ဗိုလ်သန်းရွှေသမီးကလဲဗျာ ဆင်ထားလိုက်တာ ခရစ်စမတ်သစ်ပင်ကျနေတာပဲ ဆိုတဲ့
စင်္ကာပူ ၀န်ကြီးချုပ်ဟောင်း လီကွမ်းယူနှင့် အင်တာဗျူး
(Mizzima ၀က်ဘ်ဆိုက်မှ ကူးယူဖော်ပြပါသည်)
စင်ကာပူ၏ ပထမဆုံး ဝန်ကြီးချုပ်က တရုပ်ပြည်၊ အမေရိကန် နှင့် နိုင်ငံတကာ နိုင်ငံရေးကို၎င်း၊ စင်္ကာပူ ကဲ့သို့သော အာရှ နိုင်ငံများနှင့် ကမ္ဘာတဝှမ်းတွင် ဖြစ်ပေါ်လာမည့် မီဒီယာ၏ အနာဂတ်နှင့် ပတ်သက်၍၎င်း ပြောဆို သွားခဲ့ပါသည်။စင်္ကာပူ ၀န်ကြီးချုပ်ဟောင်း လီကွမ်းယူနှင့် အင်တာဗျူး
(Mizzima ၀က်ဘ်ဆိုက်မှ ကူးယူဖော်ပြပါသည်)
မေးမြန်းသူ - တင်ပလိတ်
ပစိဖိတ် ပါစပက်တစ် ပင်တိုင်ဆောင်းပါးရှင်
၉ အောက်တိုဘာ ၂ဝဝ၇။
အောက်တွင် ဖေါ်ပြထားသည်မှာ ဂုရုဝန်ကြီး Minister Mentor (ခေတ်သစ် စင်္ကာပူကို တည်ထောင်သူကို ယခုအခါ ခေါ်ဆိုသောအမည်) နှင့် ဆွေးနွေး မေးမြန်းချက် အပြည့်အစုံ ဖြစ်ပါသည်။ သူ့ကို တင်ပလိတ် (Tim Plate of UCLA Media Centre) နှင့် ဂျက်ဖရီကိုးလ် (Jeffery Cole of the USC Annenberg School Centre for the Digital Future) တို့က ၂၇ စက်တင်ဘာ ၂ဝဝ၇ တွင် စင်္ကာပူနိုင်ငံ အစ်တာနာ (Istana) ရှိ ဝန်ကြီး၏ ကိုယ်ပိုင်ရုံးခန်းတွင် သွားရောက် တွေ့ဆုံခဲ့ခြင်း ဖြစ်ပါသည်။
မေး။ ကျန်းမာပါရဲ့လားခင်ဗျာ။
ဖြေ။ အသက်ကြီးတဲ့ လူတွေအားလုံး ကြုံရသလိုတော့ ရှိတာပေါ့ဗျာ၊ အသက် ၈ဝ ကျော်လာရင် တောင်တက်ခရီးလိုပါဘဲ။
မေး။ ခင်ဗျားကတော့ ခုထိ အနားမယူသေးဘူးနော်။
ဖြေ။ စာလေးဖတ်လိုက်၊ ဂေါက်လေး ရိုက်လိုက်ပဲ လုပ်တော့မယ် ဆိုပြီး အနားယူမယ် ဆိုရင်တော့ ကျနော်ထင်တယ်၊ ခင်ဗျားဟာ တစတစ ယိုယွင်းသွားမှာပဲ။
မေး။ အနားယူ ဂေါက်ရိုက်တဲ့ လူတွေပဲ ဒီလိုလူတွေဘဲ သေကြတယ်ဆိုတာ ကြီးကြီးမားမား ဆက်စပ်မှု ရှိလို့လား၊ ဂေါက်မရိုက် အနားမယူရင်ကော ဘာဖြစ်မလဲ။
ဖြေ။ ခင်ဗျားမှာ ဒါလောက်လေးတင်မက လုပ်စရာ အလုပ်တခုခု ရှိကို ရှိနေရမယ်။ မနက် အိပ်ယာက ထတာနဲ့ ဒီနေ့ အတွက် တန်ဘိုးရှိတာ တခု ဘာလုပ်ရင် ကောင်းမလဲ ဆိုတာမျိုး စိတ်ထဲမှာ ရှိရမယ်။ ကမ်းခြေပတ် လမ်းလျှောက်လိုက်၊ အိပ်ယာပေါ် လှဲနေလိုက်တော့ မဖြစ်ရဘူး၊ ကမ်းခြေပတ် လမ်းလျှောက်ပြီးပြီ ဆိုရင် ခင်ဗျားမှာ လုပ်စရာအလုပ် မရှိတော့ဘူးလေ။
မေး။ အခုလို ပျားပန်းခတ် စည်ကားနေတဲ့ စင်္ကာပူလို မြို့ကြီးမှာ ရောက်နေရတာ တကယ့်ကို ဟန်ကျပေတာပဲဗျာ။
ဖြေ။ ကံကောင်းတာပါဗျာ။ ၆ဝ % က အလုပ်ကို ကြိုးကြိုးစားစား လုပ်ခဲ့တာ၊ ကျန်တဲ့ ၄ဝ % က ကံကောင်းတာပါ။ ၆ဝ % လို့ ဘာလို့ ပြောသလဲဆိုတော့ ကျနော်တို့ တကယ့်ကို အကျဉ်းအကြပ်တွေနဲ့ ကြုံခဲ့ရတာဗျ။ စစချင်း အာရှ အကြပ်အတည်းနဲ့ တိုးတယ်၊ ပြီးတော့ ဆားစ်ရောဂါ၊ ပြီးတော့ တခုပြီးတခု၊ အခုတော့ ကျနော်တို့ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်နေပါပြီ။ အခုကြည့်လိုက်ရင် တရုတ်က ကြီးထွား လာနေတယ်၊ အိန္ဒိယက နောက်က လိုက်လာနေပြီ။ ကျနော် တို့က သူတို့ ၂ နိုင်ငံရဲ့ လမ်းဆုံလမ်းခွမှာ ရောက်နေတာ၊ သူတို့ရှေ့က သွားနေတာကို နောက်က လေစုန်နဲ့ မျှောလိုက်နေတာ။ ဒါပေမဲ့ ကျနော်တို့ရဲ့ အခြေခံတွေ အားလုံး၊ အဆက်အသွယ်တွေ အားလုံးကိုတော့ ခိုင်မာအောင် မြဲမြံအောင် လုပ်ထားတယ်၊ အမေရိကန်၊ ဥရောပ၊ ဂျပန် စတာတွေပေါ့ဗျာ။
မေး။ ခင်ဗျားက တိုင်ဝမ်နဲ့လဲ ဆက်ဆံရေး ကောင်းတယ်နော်။
ဖြေ။ ဒါအရေးကြီးတာပေါ့။ ဒါက ကျနော်တို့ အတိတ်၊ ခေတ်ဟောင်းရဲ့ အစိတ်အပိုင်း တရပ်။
မေး။ လုပ်ရတာတော့ လွယ်မှာ မဟုတ်ဘူးနော်။
ဖြေ။ ခုထိလဲ ခက်တုံးပါဘဲဗျာ၊ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ဒီအခြေအနေ အချက်အလက်တွေ အကုန်လုံးက သူတို့နဲ့ ဆက်ဆံရေး တည်ထောင်စဉ်က ထားခဲ့တဲ့ အခြေခံ အချက်တွေဆိုတာ ပြည်မကြီးက သိပါတယ်။
မေး။ အာရှ အမေရိကန်နဲ့ ပတ်သက်လို့ ကျနော် ပင်တိုင်ဆောင်းပါးတွေ စရေးတဲ့ လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်တုံးက ခင်ဗျားကို မေးခွန်းတခု မေးဖူးတယ်နော်။ ကျနော့်ရဲ့ ပထမဆုံး မေးခွန်းပေါ့။ အာရှမှာ အမေရိကန်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ အမေရိကန် လူထုကို ခင်ဗျား ဘာများ ပြောချင်ပါသလဲလို့ မေးခဲ့တာ။ ခင်ဗျား မိနစ် အနည်းငယ်လောက် စဉ်းစားပြီး ပြန်ဖြေခဲ့တာလေ။ “အမေရိကန် လူထုကို ပြောလိုက်ပါ၊ အမေရိကဟာ တရုတ်နဲ့ ဆက်ကို ဆက်ဆံရမယ်။ ဘာလို့လဲဆိုတော့ ဒီဆက်ဆံရေးက မှန်ကန်မှ အာရှမှာရှိတဲ့ လူတိုင်းကို အကျိုးရှိစေမှာ။ မမှန်ဘူးဆိုရင် ပြဿနာတွေ ဖြစ်လာမှာဘဲ” ကျနော်တို့အခု အဲဒီ ဆက်ဆံရေးက မှန်သလား မှားသလားဗျ၊ ဘယ်လိုလဲ။
ဖြေ။ ကျနော် ထင်တာတော့ မဆိုးလှပါဘူး။ ဆက်ဆံရေး မကောင်းတာ ရှိခဲ့လည်း ကွန်ဂရက် လွှတ်တော်ထဲမှာ ဆင်ခြေ ရှာနေချင်တဲ့ လူတွေတော့ ရှိမှာဘဲ။ တရုတ် ငွေလဲနှုန်းကြောင့် တရားမမျှတတဲ့ အခြေအနေ ဖြစ်ပေါ် စေတယ်လို့ ယုံကြည်တာမျိုးပေါ့။ မှန်ပါတယ်၊ တရုတ်က သူ့ငွေကြေးကို ၁ဝ၊ ၁၅ % လောက်အထိ မြှင့်သင့်ပါတယ်။ ဒါပေမယ့် ဒါလောက်နဲ့လဲ မရဘူးလေ။ ဒါလေးနဲ့လဲ ပြဿနာက ပြေလည်သွားမှာ မဟုတ်ဘူး။ ဒါကိုမြန်မြန် ချက်ချင်း လုပ်လိုက်ရင် သူတို့အတွက် ပြဿနာတွေ ဖြစ်လာမှာ။ ဒါပေမဲ့ ဖြေးဖြေးချင်း လုပ်ရင်တော့ ပြဿနာ ရှိမယ်မထင်ဘူး။
မေး။ သူတို့ ဒီလို လုပ်နိုင်ခြေကော ရှိလို့လား။
ဖြေ။ သူတို့ ဖြေးဖြေးတော့ လုပ်မှာပါ။ သူတို့က အလုပ်လက်မဲ့ ပြဿနာကို ကြောက်တယ်။ ဂျပန်မှာ စက်ရုံတွေ နေရာရွှေ့တော့ ကြုံခဲ့ရတဲ့ ပြဿနာမျိုးကို ကြောက်တယ်။ ဘိနပ်ချုပ်တဲ့ လုပ်ငန်းဖြစ်ဖြစ်၊ အထည်ချုပ်တဲ့ လုပ်ငန်းဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် အဆင့်နိမ့် လုပ်ငန်းလေးတေ ရှိနေဘို့ သူတို့အတွက် လိုတယ်။ ဒီစက်ရုံတွေ ရွှေ့ရမယ်၊ ပြောင်းရမယ် ဆိုရင် သူတို့အတွက် အလုပ်လက်မဲ့ ပြဿနာ ရှိလာမှာ။ ဒါသူတို့အတွက် တကယ့် ပြဿနာကြီး။ အခုလို အဆင့်မြင့်ဈေးကွက် ကို သူတို့ လှမ်းနေတဲ့ အချိန်မှာ ဒီဟာကို သူတို့ သိပ်ကြောက်တာ။ ဒါဟာ သူတို့အတွက် ကစားပွဲအသစ်၊ သိပ်ကို ထိတ်လန့်နေတဲ့ အရာ။ နိုင်ငံပိုင် စီးပွါးရေး လုပ်ငန်းတွေ လျှော့ချ ပစ်နေတာတောင်မှ မြို့ကြီးတွေမှာ အဓိကရုဏ်းတွေ မဖြစ်ဘို့နဲ့ စီးပွါးရေး ပြဿနာတွေကို ဖြေရှင်းပေးနိုင်ဘို့ ဆိုတဲ့ကိစ္စတွေ အပေါ်မှာ သူတို့ရဲ့ တရားဝင် ရပ်တည်နိုင်ခွင့်က တည်မှီနေတာ။
မေး။ တရုတ် တက်လာရင် အမေရိကန် ကျသွားမှာပေါ့လို့ ပြောနေတဲ့ အမေရိကန်တွေကိုရော ခင်ဗျား ဘာများ ပြောချင်ပါသလဲ ခင်ဗျား။
ဖြေ။ မဟုတ်ပါဘူး၊ ကျနော်ကတော့ နိုင်သူ၊ ရှုံးသူ ဒါမှမဟုတ် ၂ ဘက်လုံးရှုံး ဆိုတဲ့ အခြေအနေမျိုး မတွေ့ပါဘူး။ တရုတ်ကို ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ (WTO) ထဲ ရောက်အောင် ခေါ်လာခဲ့တာ အမေရိကန်ပါ။ တံခါးဖွင့်ပေးပြီး တရုတ်ပစ္စည်းတွေ အမေရိကန် ဈေးကွက်ထဲ လာရောင်းဘို့ ဖိတ်ခေါ်ခဲ့တာ အမေရိကန် သမတ ဂျော့် ဒဗလျူ ဘုရှ် ပါ။ ဒါကို သမတ ကလင်တန်က ဆက်လုပ်ပါတယ်။ ကလင်တန် ခေတ်မှာဘဲ သူ့ဘဏ္ဍာရေး ဝန်ကြီး ရူဘင် က တရုတ်ကို WTO ထဲရောက် အောင်လုပ်ပေးခဲ့တာပါ။
ခင်ဗျားမှာ တရုတ်နဲ့ ပတ်သက်ပြီး ရွေးစရာ ၂ ခုပဲ ရှိတယ်။ သူ့ကို အပြင်မှာ ပထုတ်ထားဘို့၊ ဒီလို လုပ်မယ်ဆိုရင် အမေရိကန်ကတော့ အတော်လေး တွက်ချက် စဉ်းစားရမယ်။ သူ့ကို ခင်ဗျားအပြင်မှာ ထုတ်ထားရင် သူက ခင်ဗျားကို ဖျက်ဆီးမဲ့သူ ဖြစ်လာမှာဘဲ။ အကုန်လုံး ဆန့်ကျင်ဘက်တွေ လုပ်လိမ့်မယ်။ ခင်ဗျား အမြတ်အစွန်း ရနေတဲ့ မူပိုင်ခွင့်တွေကို ခိုးယူ သုံးလိမ့်မယ်။ သူတို့ ဖွံ့ဖြိုး တိုးတက်မှု အရှိန်အဟုန်ကိုတော့ နှေးသွားအောင် ခင်ဗျား လုပ်လို့ရမှာပဲ။ ဒါတော့ သံသယ ဖြစ်စရာ မရှိဘူး။ သူတို့ အသွင်ကူးပြောင်းရေးကို နှောင့်နှေးအောင် လုပ်လို့တော့ရမယ်၊ ဒါပေမဲ့ ခင်ဗျားအတွက်တော့ ဘာ အကျိုးအမြတ်မှ ရှိမှာမဟုတ်ဘူး။ ၁၉၈ဝ စုနှစ်တွေနဲ့ ၁၉၉ဝ စုနှစ်တွေအကြောင်း ပြန်စဉ်းစား ကြည့်လိုက်စမ်းပါ။ ခင်ဗျား အနေနဲ့ ဈေးကွက်ကိုတော့ ကြီးထွား လာစေချင်တယ်၊ ဒါပေမဲ့ ဘယ်အရှိန်နှုံးနဲ့ ကြီးထွားလာရမယ် ဆိုတာတော့ ခင်ဗျား တခါမှ ထည့်မစဉ်းစားခဲ့ဘူး မဟုတ်လား။ အဲဒါက သိပ်ကြောက်စရာ ကောင်းတယ်။ အခု အဲဒါက သူတို့ဆီမှာ ဖြစ်နေပြီ၊ အဲဒါက အသွင်ကူးပြောင်းရေးမှာ သူတို့အတွက် တကယ့် အခက်အခဲဆိုတာ သူတို့သိတယ်။ အခုကိုပဲ တကယ်ကြီးတဲ့ ပြဿနာကြီးတွေကို ကြုံနေရပြီ။ အတွင်းပိုင်း ပြဿနာတွေ၊ မြို့ကြီးတွေ ကြားမှာ မညီမျှတဲ့ ပြဿနာတွေ၊ မြို့နဲ့ကျေးလက်ကြား မညီမျှတဲ့ ပြဿနာတွေ၊ နောက်တခါ အခုပေါ်နေတဲ့ လက်ကိုင်ဖုံးနဲ့ ဂြိုလ်တု ရုပ်မြင်သံကြား ပြဿာနာတွေ၊ အများကြီးပဲ။ သူတို့ လမ်းကြောင်းပြောင်းဖို့ လိုနေပြီ။ ရွှေတွေငွေတွေ နောက်ကို အရူးအမူး လိုက်နေရုံနဲ့မရဘူး။ အခုတော့သူ တို့ ဟန်ချက်ညီ သဟဇာတဖြစ်တဲ့ လူ့အဖွဲ့အစည်း အကြောင်းကို ပြောနေကြပြီ။
မေး။ တရုတ်ပြည်ထဲမှာ တကယ် ဘာတွေဖြစ်နေသလဲ ဆိုတာ အကုန်လုံး ကျနော်တို့ သိပြီလားခင်ဗျာ။
ဖြေ။ ကျနော် ထင်ပါတယ်၊ ခင်ဗျားရဲ့ တရုတ်ပြည် စောင့်ကြည့်လေ့လာ အကဲခတ် နေသူတွေကတော့ ကောင်းကောင်း သိပါလိမ့်မယ်။ သူတို့ သိပါတယ်။
မေး။ သိပ်ကြီးကြီးမားမား အံ့အားသင့်စရာရယ်လို့တော့ မကျန်လောက်ပါဘူး၊ ဘယ်နေရာတွေမှာ တင်းမာမှုတွေ ရှိနေတယ်ဆိုတာ ကျနော်တို့ ကောင်းကောင်း သိပါတယ်။
ဖြေ။ (သဘောတူသည့် အနေဖြင့် ခေါင်းညိတ်သည်)
မေး။ ခင်ဗျား ဘော့ရူဘင်နဲ့ ကလင်တန် အကြောင်းကို ပြောခဲ့တယ်နော်။ သူတို့က တရုတ်ကို ချဉ်းကပ်တဲ့ နေရာမှာ ပါရမီ ထူးတာက ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ WTO ကို ဝင်လိုက်ရင် သူတို့အတွက် အကျိုးရှိမယ် ဆိုတာ တရုတ်တွေ နားဝင် သဘောပေါက်အောင် ပြောနိုင်ခဲ့တာဘဲ။ ဒီအဖွဲ့က ဘယ်သူ့ကိုမှ မျက်နှာသာ ပေးမှာ မဟုတ်ဘူး၊ ဒါဆို ခင်ဗျားတို့အတွက် မကောင်းဘူးလားလို့ သူတို့က နားဝင်အောင် ပြောခဲ့နိုင်တာ။
ဖြေ။ မဟုတ်ဘူးဗျ။ ကျနော်ထင်တာ သူတို့မှာ (တရုတ်ဝန်ကြီးချုပ်) ကျုရုန်ကျီး ရှိတယ်၊ ဒီကိစ္စအတွက်၊ အဲဒါက ကွဲပြားမှုကို ဖြစ်စေတာ။ ကျုရုန်ကျီးက ဒီအဖွဲ့ကို ဝင်ဖြစ်အာင် တရုတ်ဘက်က တွန်းအား ပေးခဲ့တဲ့သူ။ သူ့နောက်မှာ သူ့ကို ထောက်ခံနေတာက (သမတ) ကျန်းဇီးမင်။ သူက အကုန်လုံး တွက်ချက်ပြီး တရုတ်က ကမ္ဘာကို အမီ လိုက်ချင်တယ်ဆိုရင် တံခါးဖွင့်မှ ရမယ်လို့ ဆုံးဖြတ်ခဲ့တာ။ အဲဒီကနေ အဆက်မပြတ် တံခါးဖွင့်ပြီး နောက်ဆုံး ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ WTO ကိုဝင်ဖြစ်ခဲ့တာဘဲ။ အဲဒီအဖွဲ့ရဲ့ စည်းမျဉ်းတွေကို လိုက်နာရမယ် ဆိုတာလဲ သိတယ်။ ခုတော့ သူတို့ ဝင်ဖြစ်သွားပြီပေါ့။
မေး။ သူတို့အခုလဲ ဒီတံခါးဖွင့် ပေါ်လစီ ဦးတည်ချက်အတိုင်း သွားနေတုံးလို့ ခင်ဗျား ထင်ပါသလား။
ဖြေ။ သူတို့အတွက် အခုပြဿနာက သူတို့ဟာ “ငြိမ်းချမ်းစွာ တိုးတက်ရေး” ကို သူတို့ တကယ် စိတ်ပါလက်ပါ လုပ်နေပါတယ်ဆိုတာ ကမ္ဘာကြီး တခုလုံးကို သဘောပေါက် နားဝင်အောင် ပြောပြနိုင်ဘို့ဘဲ။ သူတို့က စဉ်းစား တွေးခေါ်နိုင်တဲ့ လူတွေဗျ။ ခင်ဗျား ဆက်ဆံနေရတဲ့ လူတွေက သဘောတရား ဆရာကြီးတွေ သက်သက် မဟုတ်ဘူး။ (တရုတ်)က ထုတ်လုပ်ပြီး အခုပြနေတဲ့ “ကြီးကျယ်သော နိုင်ငံများ၏ အတက်ခရီး” ဆိုတဲ့ ရုပ်သံ အစီအစဉ် ဇာတ်လမ်းတွဲကို ခင်ဗျား ကြားဖူးသလား ကြည့်ဖူးသလားတော့ မသိဘူး။ အခု ဟစ်စထရီ ချန်နယ်လ်မှာ ပြနေတယ်။ ကျနော်လဲ အဲဒီ အစီအစဉ်ကို အင်္ဂလိပ်ဘာသာ ပြောင်းပြီး ကျနော်တို့ ရုပ်သံ အစီအစဉ်တွေ ကနေလည်း ပြခိုင်းထားတယ်။ ဥရောပ နိုင်ငံတွေ၊ ရုရှ နဲ့ ဂျပန်နိုင်ငံတို့ ဘယ်လို ကြီးကျယ်တဲ့ နိုင်ငံတွေ အဖြစ်ကို ရောက်လာကြသလဲ ဆိုတာကို တရုတ် ပြည်သူတွေကို ပြောပြဘို့ဆိုတာ အတော် ရဲရင့်တဲ့ ဆုံးဖြတ်ချက်လို့ ကျနော်တော့ ပြောချင်တာပဲ။ အဲဒီမှာ သဘောတရားရေးတွေ လုံးလုံး မပါဘူးဗျ။ သူတို့မှာ သူတို့ ကိုယ်ပိုင်သမိုင်း ပညာရှင်အဖွဲ့ ရှိတယ်။ ဒီအစီအစဉ်ကို ထုတ်လုပ်ဘို့ အဲဒီ နိုင်ငံတခုချင်းကို သူတို့သွားတယ်၊ အဲဒီနိုင်ငံတွေက ခေါင်းဆောင်တွေ၊ သမိုင်းပညာရှင်တွေကို တွေ့ဆုံ မေးမြန်းတာတွေ သူတို့ လုပ်ခဲ့တယ်။
ဗြိတိန်နိုင်ငံ အကြောင်း ရိုက်ထားတာဆိုရင် ခင်ဗျား ကြည့်သင့်တယ်။ ဗြိတိန် ဘယ်လို ကြီးကျယ်တဲ့ နိုင်ငံအဖြစ်ကို ရောက်လာခဲ့သလဲဆိုတာ သူတို့ ပြည်သူတွေကို ဘယ်လောက်အထိ ပြောပြခဲ့သလဲ ဆိုတာ ခင်ဗျားအတွေးလေး ရနိုင်လို့ပဲ။ တကယ်ကို အံ့စရာဗျ။ အကြောင်းအရာက ဘုရင်တွေရဲ့ ဘုရားသခင်က ပေးတဲ့အာဏာ Divine Rights (ကို ဖယ်ရှား ရုပ်သိမ်းဘို့) အကြောင်း။ ဗြိတိန် ဘုရင်တွေကို မှူးမျိုးမတ်နွယ်တွေက အာခံလာကြပြီး ဘုရင်ကို ဖြုတ်ချလိုက်ကြတယ်။ ပြီးတော့ မက်ကနာ ကာတာ စာချုပ်ကို ချုပ်ဆို လိုက်ကြတယ်။ ချက်ချင်းဘဲ ခင်ဗျားရဲ့ “ဘုရားသခင်က ပေးတဲ့အာဏာ” ဆိုတာကြီးက ပါလီမန်ကို အခြေခံရတာ ဖြစ်သွားတယ်၊ ပါလီမန်မှာ (မှူးမျိုးမတ်နွယ်) တွေက အမတ်တွေ။ ဒီလိုနည်းနဲ့ မှူးမျိုးမတ်နွယ်တွေ နေရာရလာပြီး လူလတ်တန်းစားလဲ တဖြေးဖြေး ကြီးထွားလာတာ။ ဘုရင်က သိပ်ကြွစောင်းစောင်း ဖြစ်လာရင် ပထမမြောက် ချာစ်လ် ဘုရင်လို ခေါင်းဖြတ် ခံလိုက်ရမှာဘဲ။
ခင်ဗျားကြည့်လေ၊ ဒီလို ဇာတ်လမ်းတွဲမျိုးကို အခုတော့ ကွန်မြူနစ် တရုပ်ပြည်က ထုတ်လုပ် တင်ဆက်နေတာ။ တခြားစကားလုံးနဲ့ ပြောမယ်ဆိုရင် ခင်ဗျားအနေနဲ့ ကိုယ့်နိုင်ငံကို တကယ် ကြီးကျယ်တဲ့နိုင်ငံ ဖြစ်လာစေချင်ရင် ပြည်သူ့ အကျိုးစီးပွါးနဲ့ ဆန့်ကျင်တဲ့ ခေါင်းဆောင်ကို ခေါင်းဖြတ် ပစ်ရမယ်လို့ ပြောတာပဲ။ လူထုနဲ့ ခေါင်းဆောင်ကြား တကယ် နားလည် ယုံကြည်မှု ရှိလာခဲ့လို့ ဒီနိုင်ငံ ခုလိုကြီးပွါး တိုးတက်သွားတာလို့လဲ ပြောချင်တာ။
ဒါဟာတကယ်တော့ သူတို့ တဖြေးဖြေး တံခါးဖွင့်ပေး လာတာရဲ့ သင်ခန်းစာပဲ။ ပဋိပက္ခ မရှိဘဲနဲ့ ဘယ်လို “ငြိမ်းချမ်စွာ တိုးတက်ရေး” ကို ဘယ်လို လုပ်နိုင်တယ် ဆိုတဲ့ အတွေးဘဲ။ သူတို့ ဒီစီမံကိန်း၊ ဒီ သဘောတရား၊ ဒီ အယူအဆတွေကို ပြင်ဆင်ရေးဆွဲ အကောင်အထည် ဖေါ်ခဲ့တယ်။ ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာပြီး လုပ်ပါ့မယ် ဆိုတာကို အမေရိကန်နဲ့ တကမ္ဘာလုံးက စိတ်ချလက်ချ ရှိအောင် ပြောပြခဲ့တာပဲ။
မေး။ လေကောင်းလေသန့်နဲ့ တခြား အရာတွေကို လိုချင် တောင့်တနေတဲ့ လူလတ်တန်းစားတွေကို နေရာပေး လိုက်လျောဘို့ သူတို့ ဒီလုပ်ငန်းကို တကယ် မြန်မြန်ဆန်ဆန် လုပ်နို်င်လိမ့်မယ် လို့ကော ခင်ဗျားထင်သလား။
ဖြေ။ သူတို့ ဘာလုပ်မယ် ဆိုတာတော့ ကျနော် မပြောတတ်ပါဘူး။ ကျနော် တရုတ်ပြည်ကို တနှစ်တခါ သွားပါတယ်။ တပတ် နေပါတယ်။ အစီရင်ခံစာတွေ ဖတ်ရပါတယ်။ ဒါပေမဲ့ ကျနော်က တရုတ်ပြည်ကို စောင့်ကြည့်လေ့လာ အကဲခတ်နေတဲ့သူ မဟုတ်ဘူးဗျ။ ကျနော့်မှာ တခြား စောင့်ကြည့် လေ့လာစရာတွေ အများကြီး ရှိတယ်။ ကျနော်က စင်္ကာပူ နိုင်ငံကို စောင့်ကြည့် လေ့လာနေတဲ့ သူပါ။ သူတို့ လက်တွေ့ကျကျ တလှမ်းချင်း သွားလိမ့်မယ်လို့ ကျနော်တော့ ခန့်မှန်းမိတာပဲ။ ဒီအချိန် သူတို့ မှန်မှန်ကန်ကန် လုပ်ဘို့ ကြိုးစားနေတာက နောက်အမြဲတမ်း ကော်မတီ အသစ်က ဆက်ခံဘို့ ကိစ္စပဲ။ (ဥက္ကဌ) က သူ့အလုပ်အဖွဲ့ အသစ် ရွေးလိမ့်မယ်။ နောက်ထပ် ၅ နှစ်ကတော့ သူချမှတ်တဲ့ ပေါ်လစီတွေဘဲ ဖြစ်မှာပေါ့။
ကျနော်ထင်တာ နောက်ချမဲ့ ပေါ်လစီကလည်း ဖွံ့ဖြိုး တိုးတက်ဘို့ပဲ ဖြစ်မှာပါ။ တိုင်းပြည်တွင်းမှာ ပိုမို ညီမျှမှု ရအောင်နဲ့ တိုင်းပြည်ကို တစုတစည်းတည်း ထိန်းသိမ်းထားဘို့ လုပ်မယ် ထင်တာပါဘဲ။ နိုင်ငံရပ်ခြားမှာလည်း ပြဿနာတွေ မရှိစေချင်ဘူး၊ တိုင်ဝမ်ကလဲ ရူးရူးမိုက်မိုက် မလုပ်ဘို့ စိတ်ချအောင် လုပ်ထားချင်တယ်၊ ဒါမှမဟုတ်ရင် ပြည်မကြီးကလည်း တခုခု ပြန်တုံ့ပြန် နေရဦးမယ်။ ပြီးရင် အိုလံပစ် ပွဲတော်ကြီးကိုလည်း အောင်မြင်အောင် လုပ်ရမယ်၊ ဒါပြီးရင်တော့ ခေတ်သစ်ထဲ ဝင်လာပြီ၊ တခါလှမ်းရင် တလှမ်းပဲ ဖြေးဖြေးချင်းသွားမှာပဲ။
ပထမ ပြဿနာက အိုလံပစ်ပွဲအတွက် ကြည်လင်သာယာတဲ့ ကောင်းကင်ပြာကြီး ရှိနေဘို့ပဲ။ သူတို့ လုပ်တဲ့နည်းက ၁၉၉၉ တုံးက လုပ်ခဲ့တဲ့နည်း ဖြစ်မှာ။ တရုတ် သမတနိုင်ငံ ထူထောင်တဲ့ နှစ် ၅ဝ ပြည့် အခမ်းအနား ကျနော် သွားတက်တုံးက ကောင်းကင်ပြာကြီး ကျနော် တွေ့ခဲ့ရတယ်ဗျ။ ကျနော် ကျနော်တို့ သံအမတ်ကို မေးကြည့်တယ်၊ သူက ပြန်ပြောပြတာက လွန်ခဲ့တဲ့ ၂ ပတ်လုံးလုံး စက်ရုံတွေ အကုန် ရပ်ထားခဲ့တာတဲ့။ ခုလဲ ဒီလိုမျိုး လုပ်လိမ့်မယ် ထင်တယ်၊ ကားတွေ ကိုလဲ တဝက်လောက် လျှော့ချလိမ့်မယ်။ စုံဂဏန်း၊ မဂဏန်း တလှည့်စီ ထွက်ခိုင်းတာမျိုးပေါ့။ တကယ် လေထု သန့်သန့်ရှင်းရှင်း ဖြစ်သွားအောင် ကျကျနန ဖြစ်သွားအောင် လုပ်ဘို့ ဆိုရင်တော့ နှစ်ပေါင်းများစွာ ကြာဦးမှာဗျ။ ကျောက်မီးသွေး မိုင်းတွင်းတွေကိုလည်း ပြုပြင် ပြောင်းလဲ ပစ်ရဦးမယ်။ အများကြီးဗျ။ ငွေတွေလည်း အများကြီး ကုန်မယ်၊ အချိန်လည်း အများကြီး ကြာဦးမယ်။
