Wednesday, December 26, 2007

လွမ်းတယ်

လွမ်းတယ်
ကိုမွှေး
ခရစ်တော်
ဒီည နှင်းမကျဘူး
အဖြူရောင် ခရစ္စမတ်ကို လွမ်းတယ် …
ပုလဲမေကို … အသည်းကြွေအောင် လွမ်းတယ် …
ပြီးတော့ ကျနော့်ဘေးက ဂစ်တာလေးကို လွမ်းတယ် …
မတီးဖြစ် မတီးချင်မိတော့တဲ့ စိတ်တွေနဲ့
လွမ်းရိပ်တွေ ဝေလို့ …။

ဒီဇင်ဘာည …
ထင်းရူးတောတွေ လေတိုးတဲ့ ည
မီးပုံပွဲမှာ ဂစ်တာသံဝေတဲ့ ည
စောင်ခြုံလေးနဲ့ လက်ခုပ်တီးတဲ့ ည
မောင်းပြန်သေနတ် ကျောပိုးလို့ အလွမ်းမိုးတွေဝေတဲ့ ည
အဲဒီညကို လွမ်းတယ် …။

လမင်းရိပ်မှာ
တိတ်တိတ်ငြိမ်သက်
နေထွက်မှာစိုးတဲ့ ည …
ခေါင်ရည်ပူတွေ ဆူဝေတဲ့ ည
ဖားစည်သံတွေ လွင့်ဝေတဲ့ ည
ကယန်းတောင်တန်းပေါ်က ည
ရှမ်းတောင်တန်းပေါ်က ည
ကချင်မြေက ည
ကရင်မြေက ည
ကြယ်တွေကြွေတဲ့ ညတွေကို
လွမ်းတယ် …။

သွေးတက်နေတဲ့ မြို့ပြဟာ
ဘီယာအိုင်တွေထဲ ချော်လဲ
မှောင်မဲမှုတွေကို ဓာတ်မီးထိုးရှာရမတတ်
စူးရှနေတဲ့ အလင်းနံရံတွေနဲ့ အလုံပိတ်
တိတ်ဆိတ်မှုတွေ တိတ်ဆိတ်နေရဲ့
သံစုံဖွဲ့ သန်းခေါင်ညတွေထဲက
ထိုးဖောက် ထွက်ပြေးချင်လှရဲ့ …
ကလေးတယောက်လို
လွမ်းတယ် …။


ဘ၀မှာ ပြည်သူဆိုတာကို
တဖက်သတ် တခါပဲ ချစ်ခဲ့တယ်
အနှစ်နှစ်ဆယ် ယွန်းလုပေါ့ …
ခုထိ ချစ်ဆဲ
အဲဒီအချစ်နဲ့ ရှင်ကွဲတွေလည်း ကွဲခဲ့ရ …
အချစ်ဆုံးကိုလည်း ဆုံးခဲ့ရ …
ထစ်ချုန်းမငိုဘဲ မုန်းခဲ့ကြ …
ဘာပဲဖြစ်ဖြစ် အဲဒီညတွေကို လွမ်းတယ် …။

မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြား
တော်လှန်ရေးသမားပဲ ဆိုဆို
ကိုယ်တော်ရှင်တယောက်လိုပဲ ကိုးကွယ်ကိုးကွယ်
ကြယ်တွေလင်း …
နှင်းတွေကြွေကြွေ မကြွေကြွေ
ဒီဇင်ဘာညတွေမှာ …
ခရစ်တော် လွမ်းခဲ့ပါသလား …
ကျနော်ကတော့ လွမ်းတယ် …။ ။

ကိုမွှေး

2 comments:

Yaw Han Aung said...

ကိုမွှေးကဗျာလေးက ကောင်းတယ်ဗျာ။

s0wha1 said...

ကိုမွှေး...တော်တော် ခံစားရတယ်။။။