Monday, December 17, 2007

မြန်မာပြည် အနာဂတ်နှင့် ဒီမိုကရေစီရေး

တုတ်ကြီး (ခေတ္တ တာဝတိံသာ)

ကိုမောင်မောင်နှင့် ပတ်သက်၍ ဧရာဝတီ စာမျက်နှာတွင် ဖတ်လိုက်ရသည်။
ကိုမောင်မောင် ဘာလဲ ...? ကိုမောင်မောင်သည် ကိုမောင်မောင်သာ ဖြစ်ပါသည်။
ထို့အတွက် ကိုမောင်မောင် လုပ်နေကျ အလုပ်များအား ကိုမောင်မောင် လုပ်ပါလိမ့်မည် ...။

ဒီစက်တင်ဘာ ပြည်တွင်းလှုပ်ရှားမှုသည် မည်သည့်အဖွဲ့အစည်း၏ စီမံချက်အရမှ ပေါ်ပေါက်လာသည်မဟုတ် ဆိုသည်ကိုတော့ မည်သူမျှ မမေ့သင့်..။
ဒီနေ့ ကျနော်တို့တိုင်းပြည် အနေအထားသည် (၁) စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး (၂) စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး (၃) စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး (၄) စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးသာလျှင် ဖြစ်သည်။

ယနေ့ ကျနော်တို့ ရှစ်ဆယ့်ရှစ်ကာလက ထွက်ပေါ်လာသည့် ပြည်သူသိ တပ်မတော်သိ သူပုန်သိ သူကန်သိ သိသည့် ခေါင်းဆောင်များအား ပြန်တွေးမိသည်။
ဟုတ်ပြီ ... ကိုပေါ်ဦးထွန်းခေါ် ကိုမင်းကိုနိုင် ၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ဂျင်မီတို့ (သူတောင် သိပ်ငယ်ခဲ့သေးသည် ရှစ်ဆယ့်ရှစ်ကာလက)၊ မောင်လွမ်းဏီ(မင်းဘူး)၊ ကိုသက်ထွန်း (ပြောက်ကျားသင်တန်း အကြီးအကျယ် ပေးချင်ခဲ့သူ)၊ နောက်တော့ နောင်တော်ကြီး ကိုထွန်းအောင်ကျော် အစရှိသဖြင့် … အမျိုးသမီးများထဲမှ ဆိုလျှင် တင်တင်ညို (ထောင်အထွက်တွင် သတ်သေသွားခဲ့သည့် ကျောင်းသူ)တို့တွေ အစရှိသဖြင့် ...

အချို့ပြည်တွင်းမှာ နိုင်ငံရေးကို ဝေးဝေးနေကြလျက် ထမင်းတလုတ်အတွက် ရုန်းကန်နေကြသည် ... အချို့ထောင်ထဲမှာ၊ အချို့ နယ်စပ်မှာ၊ တောထဲမှာ အချို့၊ နိုင်ငံခြား တိုင်းပြည်အချို့မှာ အချို့က အရိုးဆွေးကုန်ကြပြီ ဖြစ်သည်။ တောတွင်း အနေအထားအရဆိုလျှင် ယခုလက်ရှိ ကိုသံခဲ အစရှိသဖြင့် ... အပါအ၀င် မ.က.ဒ.တ ကျောင်းသားတပ်မတော်မှ ရဲဘော်များ၊ နောက်တော့ ရဲဘော်နိုင်အောင် တို့ သူတို့ကတော့ သူတို့အနေအထားဖြင့် အဖွဲ့တစ်ဖွဲ့ ထောင်ထားကာ လုပ်နေကြသည် ... ပြီးတော့ အမျိုးသမီး အစည်းအရုံး ရဲမေများ ... နောက်တော့ အနိုင်နိုင်ငံသို့ ရောက်ရှိနေသောသူများထဲမှ ဇေယျဝတီ ၊ ပျဉ်းမနား၊ ညောင်တုန်း၊ ကျိုက်ထို ၊ မော်လမြိုင် ၊ ရန်ကုန် ၊ မန္တလေးနှင့် အခြားမြို့နယ်များ၊ တိုင်းနှင့်ပြည်နယ် အသီးသီးမှ ရဲဘော်များနှင့် …

အားလုံးအားလုံးသော ရှစ်လေးလုံး မျိုးဆက်များအပြင် ဗိုလ်မှူးချုပ်ကျော်ဇော၊ ဗိုလ်ကျင်မောင်၊ ဖဒိုမန်းရှာ၊ ဦးရေမင်ထူး၊ ဗိုလ်ချုပ်အောင်သန်းလေး၊ ရှမ်းပြည်အဖွဲ့များမှ တပ်မှူးများ ၊ မွန်ပြည်အဖွဲ့များမှ တပ်မှူးများ၊ ရခိုင်ပြည် ချင်းပြည် ကချင်ပြည် ၊ ကယားပြည်မှ တပ်မှူးများ၊ နောက်တော့ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့နှင့် ရွေးကောက်တင်မြှောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ … အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရဲဘော်များ ... နောက်တော့ ၁၉၉၆နောက်ပိုင်း ထွက်လာသည့် ကျောင်းသားများ ... နည်းသည့် ဦးနှောက်များ ခေါင်းဆောင်မှုများ၊ ပုဂ္ဂိုလ်များမဟုတ်။ (ယခုဖော်ပြပြီးသော အမည်များအား န.အ.ဖ အနေဖြင့် တရားဝင် သိရှိဖော်ပြပြီး ဖြစ်သဖြင့်သာ ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။)

ဆိုတော့ကာ ပြန်လည်ကြည့်ကြရအောင် ...။ ဒီနေရာမှာ တခုမေ့ကျန်ခဲ့သည်က ... ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့နှင့် တချိန်က ဒိုးတူဘောင်ဘက် ဗ.က.သမှသည် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ထိုမှတဆင့် ကျောင်းသားတပ်မတော် မ.က.ဒ.တ ဥက္ကဌ ကိုမိုးသီးဇွန်သည် ယနေ့ ထောင်ထဲတွင်မဟုတ်။ အပြင်တွင် လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်သော အနေအထားဖြင့် ကျန်ရှိနေသော သူများထဲက ကိုမင်းကိုနိုင်တို့၊ ကိုကိုကြီးတို့လို တတိုင်းပြည်လုံး အတိုင်းအတာသိသော ခေါင်းဆောင်ထဲက ဆိုလျှင်တော့ သူတယောက်သာ ကျန်တော့သည်။ သူဘာလုပ်နေသနည်း ... သူဘာလုပ်မည်နည်း ... သူ ပြည်သူအတွက် ဘာတွေ ပေးဆပ်မည်နည်း ... သူသည် ၁၉၈၈ခုနှစ် ပြည်သူ့အရေးတော်ပုံ ပြီးကတည်းက မနားတမ်း တိုင်းပြည်နှင့် လူမျိုးအတွက် အလုပ်လုပ်နေခဲ့သည် ဆိုခြင်းမှာ ထင်ရှားပါသည်။ တော်လှန်ရေး အင်အားစုများကြားတွင် မိုးသီးဇွန်ပါလျှင် ကွဲသည်ဆိုသည့်စကား ... နှစ်ပေါင်းများစွာ ... ပြောဆိုနေကြသည့် စကားများဖြစ်သည် ...။ တော်လှန်ရေးနှင့် မတော်လှန်ရေး ... အဖြူနှင့် အမဲ၊ အအေးနှင့် အပူဆိုသည့် အရာများသည် ရေချိန်တခု အကန့် အသတ်တခုကို ကျော်လာလျှင် အလိုလို ကွဲပြားသွားကြသည်သာ ဖြစ်သည် ... သို့ သော် ထိုအကွဲတို့သည် … ပြည်သူ့အကျိုးစီးပွားအတွက် တူညီသော လမ်းကြောင်းတခုပေါ်တွင် လုပ်ဟန်အမြင် ကွဲပြားသဖြင့်သာ ကွဲကြခြင်း ဖြစ်ပါသည်။
အနှစ်သာရအရ ကိုမိုးသီးဇွန်သည် မည်သူနှင့်မျှ မကွဲသလို မည်သည့် အင်အားစုမျှ ကိုမိုးသီးဇွန်ကြောင့် မကွဲပါ ဟု မြင်သည်။

ယခုအနေအထားတွင် တဦးတည်းကျန်သော တိုင်းသိပြည်သိ ကမ္ဘာသိ ကျောင်းသားခေါင်းဆောင် တဦးဖြစ်သော ကိုမိုးသီးဇွန် အနေဖြင့် မည်ကဲ့သို့ ပြည်သူ့တိုက်ပွဲကို ဦးဆောင်မည်နည်း ... ကျန်ရှိသည့် ရဲဘော်နိုင်အောင်၊ ရဲဘော်သံခဲ၊ ရဲဘော် ထွန်းအောင်ကျော်တို့မှအစ အားလုံးသော ပြည်သူ့အကျိုးကို လိုလား တိုက်ပွဲဝင်နေဆဲ ဖြစ်သော ရဲဘော်များသည် ကိုမိုးသီးဇွန်နှင့် လက်တွဲကာ ပြည်သူ့အကျိုးစီးပွားအတွက် မည်သို့ ဆောင်ရွက်ကြမည်နည်း..။
..................................

လုပ်ရမှာက အယူဝါဒရေးရာ နယ်မြေဒေသ ရေးရာတွေ ခဏထားကြ။ သေနတ်ပိုင်သူတွေ မပိုင်သူတွေ ခဏထားကြ။ အလံထောင်သူတွေ မထောင်သူတွေ ခနထားကြ။ လုပ်ဟန်တွေ ကွဲမယ်၊ ကိစ္စမရှိဘူး ကွဲပစေ။ လမ်းစဉ်ရေးရာဆိုတဲ့ သောက်ကြီးသောက်ကျယ်တွေ ခဏထားဦး တူညီသော ဘုံရန်သူပေါ်မှာ အခြေတည်လို့  တနိုင်ငံလုံး အနေအထား အသွင်ဆောင်တဲ့ ပြည်တွင်းကအခု ၂၀၀၇ အင်အားစုတွေ အပါအ၀င်ပေါ့လေ ဖြစ်သင့်ပြီ။

ပြန်ကြည့်မယ်ဆိုရင် အထက်ပိုင်းဆို လူမျိုးပေါင်းစုံ ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစု ခုတော့ အဲဒါက နာမည်ပဲ ကျန်တယ် … အောက်ပိုင်းဆို ဒညတ အန်ဒီအက်ဖ် ... ဒါတွေက သေနတ်ရှိသူများနဲ့ အလံထောင်သူများပါတဲ့ အင်အားစုတွေ အလုပ်မဖြစ်ဘူး .... ကေအန်ယှူ အန်စီဂျီယူဘီ၊ အေဘီအက်စ်ဒီအက်ဖ် ဦးဆောင်တဲ့ တပ်ပေါင်းစု လင်္ကျာသဘောဆောင်တဲ့ တပ်ပေါင်းစုနဲ့ ဗ.က.ပ ဦးဆောင်တဲ့ တပ်ပေါင်းစု … နှစ်ခုလုံး အလုပ်မဖြစ်ဘူး။

တပ်ပေါင်းစုဖွဲ့ကြပြီဆိုရင် အမေရိကန် မယားပါသားတွေလည်းပါမယ်၊ တရုတ်ကို အဖေခေါ်လာတာ နှစ်ရှည်လများ ဖြစ်နေတဲ့ သူတွေလည်းပါမယ်၊ ဘာအတွေးအခေါ်မှတော့ မရှိဘူး ပြည်သူ့အတွက်ဆို အကုန်လုပ်မယ်ဆိုတဲ့ သူတွေလည်းပါမယ်။ ဦးစိန်ဝင်းတို့လို လူတွေပေါ့ ... သူတို့တွေက စပြီးတော့ ဆော်သြသင့်တယ်။ နောက်တဆင့်အနေနဲ့  သူတို့ညွန့်ပေါင်းအစိုးရဆိုတဲ့ အဖွဲ့ဟာ ခုဆိုရင် ရာဇ၀င်ထဲက တွတ်ပီဖြစ်နေပြီ။ အဲဒါကိုလည်း သတိထားပြီး ဂရုတစိုက်နဲ့ ပြန်လည် တည့်မတ်သင့်ပြီ။ နိုင်ငံတကာက အားလုံးအားလုံး ထိုင်း၊ အိန္ဒိယအကုန် အပါအ၀င် လူချင်းတွေ့ကြ၊ အရက်သောက်ကြ၊ ဆီမီနာလုပ်ကြဖို့ မလိုပါဘူး။ အင်တာနက်ခေတ်ပဲ၊ နည်းပညာတွေကို အသုံးချကြပေါ့ ...။ တွေ့ဆုံကြဖို့ လိုပြီ။ ဒါဆို အမြုတေအနေနဲ့ အင်အားစုတရပ်ဖွဲ့နိုင်ပြီဆိုတဲ့ အနေအထားသစ်တခုကို ရပြီ။ အဲဒါတွေကို ပြည်တွင်းမှာ ကြော်ငြာပေးဖို့ အတွက်လည်း လူရှိပြီးသား၊ ခင်ရီနဲ့ ကျော်ဆန်း တာဝန်ယူထားတယ်။ ခုဆို ပြည်သူတွေ မကြားဖူးတဲ့ အင်အားစုတွေကို သူတို့တင်ပြလိုက်မှ လူထုက အားတောင် တော်တော်ရှိသွားတယ်။ ငြိမ်သွားကြတော့မလိုလို ဖြစ်နေတဲ့ အင်အားလေးတွေ ပြန်ပြီးတော့ ရှင်သန်လာတယ်။

လူထုတွေထဲ တပ်မတော်ထဲက ...။
ပြည်တွင်းမှာဆို တပ်မတော်သားဟောင်းတွေ ထောက်လှမ်းရေးဟောင်းတွေကလည်း အဆင်သင့်၊ သူတို့ကလည်း တွယ်ချင်နေတာ၊ ခွေးလျားသီး ကိုင်မိသလို လက်ကယားနေတာ၊ ပေါင်းစပ်လုပ်ကြဖိုပဲ လိုတော့တယ်။ နောက်တော့ တပ်မတော်အတွင်းက စ.ဗ.ဟ မှူး အဆင့်တွေ ကိုယ်တိုင်ကအစ တာထွက် သေနတ်သံကို စောင့်နေတဲ့ အပြေးသမားတွေလို ဒီဘက်က ဘာလုပ်မလဲ၊ ပြည်သူဘက်က ဘာလုပ်မလဲ ဆိုတာကို နားစွင့်နေတာ။ ဒါတွေကိုလည်း မမျှော်နဲ့၊ သူတို့လည်း သူတို့နည်း သူတို့ဟန်နဲ့ ပြည်သူနဲ့ ပေါင်းစပ်လိမ့်မယ်။ ဒါပေမယ့် သူတို့ ကတော့ နိုင်တဲ့သူဖက်က ၀င်ချမယ်ဆိုတဲ့ အနေအထားမှာပဲရှိတယ်။
ဒါကိုလည်း အပြစ်ပြောလို့ မရဘူး။ ၀င်ချပေးမယ် ဆိုတာကိုပဲ ကိုယ်တော်တို့ကို ကျေးဇူးတင်ရမယ့် အနေအထားမှာ လောလောဆယ် ...။ ၁၉၇၄ နောက်ပိုင်း တပ်ထဲ ၀င်တဲ့သူတွေ ဗိုလ်မှူးချုပ် အဆင့်တွေ ဖြစ်ကုန်ပြီ ... ၁၉၈၈ ကာလက ကောင်တွေ အခုက တချို့ဆို ဖူးကာနယ်တွေ ဖြစ်ကုန်ပြီ။

နောက်ထပ် အခု ရုရှားသင်တန်ဆင်းတဲ့ ပထမအသုတ်တွေက တချို့ ဗိုလ်မှူးအပွင့်တင်တော့မယ်။ ဒါပေမယ့် အဲဒါတွေက ခနမေ့ထား၊ ကိုယ့်ဘက်ကပဲ လုပ်စရာရှိတာ လုပ်ဖို့လိုတယ် ... နင်တို့ မကွဲကြသေးဘူးလား ဟယ်လို့ ငုတ်တုတ်ထိုင်စောင့်မယ် ဆိုရင်တော့ ပြန်မထနိုင်ဘဲ ဖြစ်မယ်။
ထိုင်တာ ကြာတော့ ...။ နောက်တော့ ဦးသန်းရွှေကြီးတို့ လင်မယား ဂန့်သွားလို့လည်း တိုင်းပြည ကောင်းမလာဘူး။ သူတို့ဂန့်ရင် သူတို့ကျန်တဲ့ မိသားစုကို ခွေးသေကောင်လဒဆွဲသလို သူတို့အချင်းချင်း တွယ်ကြမှာပဲ … နောက်တက်လာတဲ့ကောင် သေလည်း သူ့မိသားစုကို အဲလိုပဲ ထပ်လုပ်ကြမှာဖြစ်တယ်။
နေ၀င်းမိသားစုကို သူတို့ ဘယ်လိုလုပ်လိုက်သလဲ ဆိုတာကြည် ...။ တိုင်းပြည် စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေးဆိုတာ သန်းရွှေသေဖို့ ဦးအေးသေဖို့ ရွှေမန်းသေဖို့ မဟုတ်ဘူး ... စနစ်ဆိုးကို အသေသတ်ဖို့ ယန္တရားကို မြေလှန်ဖို့ဖြစ်တယ် အာဏာရှင်ကို ဥပဒေအရ အရေးယူရေးပဲ ဖြစ်တယ်။

သူတို့ဘက်က ရှင်းတယ်။ လမ်းပြမြေပုံကို တွန်းမယ် အမြန်၊ တဘက်ကလည်း တပ်တွင်း စည်းရုံးရေးကို တပ်မှူးအဆင့်တွေ အထိကို နေ့စဉ်လုပ်ခိုင်းမယ်။ ပြည်သူတွင်း စည်းရံးရေးနဲ့ သုတ်သင်ရေးကိုလည်း လုပ်မယ်။ ဒါတွေက သူတို့အလုပ် သူတို့လုပ်တာဖြစ်တယ်။

ကိုယ့်ဘက်က ဘာတွေလုပ်နေကြသလဲ ...။
ကိုမိုးသီးဇွန်တို့လို ပြည်သူလူထု သိပြီးသားနဲ့ ပြည်သူလူထုက ခေါင်းဆောင်အနေနဲ့ မျှော်လင့်အားကိုးနေသူတွေ အားလုံးအားလုံး ပူးပေါင်းပြီး ပြည်သူလူထုအတွက် ထိရောက်အကျိုးရှိမယ့် အစိုးရသစ်တခုကို ဦးတည်မယ့် တပ်ပေါင်းစုတခုကို အခြေအနေက တောင်းဆိုနေပြီ ဖြစ်တယ်။ ဒီတော့ ... ဒီအနေအထားမှာ ကိုယ်လုပ်သင့်တာ လုပ်ကြဖို့ လိုတယ်ဆိုတာ သတိချပ်ကြဖို့ပဲ တိုက်တွန်းချင်ပါတယ်။ ဒီကာလမှာ ဒေါ်အောင်ဆန်းစုကြည် နာမည်ကို မဖော်ပြ မပြောဆိုခဲ့တာကတော့ သူ့အနေအထားက န.အ.ဖ အကျဉ်းစံအိမ်ထဲမှာ ဖြစ်နေတယ်။ သူ့မှာ န.အ.ဖ ထုတ်အသုံးချတာ ခံလိုက်ရတာပဲ ရှိလိုက်တယ် ...။ ဒီတော့ သူ့ကို ကူညီရေး၊ ထောင်တွင်းက ဦးဝင်းတင် ကိုမင်းကိုနိုင်တို့ ကိုထင်ကျော် ကိုဌေးကြွယ်တို့ ဂျင်မီတို့ မီးမီးတို့ မစုစုနွေးတို့ ဦးအုန်းသန်းတို့ ဦးဂမ္ဘီရတို့ သံဃာတွေနဲ့ အားလုံးအားလုံးသော အကျဉ်းကျ ပုဂ္ဂိုလ်များကို စာနာရင် ပြည်သူအတွက် အကျိုးရှိရှိ တကယ်လုပ်ချင်ကြရင်ဖြင့် ...။ ။

တုတ်ကြီး (ခေတ္တ တာဝတိံသာ)

3 comments:

Unknown said...

The best statement that I have read since September 07’s political uprising. In stead of shouting out loud for so long prominent leaders should do something that helps...Please look back our ideal Bogyoke Aung San, he fought for our freedom with scare and rare resources. He made it happen when things are not accessible like this era... But he rocked the world... He rocked Britain emperor... Who will rock pea brain SPDC?

Unknown said...

Excellent,

If they organize as one party, the more people are ready to join.

You should send your article to them directly. I want you to talk directly to Sasana organization.

မောင်တင်ယု said...

ကောင်းတယ်ဗျာ၊ အဲဒီလိုရေးတာ၊ပြောတာ၊

ဆရာကြီးများ၊ လူကြီးလုပ်နေကြသောသူများတစ်ချက်လောက်ဝိုင်းလုပ်ရင်တော်တော်ကောင်းပါတယ်၊
ဒါမှမဟုတ်တက်သစ်လူငယ်တွေကိုလွဲပေးလိုက်ကြစေချင်ပြီ ဘယ်သူတစိုက်မှတ်မှတ်နဲ့ လုပ်မလည်း၊