ဒီကိစ္စအတွက် သူတို့ ကျနော်တို့ စင်္ကာပူနဲ့ ဆက်သွယ် ဆောင်ရွက်နေတယ်။ အီကိုစီးတီး EcoCity ဆိုတဲ့ စီမံကိန်းတခု ကျနော်တို့နဲ့ လုပ်မလို့။ အခုနေရာ ရွေးနေတယ်။ သူတို့ကတော့ နေရာတွေ အများကြီး ပေးတယ်၊ ကျနော်တို့က ရေရှည် ဖွံ့ဖြိုး တိုးတက်မှုကို ပေးနိုင်မဲ့ နေရာကိုပဲ ရွေးတယ်။ ကျနော်တို့ စင်္ကာပူမှာ လုပ်ခဲ့သလို လုပ်မှာပါပဲ။ ရေကို ပြန်သန့်စင် သုံးတာလုပ်မယ်၊ လေထုကို သန့်စင်အောင် လုပ်မယ်၊ ဒါတွေဒါတွေ လုပ်ရင် အများကြီး ကုန်မယ်၊ လူမှုရေး စည်းကမ်းလဲ ပိုရှိဘို့ လိုတယ်၊ အင်ဂျင်နီယာ လုပ်ငန်းတွေ အများကြီး လိုမယ်၊ ရေမိလ္လာ စနစ်တွေ ကောင်းအောင် လုပ်ရမယ်၊ ရေပြန်သန့်စင်တာ လုပ်ရမယ်။ အများကြီး အများကြီး လုပ်ရမယ်။ ဒါက ဖြေးဖြေးလေး သွားရမဲ့ ဖြစ်စဉ်၊ သူတို့က ကျနော်တို့ ဘယ်လို လုပ်ခဲ့တယ် ဆိုတာကို လေ့လာချင်တာ။ ဒါက အရေးကြီးတာပါ။
မေး။ ကျနော်တို့အခု အမေရိကန် ဆိုတဲ့ စူပါပါဝါ အကြောင်းကို သွားလို့ ရပြီလား ခင်ဗျာ။ ခင်ဗျားက အမေရိကန် သတင်းစာ ဆရာတွေလို မဟုတ်ဘူး။ သူတို့ကတော့ ခင်ဗျားကို ဘာလုပ်ပါ ဆိုတာပြောဘို့ အမြဲ ကြိုးစားကြတယ်၊ ခင်ဗျားကတော့ ခင်ဗျား အကြံဥာဏ်ကို ပေးဘို့ ဝန်လေးတယ်။ အမေရိကန်နဲ့ နှစ်ပေါင်းများစွာ မိတ်ဆွေဖြစ်ခဲ့တဲ့ အမေရိကန်ကို ဆယ်စုနှစ်ပေါင်းများစွာ ကြည့်မြင်ပြီးတဲ့သူ တယောက်အနေနဲ့ အမေရိကန်နဲ့ ပတ်သက်ပြီး ခင်ဗျား စိုးရိမ် ပူပန်နေမိတာ ၂ ခု ၃ ခု လောက် ပြောပြပါလားဗျာ။
ဖြေ။ ကျနော်ထင်တယ်၊ နောက် ၁ဝ နှစ်အတွင်း အရှေ့အလယ်ပိုင်း ပြဿနာတွေကနေ ခင်ဗျားတို့ ကိုယ့်ကိုယ်ကိုယ် ကယ်ထုတ်ဘို့ လုပ်ရလိမ့်မယ်။ ဒီဒေသမှာ တည်ငြိမ်အောင် လုပ်ဘို့ နောက်ထပ် ၅ နှစ်လောက် ကြာမယ်၊ ပြီးတော့မှ တဖြေးဖြေးနဲ့ ကမ္ဘာကြီးရဲ့ တခြား ပြဿနာကြီးတွေကို စဉ်းစားဘို့ အချိန်နဲ့ စွမ်းအင် ရလာလိမ့်မယ်။ ဒီပြဿနာက ခင်ဗျားတို့ရဲ့ အရင်းအမြစ် တော်တော်များများကို စုပ်ယူ ပစ်လိုက်တာပဲ။ ဒီပြဿနာကို ဖြေရှင်းဘို့ ဆိုရင် အစ္စရေး ၂ နိုင်ငံ ပြဿနာကို အရင် ကိုင်တွယ်ရမယ်။ ဘာလို့လဲဆို ဒီပြဿနာ ပိုကြီးလာတာနဲ့အမျှ မူဆလင်တွေထဲက ခင်ဗျားရန်သူတွေကို ပိုဆွပေးသလို ဖြစ်လိမ့်မယ်။ ခင်ဗျားကို အလဲထိုးဘို့ ရူးရူးမိုက်မိုက် စွန့်စားခန်းတွေလုပ်ဘို့ လူသစ်တွေ ခင်ဗျားက စုပေးသလို ဖြစ်လိမ့်မယ်။ ဒီလူသစ်တွေက သူတို့ကိုယ် သူတို့လဲ ဖေါက်ခွဲမယ်၊ ကမ္ဘာကြီးကိုလဲ ဖေါက်ခွဲ ပစ်လိမ့်မယ်။ ခင်ဗျားတို့ ဘာတွေ ဘယ်လို လုပ်နေတယ် ဆိုတာတော့ ကျနော် မသိပါဘူး။
မေး။ ခင်ဗျား အမေရိကန်က အစ္စရေး လော်ဘီလုပ်ငန်း အကြောင်းကော လေ့လာ ခဲ့သေးသလားဗျ။ ဟားဗတ်နဲ့ ချီကာဂို တက္ကသိုလ်က ပါမောက္ခ ၂ ယောက်က အမေရိကန် နိုင်ငံခြားရေး မူဝါဒအပေါ် သူတို့ ဘယ်လောက်အထိ အလွန်အကျွံ သြဇာ ရှိနေတယ်လို့ ပြောကြတာတွေကို စာတန်း ရေးထားတာ။ ဒီစာတန်းက ပိုပိုမိုမို ပြောထားတယ်ဘဲ ဆိုဆို၊ ဘာသာ စကားအသုံးအနှုံးက မပြေပြစ်ဘူးဘဲ ပြောပြော တစိတ်တပိုင်းတော့ မှန်တာပါဘဲ။
ဖြေ။ ဒီပြဿနာကို ခင်ဗျားတို့ ဂျူးလော်ဘီ အဖွဲ့နဲ့ ရှင်းရမယ်။ ဒီပြဿနာ ပိုဆိုးလာတာနဲ့ အမျှ ခင်ဗျားတို့ကို အမုန်းပွါးအောင် လုပ်တဲ့ မူဆလင်တွေရဲ့ လှုပ်ရှားမှုမှာ ပိတ်မိနေမှာဘဲ။ ဒီပြဿနာကို ဖြေရှင်း လိုက်နိုင်ရင် အရာခပ်သိမ်း အားလုံး ပြေလည်သွားမယ် ချိုမြိန်သွားမယ်၊ အဆင်ပြေ ချောမွေ့သွားမယ်တော့ ကျနော် မဆိုလိုပါဘူး။ ဒါပေမဲ့ ဒီပြဿနာကို ဖြေရှင်းလိုက်နိုင်ရင် (နိုင်ငံတကာ) နိုင်ငံရေး စနစ်ထဲက ကင်ဆာအကြိတ်ကို ဖယ်ပြီးသား ဖြစ်သွားမှာပဲလို့တော့ ပြောချင်တယ်။ ဒါဆိုရင် တခြား ပြဿနာတွေကို ပိုကောင်းကောင်း ကိုင်တွယ်နိုင်မယ်။ ဒီ (အရှေ့ အလယ်ပိုင်း မူဝါဒရေးရာ) မှာခင်ဗျားတို့က အထီးကျန်၊ ဥရောပ နိုင်ငံတွေကလဲ ခင်ဗျားတို့ဘက်မှာ ရှိတာမဟုတ်ဘူး။ ဘယ်သူကမှ ကူမှာ မဟုတ်ဘူး၊ လူတိုင်းက ခင်ဗျားတို့ကို ပွင့်ပွင့်လင်းလင်း မဆန့်ကျင်ရဲလို့သာ။
မေး။ အမေရိကန် နိုင်ငံထဲမှာ ဖြစ်ပျက်နေတာရောဗျ။ ခင်ဗျားကို စိုးရိမ်ပူပန်မှု ဖြစ်စေတဲ့ အရာတခုခုများ ရှိသလား၊ ဥပမာ ပညာရေး ဆိုပါတော့။
ဖြေ။ နောက် ၁ဝ နှစ်၊ ၁၅ နှစ်၊ နှစ် ၂ဝ တော့ ခင်ဗျားတို့ လက်ရှိ ရှိနေတာနဲ့ အဆင်ပြေ နေဦးမှာပါ၊ တီထွင်မှုရှိတဲ့ စီးပွါးရေး၊ အတတ်ပညာအရ သာလွန် ထိပ်တန်းရောက်တဲ့ စီးပွါးရေး လုပ်ငန်းကြီးတွေ ရှိနေဦးမှာပါ။ အရပ်ဘက်ကော စစ်ဘက်ကော နယ်ပယ် ၂ ခုစလုံးမှာပေါ့။ ခင်ဗျားတို့မှာ ဒါတွေက ရှိပြီးသားတွေလေ။
နောက် နှစ်ပေါင်း ၃ဝ၊ ၄ဝ၊ ၅ဝ လောက်ကြာရင်တော့ ခင်ဗျားတို့ ဒါတွေကို တဖြေးဖြေး ဆုံးရှုံး သွားတော့မယ်။ ပါရမီ့ရှင်တွေကို ဆွဲဆောင် မထားနိုင်ရင်ပေါ့။ ဒါက နောက်ဆုံး ယှဉ်ပြိုင်ပွဲ ဖြစ်မှာ။ ဘာလို့လဲဆို ခင်ဗျားတို့ လုပ်ခဲ့တာတွေကို တရုတ်နဲ့ အခြား နိုင်ငံတွေက အတုယူ လုပ်နေကြတာ၊ သူတို့ အခြေအနေနဲ့ ကိုက်အောင် လုပ်နေကြတာ၊ ဒီလိုပဲ ပါရမီ့ရှင်တွေကို လိုက်ရှာပြီး သူတို့ကိုယ်ပိုင် တီထွင်မှုရှိတဲ့ စီးပွါးရေး လုပ်ငန်းကြီးတွေကို တည်ဆောက်နေကြတာ။ နောက်ဆုံး ပြောချင်တာက ဒီနေ့ခေတ်က စစ်ရေးအရ ပြိုင်ဆိုင်တဲ့ခေတ် မဟုတ်တော့ဘူး၊ နိုင်ငံကြီးတွေကြားမှာ မပြိုင်တော့ဘူး၊ ဘာလို့လဲဆို အပြန်အလှန် ဖျက်ဆီးနိုင်စွမ်း ရှိနေပြီ ဖြစ်လို့ဘဲ၊ ဒါပေမဲ့ နိုင်ငံကြီးတွေကြားမှာ စီးပွါးရေးနဲ့ နည်းပညာ ပြိုင်ဆိုင်မှုကတော့ ရှိနေမှာပဲ။
ဒီနယ်ပယ်ဟာ သက္ကရာဇ် ၂ဝ၄ဝ၊ ၂ဝ၅ဝ လောက်မှာ အဓိက ပြိုင်ဆိုင်ရာ နယ်ပယ် ဖြစ်လာမှာပဲ။ ဒီပြိုင်ကွင်းထဲမှာ အမေရိကန်ရယ်၊ တရုတ်ရယ်ကတော့ သေချာတယ် ရှိနေမယ်။ ဂျပန်ကလဲ အမေရိကန်ကို အမီလိုက်ဘို့ ကြိုးပန်းရင်း တရုတ်နဲ့ မတူတဲ့ သီးခြား အနေအထား တရပ်ကို ထိန်သိမ်းထားနိုင်အောင် ကြိုးပန်းလိမ့်မယ်။ အမေရိကန်နဲ့ ပိုနီးစပ်အောင် လုပ်ပြီး အထူး အနေအထား တရပ်ကို ထိန်းသိမ်းထားနို်င်ဘို့ မျှော်လင့်နေလိမ့်မယ်။ အိန္ဒိယကတော့ တရုတ်ရဲ့ နောက်နေရာတခုမှာ ချန်ပြီး လိုက်နေလိမ့်မယ်၊ အမီလိုက်ဘို့လဲ ကြိုးစားနေလိမ့်မယ်။ ဘရာဇီးလ် အကြောင်းကတော့ ကျနော်မသိဘူးဗျ။
မေး။ ဘရာဇီးလ်နဲ့ ပတ်သက်လို့ ချားလ်စ်ဒီဂေါလ် က မှတ်ချက်ပေးတာ သိပ်ကောင်းတယ်။ သူ့အကြံပေးတွေကသူ့ကို လက်တင် အမေရိက နိုင်ငံကို၊ ဘရာဇီးလ်ကို သွားဘို့ ကောင်းကြောင်းပြောတယ်၊ သူက ဘာလို့သွားရမှာလဲလို့ ပြန်မေးတယ်။ သူတို့က ဘရာဇီးလ်မှာ အလားအလာတွေ အများကြီး ရှိပါတယ် ခင်ဗျလို့ ဖြေတယ်။ ဒီဂေါလ်က ပြန်ပြောတယ်။ “ဟာ ဟုတ်တာပေါ့၊ ဘရာဇီးလ် မှာ အလားအလာတွေ အများကြီး ရှိတယ်၊ အမြဲတမ်းလဲ ရှိနေမှာပါ” တဲ့။
ဖြေ။ ကျနော့်ငွေတွေ တရုတ်ပြည်မှာ၊ အိန္ဒိယ နဲ့ အနောက် ဥရောပမှာ ထားတယ်။ တကယ်လို့ အနောက် ဥရောပသာ သူတို့ရဲ့ လူမှုဖူလုံရေး သက်သာချောင်ချိရေး ချဉ်းကပ်ပုံတွေကို ကျော်လွှားနိုင်မယ် ဆိုရင်၊ သူတို့ အလုပ်သမား သမဂ္ဂတွေကို ခေတ်မီအောင် လုပ်နိုင်မယ်ဆိုရင် နည်းပညာ အခြေခံကလဲ ရှိပြီးသားဆိုတော့ ပါရမီ့ရှင်တွေလဲ တိုးပွါးလာဦးမှာပဲ။ စစ်ရေး အင်အားကြီး နိုင်ငံတွေတော့ ဖြစ်လာမှာ မဟုတ်ဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်ထင်တာ သူတို့မှာ အဲဒီလိုလည်း ဆန္ဒမရှိဘူး ထင်တယ်။ စီးပွါးရေး အင်အားကြီး နိုင်ငံတော့ သူတို့ ဖြစ်လာနိုင်ပါတယ်။ ကျနော်ထင်တယ် တကမ္ဘာလုံးက သူတို့ ငွေကြေးနောက်ကို လိုက်နေရမှာပဲ။ သူတို့ လုပ်နိုင်ပါ့မလား၊ ဒါတော့ မသိဘူး။ သမိုင်းဆိုတာ နက်ရှိုင်းလွန်းတယ်။ ခင်ဗျား ဘယ်တော့မှ မသိနိုင်ဘူး။ သမိုင်းမှာ သူတို့ ကျန်ခဲ့ပြီ ဆိုတဲ့ ဖိအား ရှိလာရင် ဒါကို ဖြစ်အောင်လုပ်ဘို့ သူတို့ ဆုံးဖြတ်လာနိုင်တာပဲ။ ကျနော်ဆိုလိုတာ ပြင်သစ်။ အခု (ပြင်သစ်သမတ) ဆာကောဇီးကို ကြည့်ပါ။ သူလုပ်တာ အောင်မြင်ချင်မှ အောင်မြင်မယ်၊ ဒါပေမဲ့ သူကတော့သူ ကိုယ်တိုင်တော့ သဘောပေါက်ပြီ၊ အခုပြင်သစ် အထက်တန်းလွှာ ရေပေါ်ဆီ အုပ်စုတခုကို သူလို သဘောပေါက်လာအောင် လုပ်နေတယ်။ ပြင်သစ်က အလွန်ကြီးတဲ့ နိုင်ငံစုံ ကော်ပိုရေးရှင်း ကြီးတွေရဲ့ အမှုဆောင် အရာရှိချုပ် CEO တွေကတော့ သဘောပေါက်ပြီးသားပါ။ သူတို့ ဒါကို သိပါတယ်။ မသိသေးတာက ဥာဏ်ကြီးရှင် အဖွဲ့ think-tanks တွေ၊ မီဒီယာတွေ၊ ပညာရှင်တွေပဲ။ သူတို့က သူတို့စနစ်ကို သူများထက် သာတယ်လို့ ခုထိထင်တုံးပဲ။ သူတို့က အဲဒီ (လူမှုဖူလုံရေး၊ သက်သာ ချောင်ချိရေး ချဉ်းကပ်မှု)ကို စွန့်လွှတ်လိုက်ရမှာ မုန်းနေတုံး၊ ဒါပေမဲ့ ခင်ဗျား သိပါတယ်၊ သူတို့ လုပ်လာနိုင်ပါတယ်၊ ဘာလို့လဲဆို တခြားနိုင်ငံတွေကို အမီလိုက်ဘို့ ဆိုတာ ဒီနည်းပဲ ရှိတာကိုး။
ရုရှားလဲ သူတို့ရဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့ လုပ်ငန်းကို အခုထက် ပိုပြီးတော့ ကြံရည်ဖန်ရည်ရှိတဲ့ စွန့်စွန့်စားစားရှိတဲ့ စီးပွါးရေး လုပ်ငန်းအဖြစ် အသွင်ပြောင်းလဲ လိုက်နိုင်ရင် သူလဲ ပြိုင်ဘက် နိုင်ငံတနိုင်ငံ ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ခြစားနေတဲ့ စနစ်ကြီးထဲက ရုန်းထွက်နိုင်ပါ့မလား၊ သယံဇာတတွေကို အမှားမှား အယွင်းယွင်း စီမံခန့်ခွဲ နေတာကနေ လွတ်ထွက်နိုင် ပါ့မလားတော့ မသိဘူး၊ ဒါပေမဲ့ သူတို့မှာလဲ အရည်အချင်းရှိတဲ့ ပါရမီ့ရှင်တွေ ရှိတာပါပဲ။
ဒါပေမဲ့ အမေရိကန်တွေ အတွက် ရေရှည် မျှော်မှန်းကြည့်မယ် ဆိုရင်တော့ နောင်အနှစ် ၁ဝဝ၊ ၁၅ဝ လောက်၊ ဆိုကြပါစို့၊ ၂၂ ရာစုအတွက်၊ သက္ကရာဇ် ၂၁၅ဝ မှာ ကျနော်တို့ ထိပ်တန်းမှာ ရပ်တည် နေနိုင်ပါဦးမလားလို့ ခင်ဗျား ကျနော့်ကို မေးခဲ့မယ်ဆိုရင် အဲဒီအချိန်မှာ ရှိနေမဲ့ ခင်ဗျားတို့ လူ့အဖွဲ့အစည်းပေါ်မှာ တည်နေတာပဲ။ ဘာလို့လဲဆိုတော့ လက်ရှိ လမ်းကြောင်းအတိုင်းသာ ဆက်သွားနေမယ် ဆိုရင် အဲဒီအချိန် ခင်ဗျားတို့ လူ့အဖွဲ့အစည်းမှာ စပိန်စကားပြော လက်တင်အမေရိကန်နွယ် ဟစ်စပင်းနစ်တွေက ၃ဝ-၄ဝ % လောက်ရှိနေမယ်။ ဒီတော့ ပေါ်လာတဲ့မေးခွန်းက ခင်ဗျားတို့က ဒီဟစ်စ ပင်းနစ်တွေကို အင်္ဂလိုဆက်ဆွန် ယဉ်ကျေးမှုထဲ ရောက်အောင် သွတ်သွင်းနိုင်မလား၊ ဒါမှမဟုတ် သူတို့က ခင်ဗျားတို့ကို လက်တင် အမေရိက ယဉ်ကျေးမှုထဲ ပိုပြီး သွတ်သွင်းနိုငမလား၊ ဒါကိုကြည့်ရမှာပဲ။
မေး။ ဒါတကယ့်ကို တိကျတဲ့ မှန်တဲ့ မေးခွန်းပါပဲ။
ဖြေ။ ကျနော် ဆိုလိုတာ သူတို့ကလည်း တသုတ်ပြီးတသုတ်ပဲ နဲနဲချင်း ဝင်လာမယ်၊ နေတော့လည်း အမေရိကန်အနှံ့ ခွဲဖြန့်ပြီး နေမယ်ဆိုရင် ခင်ဗျားတို့က သူတို့ ယဉ်ကျေးမှုကို ပြောင်းပစ်လို့ ရမှာပဲ။ ဒါပေမဲ့ မိုင်ယာမီမှာလိုပေါ့ သူတို့က အများကြီးလည်း ဝင်လာမယ်၊ ၊ ကာလီဖိုးနီးယားမှာလိုပေါ့ တစုတဝေးကြီးလည်း စုနေကြမယ်ဆိုရင် သူတို့ ယဉ်ကျေးမှုက ဆက်ရှင်သန်နေဦးမှာဘဲ။ သူတို့ ပတ်ဝန်းကျင်က အင်္ဂလိုဆက်ဆွန် ယဉ်ကျေးမှုကို ကောင်းကောင်းကြီး အကျိုးသက်ရောက်မှု ဖြစ်စေမှာပဲ။ ဒါတကယ့် စမ်းသပ်မှု တခုပဲ။
ဒါပေမဲ့ တရုတ်ကျတော့ တမျိုး၊ သူတို့က တရုတ်ဟန်လူမျိုးက အရေအတွက်အားဖြင့် သိပ်များတယ် ဒါတော့ သေချာတယ်။ သူတို့ကအပြင်က ဘယ်လောက် ဝင်လာလာ လက်ခံနိုင်တယ်၊ ဝင်လာတဲ့ လူတွေပဲ ရောသွားမှာ လွှမ်းမိုး ခံလိုက်ရမှာ။ ဒီတော့ ရေရှည်အနေနဲ့ ကြည့်ရင် ကျနော်ထင်တယ်၊ တရုတ်ကလဲ ဒါကို သဘောပေါက်ပြီးသား။ ဒီတော့ သူတို့ “ငြိမ်းချမ်းစွာ တိုးတက်ရေး” ပဲ လုပ်မယ်ဆိုရင်၊ စီးပွါးရေးနဲ့ နည်းပညာမှာသာ ပထမ နေရာကိုရဘို့ ဝင်ယှဉ်ပြိုင်မယ်ဆိုရင်၊ သူတို့ မရှုံးနိုင်ဘူး။ နံပါတ် ၁ မဖြစ်ရင်တောင် နံပါတ် ၂ တော့ ဖြစ်မှာဘဲ။ နံပါတ် ၂ မဖြစ်ရင် နံပါတ် ၃ ပေါ့။ ဒါကို သူတို့ သဘောပေါက်ပြီးသား။
