Tuesday, January 1, 2008

ထွန်းမြင့်အောင်၏ နှစ်သစ်ကူးအမှတ်တရကဗျာ

အဝေးက၊ အနီးက၊ မဝေးမနီးက လုပ်ဖေါ်ကိုင်ဖက်တွေအားလုံးသို့ …
နှစ်သစ်ကူးအမှတ်တရ

ထွန်းမြင့်အောင်

• အပြောင်းအလဲဆိုလို့
ဟောင်းပြီးရင်း ဟောင်း
အဟောင်းတကာ့ အဟောင်းဆုံးတွေထဲမှာ
အကောင်းဆုံးလေးတွေကို ငါကောက်ရခဲ့တယ်၊
ရာပြည့်၊ တည်ကြည်၊ ဟန်နီ
Claude၊ Jame၊ ဝေယံ၊ မော်မော်
လမင်း၊ Smith၊ မိကောက် ………,
ဘယ်လိုဘုရားမျိုးက ဖန်ဆင်းထားတာပါလိမ့် …။

• ငါက
ကောင်မလေးရဲ့ အနမ်းတွေအောက်မှာ
ငါ့ဘ၀ထမင်းပွဲကို ခူးခပ်ပြင်ဆင်နေတုန်း
စစ်မီးထတောက်တော့
ဗုံးကျည်ဆံတွေကြားမှာ
ငါ့သီချင်းတွေခမျာ
အသံတခြား စာသားတခြား
အကုန်လုံး ဆွံ့အသွားတယ် …။

• ကံကောင်းလို့ ငါမသေတယ်
ပစ်နေခတ်နေတဲ့ ကြားက
ကယ်ဆယ်ရေး ပုခက်ပေါ်မှာ
အဖြူရောင် တနင်္ဂနွေ
ဝတ်ပြုဆုတောင်းပွဲများ
မေလရဲ့ ၂၇
ရှစ်ဂဏန်းများ
လောင်စာဆီ ဈေးနှုန်း
ရေဒီယို (၄)လုံး
ရွှေဝါရောင် လှိုင်းလုံးကြီးများ …။

• တိုးတိုးတိတ်တိတ်သာ ရွတ်ဆိုခွင့်ရှိပြီး
ကျယ်ကျယ်လောင်လောင် မြည်ဟီးတတ်တဲ့
သူမရဲ့ အမည်နာမ
မီးပြင်းတိုက်ထားပေမယ့်
ဂုဏ်သတ္တိတွေ ပြောင်းမသွားတဲ့
ငါ့ရဲ့ မိုက်ဖေါ်မိုက်ဖက်တွေ
ငါ ဦးညွှတ်ပါ၏ …။
မလုံလောက်သေးဘူး ထင်လို့
ငါ့ခန္ဓာတခုလုံးကို ကိုင်းညွှတ်ပါ၏ …။
ထပ်လိုဦးမယ်ထင်လို့
ငါ့ရှေ့ဘ၀ နောက်ဘ၀များစွာကိုပါ
ကိုင်းညွှတ်လိုက်ပါ၏ …။ ။

ထွန်းမြင့်အောင်
၂၀၀၇ ဒီဇင်ဘာ ၃၁
သန်းခေါင်ယံ

No comments: