အပါးစားလေး၊ တီ … ဆို နာရီကြည့်ပြီးသား ကောင်လေးမျိုး၊ လန်တယ်။ သင်္ချိုင်းရောက်တဲ့အထိ နှစ်ပုလင်းတဲ့။ ပြီးတာပဲဟာ။ လူက တော်တော် ပြိုင်းနေပြီ။ တနေကုန် ညောင်းနေရတာ။ သူငယ်ချင်း အမေဆုံးတယ် ဆိုလို့သာ လာရတယ်။ ကျိုးချင်နေပြီ။

အမှန်ကတော့ ဆေးခန်းဆိုတာ ကိုယ့်အတွက် ဂုဏ်သက်သက်ပါ။ ၀ိုင်းထဲမှာ ဗိုလ်ချုပ်ဈေးထဲမှာ FMI မှာ ဒေါက်တာ ဒေါက်တာနဲ့ ဆိုတော့ မှတ်ရလွယ်တာပေါ့။ ဖိန့်ဖိန့်လည်း ဖြစ်တာပေါ့။ ကိုယ်တိုင်လည်း ကုတာ မဟုတ်ပါဘူး။ ကိုယ့်ထက် ငါးနှစ်ငယ်တဲ့ ချာတိတ်တကောင်ခေါ်ပြီး ထိုင်ခိုင်းထားတာ။ သူ လူနာကြည့်နေတာ ကြည့်ရင်း လူက ငိုက်ချင်ချင်ရယ်။

(တီ တီ တီ တီ)
ကိုတိုး ဘာလဲ
………………..
စာရင်းတိုက်မလို့လား
…………………………
စုစုပေါင်း ဆယ့်နှစ်ပုံး လေးပုလင်း၊ တစ်ခုချင်း ပြောရဦးမလား
…………………………
ပြီးရောလေ၊ ခု ဘာလုပ်ဦးမှာလဲ
…………………………
အောက်ချည်းပဲနော် ရတယ်၊ ပြန်မဆက်ရင် ရတယ်၊ အိုကေ …

အိတ်ထဲက မှတ်စုစာအုပ် ထုတ်ပြီး ရေးရသေးတယ်။ ဒီလူက အားကြီး ငြင်းတတ်တယ်။ ဒါပေမယ့်လည်း သည်းညည်းခံရတာပဲလေ။ ဟိုဘက်သည်ဘက် ဖုန်းလေးဆက်ရုံနဲ့ တည တသိန်းခွဲ နှစ်သိန်း ရနေတဲ့ဟာ။ ၀ါးးးး …။ ကိုယ်သမ်းလိုက်တဲ့ အသံကြောင့် ဆရာဝန်လေးရော လူနာပါ ကိုယ့်ကို လှည့်ကြည့်ကြတယ်။ ဘာတတ်နိုင်မလဲ ဆောရီးပေါ့။ ဆရာဝန်လည်း လူပဲလေဗျာ။

ဇာဂနာ

No comments: