ပြတ်ပြတ်သားသား စဉ်းစားလုပ်ကိုင်ကြဖို့ လိုပါပြီ
မနှင်းစု
မနှင်းစု
ဒီနေ့ ကိုလွဏ်းဆွေ ဘလော့ထဲက လူတင့်ရဲ့ ဆောင်းပါးကို ဖတ်ရတော့ အတော်လေးကို စဉ်းစားစရာတွေ ခေါင်းထဲကို ရောက်လာခဲ့ပါတယ်။ အကျယ်မချဲ့တော့ဘဲ ပြောရမယ်ဆိုရင်တော့ ဒီ သြဂုတ်၊ စက်တင်ဘာ အောက်တိုဘာ ၂၀၀၇ မြန်မာနိုင်ငံ မြို့ကြီးတွေနဲ့ နယ်တချို့မှာ လူထုနဲ့ သံဃာတွေရဲ့ ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်ကြတဲ့ ရွှေဝါရောင် တော်လှန်ရေးကို တကမ္ဘာလုံးက ရေဒီယို၊ ရုပ်မြင်သံကြား၊ အင်တာနက်၊ ဘလော့ စသဖြင့် ပြကွက်၊ တွေ့ဆုံမေးမြန်းခန်း၊ ပေးစာ၊ ပြန်စာ၊ ဆောင်းပါး၊ ကဗျာ အပြင် ကမ္ဘာ့နိုင်ငံရေ ဇာတ်ခုံပေါ်က အမေရိကန်သမ္မတ ဂျော့ဘုရှ် အစ ဘုရားဈေးသည် အဆုံး အမြင်မျိုးစုံ ရှုထောင့်မျိုးစုံက တင်ပြထားသမျှကို ဖတ်ရှုခဲ့ရပြီး ကိုယ်တိုင်လည်း ရေးတန်ရေး၊ လက်မှတ် ထိုးတန်ထိုး၊ မှတ်ချက် ပေးတန်တာ ပေးခဲ့ပါတယ်။
နိုင်ငံရေးသမားတွေလို ကိုယ်ယုံကြည်ရာ ဘက်တစ်ခုကို စွဲကိုင် မပြောဆိုနိုင်ငြားလည်း နိုင်ငံရေးကို စိတ်ဝင်စားပြီး သတင်းတွေကို မျက်ခြေမပြတ်အောင် ဖတ်ရှုလေ့လာနေတဲ့သူ သာမာန်ပြည်သူတစ်ယောက် အနေနဲ့ အခုနေအခါမှာ ဘာကိုယုံကြည်ရ ဘာကိုမျှော်လင့်ရ ဘာအတွက် တက်ကြွရ ဘာအတွက် စိတ်အားလျော့ရမှန်း မသိတဲ့ အခြေအနေ ရောက်နေတုန်း ဒီဆောင်းပါးကနေ တစုံတစ်ခုတော့ ရလိုက်သလို ရှိတယ်လို့ ခံစားရပါတယ်။
ဒီကနေ့ မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးကို ကိုယ်သန်ရာ လမ်းစဉ်အမျိုးမျိုးနဲ့ တိုက်ပွဲဝင်နေကြတဲ့ ပြည်သူတွေ အဖွဲ့အစည်းတွေ တသီးပုဂ္ဂလ တွေဟာ များသောအားဖြင့် အာဏာရှင်ကို တိုက်ကြတဲ့အခါ လက်နက်ကိုင် တော်လှန်ရေး ဆိုတာထက် အကြမ်းမဖက် ငြိမ်းချမ်းသော နည်းလမ်းနဲ့ တောင်းဆိုနေကြ တာ အများစု ဖြစ်ပါတယ်။ ပါလီမန်ဒီမိုကရေစီ ခေတ်နောက်ပိုင်း ၁၉၆၂ ဗိုလ်နေ၀င်း လက်ထက်မှ ယနေ့ ဗိုလ်သန်းရွှေ အထိ အခွင့်အရေးပေါ်တိုင်း (အခြားအကြောင်းနဲ့ စခဲ့ပေမယ့်) အသက်ပေါင်းများစွာ ဘ၀ပေါင်းများစွာ ပေးဆပ်ပြီး လိုချင်တဲ့ နိုင်ငံရေး ပြောင်းလဲမှုကို တောင်းဆို တိုက်ပွဲဝင်ခဲ့ကြတာ နှစ်တွေလည်း မနည်းလှတော့ပါဘူး။
သေသူသေ ထောင်ကျသူကျ ဒုက္ခိတ ဖြစ်သူဖြစ် ဘ၀တွေ ပျက်ခဲ့ရတာ အားလုံးအသိပါ။
လက်တွေ့ကျကျ ကြည့်ကြမယ် ဆိုရင်တော့ …
(၁) စစ်တပ် တစ်ခုသာ ပိုမို အင်အားကောင်းလာပြီး လက်နက် အင်အား လူအင်အား ပိုကြီးထွားလာခဲ့တယ်။
(၂) စစ်တပ်ကပဲ အရပ်သား အုပ်ချုပ်ရေးကို အမြစ်တွယ် ၀င်ရောက်နေရာယူ ပြီးသွားပါပြီ။ ဥမမာ- ကုန်သွယ်ရေး၊ ပညာရေး အထိတောင် ထိုးဖောက် နေရာယူထားပါပြီ။
(၃) နိုင်ငံရဲ့ စီးပွားရေး မှန်သမျှကိုလည်း ချုပ်ကိုင်ထားပြီး မြေပေါ်မြေအောက် သယံဇာတ မျိုးစုံကိုလည်း မိမိတို့ရဲ့ ကိုယ်ပိုင် ပစ္စည်းသဖွယ် တခါးမရှိ ဓားမရှိ ယူငင် ရောင်းချ စာရင်းဇယားမရှိ သိမ်းပိုက် ထားလိုက်ကြပါပြီ။
ဥပဒေဘောင် အတွင်းမှာနေရင် လုံခြုံပြီလို့ ယူဆရင်တော့ မှားပါလိမ့်မယ် (ပြည်သူတွေဟာ ကိုယ့်ရပ်ကွက်ထဲက ကြံ့ ဖွတ်နဲ့ စွမ်းအားရှင်ကို ယောင်ပြီး မျက်နှာကြည့်မိရင်တောင် သူတို့စိတ်နဲ့ မတွေ့ရင် ဒုက္ခပေးတာ ခံရနိုင်ပါတယ်။ ညအချိန်မတော် တံခါးခေါက်ပြီး လိုက်ခဲ့ဆိုရင် လိုက်သွားရမှာပါ။ အမှုကတော့ လွယ်ပါတယ်။ စာရွက်ပေါ် ဂဏန်း ၂ လုံး၊ ၃လုံး ရေးပြီး ပစ်ရုံပါ)
ပြည်သူတွေက တနေ့ တဒေါ်လာအောက် မရှိတဲ့ ၀င်ငွေနဲ့ မသေရုံ နေရတဲ့ အခြေအနေမှာ ဗိုလ်ချုပ် တစ်စုကတော့ ကိုယ်ပိုင်လေယာဉ်တွေနဲ့ ဆယ်သက် စားမကုန်အောင် စုမိနေကြတာ အားလုံးအသိပါ။
ဒီနေ့ တိုင်းပြည်ရဲ့ အနာဂတ်ဖြစ်တဲ့ ပညာရေးကတော့ လက်တွေ့မှာ ဘာမှ အသုံးချလို့ မရတဲ့ ပညာကို ပြီး ပြီးရော လုပ်ပြီး စာရွက်ပေါ်မှာ ကျောင်းအုပ်က လက်မှတ်ထိုးလိုက်တဲ့ စာရွက်ကို ရတာကလွဲလို့ ဘာမှ အသုံးမကျပါဘူး။
ဒီတော့ မြန်မာ့သမိုင်းမှာ အကြီးဆုံး လူထုအုံကြွမှုဖြစ်တဲ့ ၁၉၈၈ ကစပြီး ဒီကနေ့ ၂၀၀၇ စက်တင်ဘာ ဆန္ဒဖော်ထုတ်ပွဲ အဆုံး ပြည်သူတွေဘက်က ဘာများ တစုံတရာ ရခဲ့ကြရသလဲ။ ပြည်သူကို သေနတ်ပြောင်းဝနဲ့ တေ့၊ ထောင်ချဲ့ပြီး အဆင်သင့် စောင့်နေရုံကလွဲလို့ စစ်အာဏာရှင်ကတော့ ဘာမှ သိပ်အားစိုက်ထုတ်ရတာ ရှိလိမ့်မယ် မထင်ဘူး ။