မေး။ စင်္ကာပူဟာ အင်တာနက် အဆက်အသွယ် အကောင်းဆုံး နိုင်ငံတွေထဲက နိုင်ငံ တနိုင်ငံပါ။ ရှေ့ကို အတော် ရောက်နေပါပြီ။ အချိန် ကြာလာတာနဲ့ အမျှ ဒီလိုအရာက စင်္ကာပူကို ဘယ်လို ပြောင်းလဲသွား စေနိုင်လိမ့်မယ်လို့ ခင်ဗျားထင်မြင် ယူဆပါသလဲ။ အဆင့်မြင့် ပညာတတ်တွေ ပေါတဲ့နိုင်ငံ၊ ဘယ်သူမဆို သူတို့ လိုချင်တာကို ဗွီဒီယိုဘဲ ဖြစ်ဖြစ်၊ ဘလော့ဘဲဖြစ်ဖြစ် ဝက်ဘ်ဆိုက်ပေါ်က အလွယ်တကူ ရနေတယ်ဆိုရင် ဗဟိုက ချုပ်ကိုင်ထားတဲ့ မီဒီယာဆိုတာ တစထက်တစ လွှမ်းမိုးမှု နည်းမလာနို်င်ဘူးလား။ ခင်ဗျား ဘယ်လို ထင်မြင် ယူဆပါသလဲ။
ဖြေ။ မှန်ပါတယ်၊ အခုလဲ ဖြစ်နေပါပြီ။ ပုံနှိပ်မီဒီယာရဲ့ ဖွံ့ဖြိုး တိုးတက်တဲ့နှုံးက ဒီနှုံးအတိုင်းမ ဟုတ်ဘူးလေ၊ သူတို့က တန့်နေတာ၊ အမေရိကန်နဲ့ ဗြိတိန်လိုတော့ မြန်မြန်ကြီး ကျဆင်းနေတာ မဟုတ်ဘူး၊ ဒါအခုဒီမှာ ဖြစ်နေတာပဲလေ။
လူငယ်တွေကတော့ သူတို့ ဖတ်ချင်တာကို အင်တာနက်ပေါ်မှာ ဖတ်ကြတယ်။ ကျနော်ဆိုချင်တာ ကျနော်က မျိုးဆက်ဟောင်းထဲ ပါပါတယ်။ ဟုတ်ကဲ့၊ ကျနော် တချို့ဟာတွေ အင်တာနက်ပေါ်မှာ ဖတ်ပါတယ်။ ဒါပေမဲ့ တနေ့တာ ကုန်ဆုံးသွားရင် ကျနော် ဆိုချင်တာက ကောင်းပြီ၊ ဘယ်ဟာက ခွဲခြမ်းစိတ်ဖြာမှု ကောင်းကောင်း ပိုပေးနိုင်သလဲ။ ကြည့်ရအောင်။ ကျနော်ကတော့ အယ်ဒီတာ့ အာဘော်တွေ ဖတ်တယ်၊ ပင်တိုင် ဆောင်းပါးရှင်တွေရဲ့ အမြင်တွေ အာဘော်တွေ ပါတဲ့ စာမျက်နှာကို ဖတ်တယ်။ လူငယ်တွေ ကျနော်တို့လို အခုလို ဆက်လုပ်သေးသလား ဖတ်သေးသလား ကျနော် မသေချာဘူး။ ဒါပေမဲ့ ပုံနှိပ်မီဒီယာ ဒီပြိုင်ပွဲကြီးထဲမှာ ဆက်ရှင်သန်နေတာ သတင်းကို ဘယ်သူ အရင်ရသလဲ တင်ဆက်နိုင်သလဲ မဟုတ်ဘူး၊ ဘာလို့လဲ ဆိုတော့ ဒါက ဖြစ်မှ မဖြစ်နိုင်ဘဲ၊ ဒါပေမဲ့ သူတို့က နောက်ခံ အကြောင်းအရာတွေ တင်ဆက်နိုင်တာ၊ ခွဲခြမ်း စိတ်ဖြာ သုံးသပ်ပြနိုင်တာမှာ ပထမ ဖြစ်အောင် ပြိုင်တာ။
ခင်ဗျားကို ယုံကြည် ကိုးစားနိုင်စွမ်း ရှိရမယ်။ ဘာလို့လဲဆို အင်တာနက်ပေါ်မှာ လိုသမျှ အများကြီး ရနေတာကိုး။ ဘယ်သူ့ကို ယုံကြည်ရမှာလဲ။ နောက်ဆုံး ခင်ဗျား ပြောရမယ်လေ၊ ဒါဘယ်သူ ပြောတယ် ဆိုတာ။ ခင်ဗျား မသိနိုင်ဘူးလေ။ ဒါပေမဲ့ ခင်ဗျားက ဒါ နယူးရောက်တိုမ်းက ပြောတာ၊ ဒါ ဝါရှင်တန်ပို့စ် သတင်းစာကြီးက ပြောတာ ဒါမှမဟုတ် အယ်လ် အေတိုင်းမ်စ် ကပြောတာ စသဖြင့်ပေါ့။ ကောင်းပြီ ဒါကို ပြောတာပဲ၊ ဒါအဆင့်အတန်းပဲ။ စံဘဲ။
ကျနော် ဆိုလိုတာ ဒါနိုင်ငံတိုင်းမှာ ဖြစ်နေတာပဲ။ ကျနော် ထင်ပါတယ်၊ ဒါပေမဲ့ ကျနော်တို့ နိုင်ငံကတော့ တမျိုးဗျ။ ဘာလို့လဲဆို ကျနော်တို့ နိုင်ငံက ဘာသာ ၂ မျိုး ပြောတဲ့နိုင်ငံ။ ငယ်ရွယ်တဲ့ မျိုးဆက်အတွက် အင်္ဂလိပ် ဘာသာစကားက မိခင် ဘာသာစကား၊ အသက်အရွယ်ကြီးတဲ့ မျိုးဆက် အတွက်တော့ တရုတ်ဘာသာက သူတို့ရဲ့ မိခင် ဘာသာစကား။ ဒါပေမဲ့ အသက် ၃ဝ အောက်၊ ၃၅ နှစ် အောက်တွေကတော့ အင်္ဂလိပ်က သူတို့ မိခင်ဘာသာစကား ဖြစ်သွားပြီး တရုတ်တို့ မလေးတို့ ဆိုတာက ဘာဘဲဖြစ်ဖြစ် ဒုတိယ ဘာသာစကား ဖြစ်သွားပြီ။ ဒါပေမဲ့ တရုတ်ပြည် တက်လာတာနဲ့အမျှ ကျနော်တို့ဆီက လူတွေ တရုတ်ပြည်ကို တိုးပြီး သွားနေကြတာကို တွေ့နေရတယ်၊ ဒီလိုဘဲ တရုတ်ပြည်က လာတဲ့လူတွေလဲ ဒီမှာ လာစီးပွါးရေး လုပ်တာ ပိုများလာနေတာ တွေ့ရတယ်။ ဒီတော့ သူတို့အခု တရုတ်ဘလော့တွေကို စဖတ်နေပြီလေ၊ တရုတ် သတင်းတွေကို စဖတ်နေကြပြီ။ ဒါအခု ဖြစ်နေပြီ၊ တွေ့နေရပြီပဲ။ ဒီတော့ အခုပေါ်လာတဲ့ လမ်းကြောင်းက ပုံနှိပ် မီဒီယာကနေ မော်နီတာ မီဒီယာကို ကူးနေတာ။
မေး။ တရုတ်ကတော့ ခုထက်ထိ အင်တာနက်မှာ ပါတာတွေကို ထိန်းချုပ်ဘို့ သူတို့အကြံကို လက်မလျှော့သေးဘူး။ ဒါပေမဲ့ နောက်ဆုံးတခါ ခင်ဗျားနဲ့ တွေ့တုံးကနဲ့ ခင်ဗျားရဲ့ အတော်ဆုံး လူတချို့နဲ့ တွေ့တုံးက ကျနော့်အမြင်ကို ပြောမိခဲ့သေးတယ်။ ဒီကိစ္စဟာ ရှောင်လွှဲလို့ မရနိုင်ဘူး၊ အသစ်အသစ် ထွက်လာတဲ့ နည်းပညာက ခင်ဗျားရဲ့ ထိန်းချုပ်ဘို့ ကြိုးပန်းမှုတွေကို ကျော်လွှားသွားမှာချည်းပဲ။ ဒါမှန်ပါသလား ခင်ဗျာ။
ဖြေ။ မှန်ပါတယ်၊ ထိန်းချုပ်ဘို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ကြည့်လေ၊ ခင်ဗျားမှာ ဗွီဒီယိုလဲ ဖွင့်ကြည့်လို့ရတဲ့ ဒစ်ဂျစ်တယ် ကိုယ်ရေး အထောက်အကူပြု ပစ္စည်း PDA ရှိနေနိုင်တာဘဲ။ ခင်ဗျားက ခင်ဗျား ဆာဗာကို ပိတ်ဆို့ထားလို့ ရပါတယ်။ ဒါပေမဲ့ ခင်ဗျားမှာ တတိယမျိုးဆက် မိုဘိုင်းဖုံး 3G ရှိရင် ခင်ဗျား တခြားဆာဗာကို သုံးလို့ ရတာပဲ။ ဒီနည်းနဲ့ ကျော်လွှား သွားနိုင်တာဘဲ။
ဒါက ဖြစ်တော့မှာ မဟုတ်ဘူးဗျ၊ အခု ဖြစ်နေပြီးပြီ၊ ဒီလို မဟုတ်ဘူးဆိုရင် ရန်ကုန်နဲ့ မန္တလေးမှာ ဖြစ်နေတဲ့ ဘုန်းကြီးတွေရဲ့ ဓါတ်ပုံတွေ ခင်ဗျား ဘယ်လိုရမလဲ၊ ဘယ်လို အပြင် ရောက်လာမလဲ။ ဒါတွေ အကုန်လုံး မိုဘိုင်းတွေပေါ်မှာ လုပ်နေတာဘဲ။ အခုတော့ တချို့နေရာတွေမှာ ပိတ်ထားပြီ၊ သတင်းတွေ မှောင်ချထားပြီ၊ မှန်ပါတယ်။ ဒါပေမဲ့ ခုနပြောတဲ့ သတင်းတွေက အပြင်ကို ထွက်လာနေတုံးဘဲ။ ဘာလို့လဲ ဆိုတော့ ခင်ဗျားမှာ ခုနပြောတဲ့ 3G ဖုံး ရှိတယ်လေ။ ရိုက်တာနဲ့ တခြား သတင်းဌာနတွေကလဲ သူ့သတင်းထောက်တွေနဲ့ ကော်လံစား သတင်းထောက်တွေကို ဒီဟာတွေ ပေးထားပြီး သုံးခိုင်းထားမှာ သေချာတယ်လေ။ ဒါနဲ့ ဓါတ်ပုံ ရိုက်နိုင်တယ်၊ ဒါကိုသုံးပြီး အပြင်ကိုလဲ သတင်းပို့လို့ ရတယ်လေ။ ဒီလိုမှ မဟုတ်ရင် သူတို့ ပိတ်ဆို့ထားတာကို ဘယ်လို ဖေါက်ထွက်မလဲ။ ဘာလို့လဲဆို အစိုးရက ဆက်သွယ်ရေး လုပ်ငန်းကြီး တခုလုံးကို ပိတ်ဆို့ ထားလိုက်ပြီလေ။ နေရာ တော်တော်များများမှာ အခုဒါတွေက အလုပ်မလုပ်တော့ဘူး၊ ခင်ဗျား မိုဘိုင်းဖုံးကို သုံးလို့ မရတော့ဘူး။ ဒါပေမဲ့ ဓါတ်ပုံတွေကတော့ ထွက်လာနေတုံးဘဲ။ ဒီမနက်တင် ကျနော်ဓါတ်ပုံ တချို့ တွေ့လိုက်သေးတယ်။ ကဲ ဘယ်လို လုပ်မလဲ?