ဖြစ်သင့်တာ၊တော်တော်ကြာနေပြီ၊ အခုလို ကျယ်ကျယ်လောင်လောင်ပြော လာကြတာက
တော့ အတွင်းကော၊အပြင်ကောမှာသိပ်ပြီးတော့မကြာသေးဘူး
ပေါ့ ၊ အပြင်က နိုင်ငံရေးအသိုင်းဝိုင်းထဲမှာတောင် မရှိသော သူတွေကတောင်ပြည်ပက အားလုံးသော
အဖွဲ့ အစည်းက ဆရာကြီးများကိုဘယ်လည်း၊ဘာလည်း၊ဆိုတာကိုပြောနေတာတော်တော်လေးများပြီ၊ ကြားရတာလည်းတော်ကျယ်နေပြီ၊ စက်တင်ဘာအရေးအခင်းနောက်ပိုင်း ပိုတောင်ဆိုးလာတယ်၊ဒီဘက်ကခေါင်းဆောင်တွေအားလုံးကိုတော်တော်လေး
အားထားခြင်းဆိုတာကိုအထဲမှာသိပ်မရှိတော့ဘူးဆိုတာ
ကြားရတယ်၊ဘာလို့လည်းဆိုတော့သိသိကြီးရှိနေပြီဖြစ်သောအခြေအနေရောက်နေချိန်မှာဘာမှအရေးပါ
လောက်သော။အားကိုးလောက်သောအကြောင်းအရာခေါင်းစဉ်ကိုမဖေါ်ဆောင်နိုင်သလို၊ ဦးဆောင်မှုကို လည်းမပေးနိုင်ခဲ့ ကြလို ပါ။
အားလုံးသော သူများမှာ ပြောဆို၊ဝေဖန်၊သုံးသပ်၊ စောင့်ကြည့်ခြင်းတွေကို၊များစွာသော၊အမြင်တွေ
နဲ့ ဝေေ၀ဆာဆာရေဒီယိုလိုင်းပေါ်ကနေပြောနေလိုက်ကြတာ၊ သိုပေမဲ့ အဲဒီလိုပြောနေသောသူတွေ အားလုံးရဲ့ အသိစိတ်မှာကော၊ မသိစိတ်မှာကော၊ အထဲမှာစစ်တက်ကဘာပြီးရင်ဘာလုပ်မယ်၊ဘာတွေဆက် ပြီးတော့ နှိပ်ကွပ်မှုတွေဖြစ်တော့မယ်ဆိုတာကိုကွက်တိမပြောနိုင်ကြပေမဲ့ ၊၈၅ရာနန်းလောက်
ကိုသိနေကြပါတယ်၊ဗမာပြည်ကစစ်တပ်အကြောင်းဆိုတာထက်၊ စစ်အုပ်စုရဲ့ လုပ်ကိုင်ပုံတွေကိုသိသိကြီး
နဲ့ကြိုတင်ပြင်ဆင်ခြင်းဆိုသောအကြောင်းအရာ တွေကို ဘာမှလုပ်ဆောင်ခြင်းမရှိသလို၊
ဘာမှလည်းအတွင်းစည်းကို ခေါင်းဆောင်မှုကိုမပေးနိုင်ပါ၊

ဒါကြောင့်မို့ လည်း၊လက်နက်ကိုင်ပြီးပြန်ချမယ်ဆိုတဲ့ အတွေးနဲ့ ၈၈၈၈တုံးကလို ဝေါ်ကနဲမထွက်လာကြ
ဘဲ့အတွင်းထဲမှာပြင်ပရဲ့ အကြောင်းကို တော်တော်လေးနားလည်သွားကြသလို ၊ ဘာဘဲဖြစ်ဖြစ်
ပြည်တွင်းထဲမှာဘဲ၊ ကြိတ်ခံပြီးလူထုအားနဲ့ ပြန်ချနိုင်အောင်ဘဲကြိုးစားမယ်ဆိုသောစိတ်တွေပို
များသွားကြတာပါ၊

အခုဘဲကြည့်ဗျာ၊ပြောနေကြသောသူအပေါင်း( ပြည်ပရောက်ဆရာကြီးများ)က ဟိုကပိတ်တာအောင်တယ်လို၊ဒီကပြောတာအောင်တယ်လို့ ဆိုပြီးလုပ်နေကြပါတယ်၊
သိုပေမဲ့ မဖြစ်စလောက်သောတိုးတက်မှုတစ်ခုပါလို့ ဘဲကျွန်တော်မြင်ပါတယ်၊၊

၁၉နှစ်လုံးလုံး အနောက်နိုင်ငံတွေနဲ့ ဥရောပနိုင်ငံတွေအားလုံးလို လိုပုံစံမိုး
စင်ကာပူ၊မလေးရှား၊ ထိုင်း၊ကိုရီးယား၊ဂျပန်၊ကုလား၊တရုပ်ကိုတောင်မလုပ်ဆောင်နိုင်ကြဘဲ။
အခုမှဆုတ်ပူမီးတိုက်လိုက်ပြီးလုပ်နေတာကလည်းတော်တော်မကောင်တဲ့ အဖြစ်ပါဘဲ၊