စားဝတ်နေရေး မပြည်လည်တဲ့ ဘ၀မှာ အိမ်နီးချင်း နိုင်ငံတွေကို ရွှေ့ ပြောင်းအလုပ်သမားအဖြစ် မျက်နှာငယ်စွာ ကြမ်းတမ်းလှတဲ့ အလုပ်တွေလုပ်ဖို့ လူငယ်တွေက စွန့်စားသွားကြရတယ်။ ဘာအကာအကွယ်မှ မရှိဘဲ အလုပ်ရှင် ခေါင်းပုံဖြတ်သမျှ ခံနေကြရတယ်။
အတတ်ပညာရှင် အချို့ သာ မိမိအဆင့်လေးနဲ့ လုပ်ကိုင်စားနိုင်တဲ့ တိုင်းပြည်တချို့မှာ လုပ်ကိုင်စားသောက်ဖို့ တိုင်းပြည်က ထွက်ခွာပြီး နှိမ်ပြီးပေးတဲ့ လခလေး အပေါ်မှာ ကိုယ့်တိုင်းပြည်ထက်တော့ ထမင်းဝသေးတယ် ဆိုတဲ့ စိတ်ကိုမွေးပြီး ရှင်သန်အောင် ရုန်းကန်ကြရတာပါ။
ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း အာဏာလွှဲပေးဖို့ဝေးစွ နာလန်မထူနိုင်အောင် အခက်အလက် မှန်သမျှ ရိုက်ချိုး ဖြတ်တောက်ပြီး အညွန့်တုံးအောင် လုပ်နိုင်ခဲ့ပြီမို့ နအဖ အတွက်တော့ မှုစရာတောင် လိုမယ်မထင်တော့ပါ။ NLD အဖွဲ့ချုပ်ဟာ ကြေငြာစာတမ်း ထုတ်ရုံကလွဲလို့ မြို့ နယ်အဆင့် ကိုတောင် ဘာညွှန်ကြားချက်မှ မလုပ်နိုင်တော့ဘူး။
ရဟန်းရှင်လူ ပြည်သူတွေနဲ့ ကျောင်းသားတွေ ကတော့ တာဝန်ကျေခဲ့ ကြပါပြီ ။အသက်၊ သွေး၊ ဘ၀တွေ ပေးဆပ်ခဲ့ကြပါပြီ။
ထေရ၀ါဒ အထွန်းကားဆုံး တိုင်းနိုင်ငံရယ်လို့ ဂုဏ်ယူကြရတဲ့ တိုင်းပြည်မှာ ဗုဒ္ဒဘာသာဝင် ပြည်သူတွေကသာ ဘုရား တရား သံဃာကို ကိုးကွယ်ရာ ဆည်းကပ်ရာ အဖြစ် မှတ်ယူကြတာပါ။ ဒီစစ်ခေါင်းဆောင်တွေဟာ တကယ် ဗုဒ္ဓဘာသာဝင်တွေ မဟုတ်ကြပါဘူး။ ဒါကြောင့် ဘာမှမရှောင် သူတို့ကိုဆန့်ကျင်သူ မှန်သမျှကို သတ်ရဲ ရိုက်ရဲ ထောင်ချရဲတာ မဆန်းပါ။ သူတို့ဟာ ဘာသာမဲ့တဲ့ လောဘ ဒေါသ မောဟ အမှောင်ဖုံးနေတဲ့ လူတစ်စုသာ ဖြစ်ပါတယ်။ မိမိ မိသားစု ဆွေမျိုးတသိုက် သားစဉ်မြေးဆက် ကောင်းစားရေး အတွက်သာ လုပ်နေကြတာပါ။ သူတို့ဟာ အာဏာရဲ့ အရသာကို ကောင်းကောင်းကြီး အရသာ တွေ့နေတာ ကြာပါပြီ။ ဗုဒ္ဒ ဘာသာဝင်ဆိုပြီး ဘုရားသားတော် သံဃာတောင် သတ်တယ်ဆိုတာ သူတို့အတွက် ဘာမှမဆန်းပါ။ သူတို့ရဲ့ စိတ်ထဲမှက ခုဆန္ဒ ဖော်ထုတ်တဲ့ သံဃာဆိုတာ အတုအယောင် သင်္ကန်းဝတ် ဘုန်းကြီးတု၊ ဖောက်ခွဲရေးသမား၊ အမျိုးသမီးများနဲ့ ပျော်ပါးသူလို့ မှတ်ယူပြီးသားမို့ သေနတ်မောင်းကို ဆွဲဖြုတ်ဖို့ ဘာမှ နောက်တွန့်နေမှာ မဟုတ်ပါ။ ပြည်သူကို သတ်ဖို့ကတော့ ဆူပူအကြမ်းဖက်သမားတွေမို့ သေနတ်ကို တည့်တည့်ပစ်ရုံပါပဲ။
လူတင့်ရဲ့ ဆောင်းပါးကို ပြန်ကောက်ရရင်တော့ တော်လှန်ရေးမှာ စူးဝင်နေတာ မြားနှစ်စင်းထဲတော့က. မယ်မထင်ဘူး။ အခြား စူးဝင်နေတဲ့ ခိုးလိုးခုလု ဖြစ်နေတဲ့ ဆူးလို အရာတွေလည်း ရှိဦးမှာပါ။
ဗုဒ္ဒဘာသာဝင် မြန်မာလူမျိုးတွေဟာ ဗုဒ္ဒရဲ့  အဆုံးအမအတိုင်း မေတ္တာသည်သာ အထက်ဆုံး လက်နက် အဖြစ် စွဲမှတ်ပြီး ရန်သူကိုပင် မေတ္တာနဲ့ပဲ တုန့်ပြန်ဖို့ ကြိုးစားကြပါတယ်။ ကံ ကံရဲ့  အကျိုးကိုလည်း ယုံကြည်လေ့ရှိ ကြတယ်။ မကောင်းတာ လုပ်တဲ့သူဟာ တနေ့မှာ ချုပ်ငြိမ်းရစမြဲ ဆိုတာကိုလည်း ဦးနေ၀င်းကအစ စိုးဝင်းအဆုံး နမူနာယူပြီး တရားနဲ့ ဖြေသိမ့်လိုက်ကြတယ်။ ပုဂ္ဂိုလ် တစ်ဦးချင်းစီ ကတော့ မှန်ပါတယ်။ ဒါပေမယ့် သူတို့လို လူတွေပဲ စဉ်ဆက်မပြတ် ကိုယ့်အထက်မှာ ရောက်လာနေရင်တော့ မထူးဘူး၊ စနစ်တစ်ခုလုံး ချုပ်ငြိမ်းရေးကို ဦးတည်ရမှာပါ။ သူတို့ ဇာတ်သိမ်း မကောင်းတိုင်း ပြည်သူတွေရဲ့ ဘ၀တွေ တိုးတက်လာမှာ မဟုတ်တာကို သတိပြုကြရပါလိမ့်မယ်။ စောင့်နေလို့ ကောင်းလာမှာ မဟုတ်ပါ။
နောက်ပြီး သည်းညည်းခံခြင်းနဲ့ ပတ်သက်လို့ ပြောချင်တာက သည်းခံရင် တနေ့ရလာမှာပါ ဆိုတာမျိုးဟာ အာဏာရှင်ကို တိုက်တဲ့နေရာမှာ လက်တွေ့ကျမကျ ကြည့်ရတော့မယ်။ သင်ပုန်းချေရေး ဆိုတာမျိုးကလည်း ပိုပြီး နိုင်လိုမင်းထက် ပြုလာတာပဲ တွေ့နေကြရတုန်း ဖြစ်တယ်။ ဒါတွေဟာလည်း ရှိသင့်တာထက် ပိုလာရင် နာကျင်စေတဲ့ ဆူးတွေလို ထွင်ပစ်မှ အနာသက်သာလိမ့်မယ်လို့ ယူဆပါတယ်။
အားလုံးကို ပြောချင်ပါသေးတယ်။ လူထုအုံကြွမှုတွေ ဖြစ်ပေါ်လာတိုင်း စစ်တပ်ကို စည်းရုံးဖို့ ပြောကြတယ်။ စစ်တပ်ပြိုကွဲမလား မျှော်လင့်ကြတယ်။ တခုပဲ။ သဘာဝ ကျမကျ ဖြစ်နိုင်ခြေ ရှိမရှိ သုံးသပ်ကြပါ။ ဒီလိုအဖြစ်မျိုးလည်း မရှိခဲ့တာကြောင့် မျှော်လင့်နေရင်တော့ ကိုယ့်လုပ်ငန်းတွေ ချော်သွားနိုင်လို့ သတိထားကြ စေချင်တယ်။ စစ်တပ်ထဲက အများစုကလည်း ပြည်သူတွေလိုပဲ ကြောက်နေကြတာပါ။ သူတို့ကိုလည်း ဆွေစဉ်မျိုးဆက် ကန်းသွာအောင် လုပ်မှာကို သူတို့သိကြတယ်။