မေး။ မှန်ပါတယ်။ ဒါဆိုရင် ဗဟိုက ချုပ်ကိုင်ထားတဲ့ မီဒီယာတွေရဲ့ အခန်းကဏ္ဍက သိပ်အရေးမပါတော့ဘူး ပေါ့နော်။ ဗဟိုက ချုပ်ကိုင်ထားတဲ့ မီဒီယာကို ထိန်းချုပ် ထားနိုင်သေးတယ် ဆိုရင်တောင် သူ့တန်ဘိုးက နည်းသထက် နည်းသွားပါပြီ။
ဖြေ။ အခု ကျနော်ပြောမဲ့ သတင်းကို ခင်ဗျား သိမလားတော့ မပြောတတ်ဘူး။ ဒါက အခုလဲ ဆက်ဖြစ်နေတဲ့ အရှုပ်တော်ပုံ အကြောင်းပါ။ (အရင် ဒုဝန်ကြီးချုပ်ဟောင်း) အန်ဝါ အီဘရာဟင်က ဗွီဒီယိုခွေ တခုကို အပြင်ကို ပေါက်ကြားပေးလိုက်တယ်ဗျ။ အဲဒါက ဗွီဒီယိုခွေ အဟောင်းပါ၊ ၁၉၈ဝ ခုနှစ်လောက်က ရိုက်ထားတဲ့ဟာ၊ အိန္ဒိယ ရှေ့နေတယောက်က ထိပ်တန်း တရားသူကြီး တယောက်ကို လာတွေ့ပြီး သူ့ကိုဘယ်လို “နံပါတ် ၁” နေရာကို ရောက်အောင် ရာထူးတိုးအောင် လုပ်ပေးနိုင်တဲ့ အကြောင်း လာပြောတာကို ရိုက်ထားတာ။ ကျနော်ထင်တယ် အဲဒါက ၈ မိနစ်စာလောက်ဘဲ ရှိတာပါ။ အန်ဝါက ခု အဲဒီဗွီဒီယိုခွေကို အင်တာနက်ပေါ်မှာရော YouTube မှာ ရောတင်ထားတာ။ ဒီတော့ အရင်ကတဲက သူတို့ တရားစီရင်ရေး စနစ်ကြီးတခုလုံး ဆုတ်ယုတ် ပျက်ပြားနေတာရယ်၊ ခြစားနေတာရယ်၊ အမှုဝယ်၊ တရားသူကြီးဝယ် ကိစ္စတွေနဲ့ စိတ်အပျက်ကြီး ပျက်နေရတဲ့ မလေးရှား ရှေ့နေ အသင်းကြီးကလည်း ဘုရင့် ကော်မရှင်တရပ် ဖွဲ့ပြီး ဒီကိစ္စကို စုံစမ်းစစ်ဆေးပေးဘို့ တောင်းဆို ထားရပြီ။
ဒီလို ဖိအားတွေကြောင့် ခုတော့ အစိုးရကလည်း တရားသူကြီးတွေနဲ့ ထင်ရှားတဲ့ လူပုဂ္ဂိုလ် တဦးပါတဲ့ ကော်မတီတရပ်ကို ခန့်အပ် တာဝန် ပေးထားရပြီ။ ဒီကော်မတီက ဒီဗွီဒီယို တိပ်ခွေရဲ့ စစ်မှန်မှုကို စစ်ဆေးမှာ။ ဒီလိုနည်းနဲ့ ကာလတခုတော့ အချိန်ဆွဲလို့ ရမှာပေါ့။ ဒါပေမဲ့ ဒီအတောအတွင်းဘဲ ရှေ့နေ ၂ဝဝဝ လောက်က ပါကစ္စတန် ရှေ့နေတွေ သူတို့ရှေ့မှာ လုပ်သွားသလိုဘဲ ဝန်ကြီးချုပ်ရုံးကို ချီတက်သွားကြပြီး ဒီကိစ္စကို စုံစမ်း စစ်ဆေးပေးဘို့ ပန်ကြားချက်တစောင် သွားပေးကြတယ်။ အင်တာနက်နဲ့ YouTube သာမရှိရင် ဒါတွေ ဘယ်ဖြစ်လာနိုင်ပါ့မလဲ။ ခင်ဗျားကြည့်လေ၊ ကျနော် ဆိုချင်တာ ဒါလေးတွေက တကယ့်ကို ရိုးရိုးစင်းစင်းလေးပါ။
မေး။ ပြောင်းလဲနေတဲ့ ကမ္ဘာကြီးပေါ့။
ဖြေ။ ဒါပေမဲ့ တချိန်ထဲမှာ ယုံကြည် ကိုးစားရမှုဆိုတဲ့ ပြဿနာလဲ ရှိတယ်ဗျ။ Malaysiakini ဆိုတဲ့ ဝက်ဘ်ဆိုက် ရှိတယ်။ အဓိပ္ပါယ်က “ယခုမလေး” တဲ့။ အဲဒီထဲမှာ တော်တော်ကောင်းတဲ့ ဆောင်းပါးတွေ ရှိတယ်။ တချို့က တယောက်ထဲ ပုံမှန် ရေးနေတာ။ ဒီတော့ ကျနော်တို့ကလဲ ရင်ဖတ်တယ်၊ ဖတ်ပြီး အိုကေ ကောင်းတယ်ဟေ့ ဖြန့်လိုက်ကွာလို့ ပြောလိုက်ရော။ ဒါပေမဲ့ အထဲမှာ အမှိုက်ကလဲ အများကြီးဗျ။ ဒါတွေကို စစ်ထုတ် ပစ်နေရတာ။ တော်တော် အချိန်ကုန်တဲ့ ကိစ္စပါဘဲ။
မေး။ ဟုတ်ကဲ့။ ခင်ဗျားခုနကလဲ လေးနက်တဲ့ သတင်းစာတွေနဲ့ လေးလေးနက်နက် ရေးသားနေတဲ့ မဂ္ဂဇင်းတွေရဲ့ ယုံကြည်ကိုးစား ခံရမှု အရင်ကထက် ပိုအရေးပါလာတာကို ထောက်ပြသွား သေးတယ်နော်။
ဖြေ။ ဒီအတိုင်းပဲ သွားရမှာပဲ။ ဒါတွေက ဘာနဲ့တူသလဲ ဆိုတော့ ကုမ္ပဏီကို ယုံကြည် ကိုးစားခံရမှု အဆင့်အတန်း သတ်မှတ်ပေးတဲ့ အေဂျင်စီတွေ အလုပ် လုပ်နေသလိုပေါ့၊ ခင်ဗျားသိတဲ့ အတိုင်းဘဲ သူတို့လုပ်လို့ ငွေကြေး အဖွဲ့အစည်း တော်တော်များများ ပြုတ်ထွက်ကုန်တာ။
မေး။ ဒါပရော်ဖက်ရှင်နယ် သတင်းစာဆရာတွေရဲ့ အနာဂါတ်လား။ ဒါမျိုး ရှိပါသေးလား။
ဖြေ။ မဟုတ်ဘူး။ ဒါမျိုး အမြဲရှိနေမှာပါ။ ဒါပေမဲ့ ခင်ဗျားက (နည်းပညာသစ်) ကိုမသုံးရင် ကျနော်တို့ဟာ လက်တဘက် နောက်ပြန် ချည်ထားခံရသလို ဖြစ်နေမှာပေါ့။ ကျနော်တို့ ပြိုင်ဘက်တွေကို ဒီလို အားသာချက်မျိုး ကျနော်တို့က ခွင့်ပြုနိုင်သလား။ ဒီကမ္ဘာကြီးက ပြိုင်ဆိုင်မှု သိပ်များတဲ့ ကမ္ဘာကြီးဗျ။ ဒါပေမဲ့ သတင်းတွေက ရေလျှံသလို ဝင်လာရင်လဲ ဝန်နဲ့အား မမျှတာမျိုး ဖြစ်တတ်တာပဲ။ ဒါကြောင့် ခင်ဗျားမှာ လူတယောက်က ခုနပြောသလို သတင်းတွေကို စစ်ထုတ်ပေးနေဘို့ ဇကာ တိုက်ပေးနေဘို့ လိုတယ်။
မေး။ ကျနော်တို့အခု ခင်ဗျား ခုနပြောခဲ့တဲ့ မြန်မာနိုင်ငံက ဗွီဒီယိုခွေတွေအကြောင်း၊ လက်ကိုင်ဖုံး၊ လက်ကိုင် ကင်မရာလေးတွေနဲ့ ရိုက်ပြီး အပြင်ကို ခိုးထုတ်လာခဲ့တဲ့ ဗွီဒီယိုခွေလေးတွေ အကြောင်း ပြန်သွားလို့ ရမလားဗျာ။ အခြေအနေက ၁၉၈၉ တီယန်အန်မင် အရေးအခင်း ကာလနဲ့ မတူတော့ဘူး။ ရုပ်မြင် ပစ္စည်းတွေကို ပိတ်ဆို့ထားလို့ ရတဲ့ခေတ် မဟုတ်တော့ဘူး။ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် ဘယ်သူ ခန့်မှန်း ပြောဆိုတာပဲ ဖြစ်ဖြစ် အကုန်တူတူပဲ ဆိုတာ ကျနော်သိလာပြီ။ ဒါပေမဲ့ တရုတ်က မြောက်ကိုရီးယားအတွက် လုပ်တဲ့ ၆ နိုင်ငံ ဆွေးနွေးပွဲမျိုး ကန့်လန့်ကာ နောက်ကွယ်က ကျွမ်းကျွမ်းကျင်ကျင် လိမ်လိမ်မာမာ တိုကိတွန်း ပြောဆိုပေးဘို့ တရုတ်ကို ပြောပေးနိုင်တဲ့ အလားအလာများ ရှိသလား ခင်ဗျာ။ ဒါမှ မြန်မာနိုင်ငံလဲ အလယ်ခေတ်က ထွက်ပြီး ရှေ့ကို တက်လှမ်းနိုင်မှာ။ ဖြစ်နိုင်ရင် တကယ့် ကမ္ဘာကြီးထဲကိုပေါ့။
ဖြေ။ တရုတ်မှာ အဲဒီလို သြဇာအာဏာမျိုး ရှိလိမ့်မယ်လို့ ကျနော်တော့ သိပ်မသေချာဘူးဗျ။ ပြီးတော့ ဗမာပြည်ဆိုတာ စီးပွါးရေးနဲ့ ပတ်သက်လာရင် သိပ်ထုံသိပ်အတဲ့ ဗိုလ်ချုပ်တွေ။