အဝေးရောက်ဗမာတွေကပြင်ပမှာ ၈သိန်းကျော်ကျော်လောက်ကိုရှိပါတယ်၊ ၁၀ရာနန်းလောက်ရအောင်လည်းစုစည်းခြင်းကိုမည်သည့်အဖွဲ့ ကမှ ၁၉နှစ်အတွင်းမှာမလုပ်ဆောင်ကြသလို ၊
မည်သူမှလည်းအဖက်လုပ်ပြီးဒီအင်အားတွေကိုသဲတပွင့်၊အုပ်တစ်ချပ်ကဲ့ သို့  တိုင်းပြည်မှာအာဏာရှင်စံနစ် အမြစ် ပြတ်ရေးအတွက်အသုံးချရမယ်ဆိုတာကိုလည်းမလုပ်ကြပါ၊

ပေါင်းစည်းပြီးလုပ်ပေးကြပါလို့ဝိုင်းပြီးပြောနေကြတာတောင်ဘာအကြောင်းအရာကိုစကား
ပြောဆိုပေါင်းစည်းကြမှာလည်း၊ငါတို့ နိုင်ငံပေါင်းစုံနဲ့ အံကိုက်ဖြစ်အောင်အလုပ်တွေလုပ်နေကြတယ်၊
ဖိအားတွေပေးနေကြတယ်ဆိုတာတွေသာကြားတယ်၊မည်သူမှလည်း
ပတ်ဝန်းကျင်ကတင်ပြတာကိုနားထောင်ခြင်း၊ဆွေးနွေး ခြင်းကိုနားထောင်လုပ်ဆောင်တာမကြားပါ၊ အချင်းချင်းနေရာနှင့်ကိုယ်သိကိုယ်တတ်၊ငါသိ၊ငါတတ်ငါမှမပါရင်၊ငါမှဦးမဆောင်ရရင်ဒါတွေကဖြစ်လာ
မှာမဟုတ်တော့သလို ရှိနေမှတော့ ၊န၀တကိုတိုက်မနေနဲတော့၊ န၀တနဲ့ သာပေါင်းစည်းလိုကြတော့၊
ဘာလိုဆိုတော့ ညာဖက်အိပ်နဲ့ ဘယ်ဖက်အိပ်ဘဲကွာတယ်။အတူတူကြီးဘဲ၊

ကျွန်တော်မိတ်ဆွေတစ်ယောက်ပြောသလိုပေါ့ 
ဒီဘက်မှာလိုအပ်နေတာကတော့တွေ့ ဆုံပြီးအမြင်မတူခြင်း၊ခံယူချက်မတူခြင်းရှိကြသောသူတွေ
တွေ့ ဆုံစကားပြောရဲသော၊ဆွေးနွေးအဖြေရှာရဲသောမှုကို ကျင့်သုံးသင့်ပြီ၊
မှားတာကိုဝန်ခံရဲ ခြင်း၊မှန်တာကိုပြောရဲသောစိတ်၊ပြတ်ပြတ်သားသားလုပ်ရဲသောစိတ်ရှိကြဖို့ ကိုလည်း ၀ိုင်းပြီးတော့ လိုက်နာ ကျင့်သုံးသင့်ပြီ၊ဆိုတာကိုလည်းသတိရမိပါတယ်၊

တောင်းဆိုပါတယ်၊ ကျေးဇူးပြုပြီး လိုအပ်တာကို ပြင်ဆင်ပြီးတော့ အင်အားရှိသောအရပ်သို့၊အင်နှင့်အားနှင့် လုပ်နိုင်သောသူအပေါင်းစုစည်းကြပြီး၊ညီညီညာညာဝိုင်းဝန်းလုပ်ဆောင်ကြပါရန်လေးစားစွာ ဖြင့်တောင်းဆိုပါသည်၊