အားလုံး ဖြစ်နိုင်ခြေတွေကို အကောင်းအဆိုး တွက်ချက်ထားကြ ရပါလိမ့်မယ်။ ဒီစေ့စပ်ဆွေးနွေးပွဲ မအောင်မြင်ရင် လိုရာမရောက်ရင် အဓိပ္ပါယ်မရှိ ကြန့်ကြာနေရင် ရှေ့ဆက် ဘာလုပ်ကြမလဲ။ ဒီအတိုင်း နိုင်ငံတကာကို အားကိုးလိုက် ပြည်တွင်းက အပြစ်မဲ့ ပြည်သူနဲ့ ရဟန်းသံဃာတွေ ဘယ်တော့များ လမ်းပေါ် ထွက်လာမလဲလို့ မျှော်လိုက်၊ အမျိုးမျိုးသော သုံးသပ်ချက် ယူဆချက်တွေကြားမှာ ထွေးလုံးရစ်ပတ် နေလိုက်နဲ့ ဆိုရင်တော့ နောက်အနှစ် ၂၀၀ လောက် သန်းရွှေနဲ့ သူရဲ့ မြေးမြစ် တီတွတ်တွေရဲ့ လက်ထက်အထိ စစ်တပ်ရဲ့ ကျွန်ဘ၀မှာ နေကြရပါလိမ်ဦးမယ်။
အားလုံး တသွေးတသံထဲနဲ့ လက်တွေ့ကျတဲ့ တော်လှန်ရေး တစ်ခုခုကိုတော့ တစိုက်မတ်မတ် ပြတ်ပြတ်သားသား ညီညီညွတ်ညွတ် စဉ်းစားလုပ်ကိုင်ကြဖို့ လိုပြီဖြစ်ပါကြောင်း တိုက်တွန်းလိုပါတယ်။
မနှင်းစု
2 comments:
Gereral Aung San is the father of Burma.
He is the architect of Burma's Independence.
He was very determined. He never gave up, never back-off.
He organized and form Union of Burma.
He fought for Burma and all people of the Union of Burma.
Now , all Burmese! Are you really want to have democracy and Freedom from Fear. If you do, you have only one way which is to follow Gen Aung San's direction. You fight till you get want you want. Freedom and Independence can never achieved without determination, sacrifices and perseverance.
Those rank and files in arm forces must join in this struggle to achieve desire results, SUCCESS.
First all Burmese and ethnic tribal races must be united and fight.
Fight, fight , fight till you see the Light of Freedom.
Ing Weber
bo gyoke said:
"YA YIN YA, MA YA YIN CHA" even with the british who are however compassionate if we compare them with the ruling junta who killed its own people!!
so what are we waiting for??? coz the only way to win the monstrous than shwe and group is to FIGHT them back!!!
khin myo chit
Post a Comment