မေး။ ဟုတ်လားဗျ
ဖြေ။ ကြည့်လေ။ ဒီလောက် သဘာဝ သယံဇာတ ပေါများတဲ့ နိုင်ငံကို ဒီလို အခြေအနေမျိုး ရောက်သွားအောင် လုပ်လိုက်တဲ့ စီးပွါးရေး စီမံခန့်ခွဲမှု ညံ့ဖျင်းလိုက်ပုံများတော့။
မေး။ ဒါတွေဟာ သဘာဝရဲ့ လက်ဆောင်မွန်တွေပေါ့။
ဖြေ။ သိပ်ကို မိုက်တာ။ ကျနော်တော့ မသေချာဘူးဗျာ၊ တရုတ်ကလဲ ကြိုးစားခဲ့ပါတယ်။ တကယ်တော့ ကျနော်တို့လဲ သူ့ကို အထီးတည်း မနေဘို့ ကြိုးစားပန်းစား ပြောခဲ့တာပါပဲ။ ကျနော် ခင်ညွန့်လို့ခေါ်တဲ့ ဗိုလ်ချုပ်တယောက်က တဆင့် ကြိုးစားခဲ့ဖူးတယ်။ သူက သူတို့ထဲတော့ အထက်မြက်ဆုံးပဲဗျ။ ကျနော် သူ့ကို အကြံဥာဏ်တခု ပေးခဲ့တယ်၊ သူကလည်း အနည်းဆုံးတော့ သဘောကျတယ်။ ယူနီဖေါင်းချွတ်ပြီး ဆူဟာတို လုပ်သလို လုပ်ဘို့ဗျ၊ ဂိုလ်ကာလို ပါတီတခု ထောင်ဘို့ အဲဒါကို အရပ်သားပါတီ တခုဖြစ်အောင် လုပ်ဘို့ ပြောခဲ့တာ။ ဒါပေမဲ့ လုပ်နေတုံး တဝက် တန်းလန်းမှာဘဲ ဆူဟာတိုလည်း ပြုတ်ကျရော။ ဒီတော့ ကျနော်ပေးတဲ့ အကြံဥာဏ်လဲ ဟန်မကျ ဖြစ်သွားတာပေါ့ဗျာ၊ သူတို့လည်း နောက်ဆုတ်သွားရော။ ခင်ညွန့်လဲ အထုတ်ခံလိုက်ရရော။
မေး။ အချိန်ကာလက သိပ်ကို အရေးကြီးပါတယ်ဗျာ။
ဖြေ။ ဒီအတောအတွင်း ကျနော်ကလည်း ဒီက ဟိုတယ် လုပ်ငန်းရှင်တွေကို အဲဒီမှာသွား စီးပွါးရေးလုပ်ကြဘို့ ပြောပြီးနေပြီ။ သူတို့ကလဲ ဒေါ်လာ သန်းပေါင်းများစွာ အဲဒီမှာ မြှုပ်နှံပြီးနေကြပြီ။ ဟော်တယ်တွေကတော့ ဟောင်းလောင်းပဲဗျ။ ခင်ဗျားသိတဲ့ အတိုင်းဘဲလေ၊ အဲဒီမှာ ဦးဆောင်နေတာက စီးပွါးရေးကို ဘာမှမသိတဲ့ အလွန်တုံးတဲ့ သူတွေ။ ကမ္ဘာကြီးနဲ့ အဆက်ဖြတ်ပြီး အကန့်အသတ်မရှိ နေလို့ ရလိမ့်မယ်လို့ ဒီလူတွေ ဘာလို့များ ယုံကြည် နေကြသလဲ မသိပါဘူးဗျာ။ ကျနော်တော့ နားကို မလည်နိုင်တော့ဘူး။ ခင်ဗျားသိတဲ့ အတိုင်းပဲလေ၊ ဆေးလိုရင် ထိုင်းက မှောင်ခိုသွင်းတယ်၊ ဘာမှ အဓိပ္ပါယ် မရှိဘူး။
ကျနော်တို့ တွေ့မှာပါ၊ ဘယ်လိုပဲဖြစ်ဖြစ်၊ ဘာတွေပဲဖြစ်ဖြစ် သူတို့ အချိန် အကန့်အသတ်မရှိ ရှင်သန်နေလိမ့်မယ်လို့ ကျနော်တော့ မယုံဘူး။ ကြည့်လေ။ ရန်ကုန်မှာ ရှိတဲ့ အစိုးရရုံးတွေကို ပိတ်ပစ်တယ်။ ပျဉ်းမနားကို ရွှေ့တယ်။ ပျဉ်းမနား ခေါ်ခေါ် ဘာခေါ်ခေါ် အဲဒီမှာ ဘာမှမရှိဘူး။ သူတို့အတွက်တော့ အိမ်ကြီးရခိုင်တွေ ဆောက်တယ်၊ ဂေါက်ကွင်းတွေ ဆောက်တယ်။ အကြီးဆုံး ဗိုလ်ချုပ်က သူ့သမီးအတွက် ငွေသောက်သောက်လဲ ကုန်တဲ့ မင်္ဂလာပွဲကို လုပ်ပေးတယ်။ ပြီးတော့ အဲဒီ မင်္ဂလာဆောင် အခွေက YouTube မှာ ပေါ်လာရော။ သမီးကလဲဗျာ ဆင်ထားလိုက်တာ ခရစ်စမတ်သစ်ပင် ကျနေတာဘဲ။ ဒီလို အလွန်အကျွံတွေ လုပ်တော့ ငတ်ပြီး ဆင်းရဲမွဲတေနေတဲ့ လူထုကို ပုန်ကန်အောင် လုပ်လိုက်သလို ဖြစ်တော့တာပေါ့။ ဒါပေမဲ့ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာတော့ ကျနော်လဲ မသိဘူးဗျ။ ဘာလို့လဲဆို စစ်တပ်ကလဲ ဒီနိုင်ငံအတွက် အဖြေရဲ့ အစိတ်အပိုင်း တရပ် ဖြစ်နေတာကိုး။ စစ်တပ်ကိုသာ ဖျက်သိမ်းလိုက်ရင် တိုင်းပြည်ကို အုပ်ချုပ်ဘို့ ဘာမှကျန်မှာ မဟုတ်ဘူး။ သူတို့က အုပ်ချုပ်ရေး ယန္တရား တခုလုံးကို ဖျက်ဆီးထားပြီးပြီဗျ။
မေး။ အခု လာမဲ့ အမေရိကန် သမတ ရွေးကောက်ပွဲ အတွက် ခင်ဗျား သဘောကျတဲ့ သမတလောင်း ရှိသလားဗျ။ ခင်ဗျား ဘယ်သူ့ကို ထောက်ခံမလဲ။ ကျနော်ကတော့ ကျနော့် အကြိုက် သမတလောင်း ရှိတယ်၊ ဒါပေမဲ့ ခင်ဗျားကို အမေရိကန် နိုင်ငံသား ဖြစ်အောင် အရင်လုပ်ရဦးမယ်။
ဖြေ။ ခင်ဗျား အမတ်လောင်းက ဘယ်သူလဲဗျ။
မေး။ ခင်ဗျားဘဲ။ ခင်ဗျားက ဒီနိုင်ငံလေးကို အောင်မြင်အောင် နှစ်ပေါင်းများစွာ ခေါင်းဆောင် လာခဲ့တာ။
ဖြေ။ ခင်ဗျားတို့အတွက် တယ်လီဗီးရှင်းမှာသာ အပြောကောင်းတဲ့(သူ) သမတ မဟုတ်ဘဲ ရံပုံငွေလဲ ရှာနိုင်တဲ့ အောက်ခြေလူထုရဲ့ ထောက်ခံမှုလဲ ကောင်းကောင်း ရထားတဲ့ သမတလောင်း တယောက် လိုတယ်။
မေး။ ခင်ဗျားက “သူ” လို့ သုံးသွားတယ်နော်။
ဖြေ။ ဟာ ဟုတ်ပါတယ်။ သူမ၊ သူ သူမပေါ့ဗျာ။ မဟုတ်ဘူးဗျ၊ (ဟီလာရီ ကလင်တန်) က ရှေ့က ပြေးနေတာ။ သူမက ရှေ့က ပြေးနေတာ။ သူမကကော အမေရိကန်အတွက် သမတကောင်း တယောက် ဖြစ်လာမှာလား။
မေး။ ကျနော်မသိပါဘူး။
ဖြေ။ ဘာပြောလိုက်တယ်။
မေး။ ခင်ဗျား ဘယ်လို ထင်လို့လဲ။ ကျနော်က သူမနဲ့ သိပ်နီးစပ်ပါတယ်။
ဖြေ။ သူမနဲ့ သိပ်နီးစပ်တယ် ဆိုတာ ခင်ဗျား ဘာကိုဆိုလိုတာလဲ။
မေး။ ကျနော်က အဲဒီမှာ ရှိတယ်လေ။ ကျနော်က အမေရိကန် လူမျိုးပါ။ ကျနော် တယောက်မှ မကြိုက်ပါဘူး။ သူမကတော့ မဆိုးဘူးလို့ ထင်တာပါဘဲ၊ အကောင်းဆုံးဆိုတာ မရှိရင်လဲ သူမက အလုပ်ဖြစ်မှာပါ။
ဖြေ။ သူမက အလုပ်ဖြစ်မယ် ဟုတ်လား။
မေး။ သူမက အလုပ် ဖြစ်နိုင်ပါတယ်။
ဖြေ။ ဟုတ်တာပေါ့ဗျာ၊ ကျနော်တို့ကတော့ ဘယ်သူနိုင်နိုင်၊ နိုင်တဲ့သူနဲ့ တွဲလုပ်ရမှာပဲ။
မေး။ ကျနော် တနေရာမှာ တွေ့လိုက်တယ်။ ခင်ဗျားက ခင်ဗျား နိုင်ငံအတွက် ရေရှည်မှာ ဆက်ပြီး ရှင်သန် နေနိုင်ပါ့မလား ဆိုတာကို နဲနဲပါးပါး တကယ်ကို ပူပန်နေတယ်ဆို။ ခင်ဗျား တကယ် စိုးရိမ်နေတာလား။
ဖြေ။ စင်္ကာပူဆိုတာ နှစ် ၄ဝဝဝ သက်တမ်း ယဉ်ကျေးမှု ရှိတဲ့ နိုင်ငံမဟုတ်ဘူးဗျ။ ၁၈၁၉ ကျမှ တခြား နိုင်ငံက လာအခြေချတဲ့ သူတွေနဲ့ တည်ထောင်ထားရတာ။ ဒီလူတွေက သူတို့ဇာတိ ရပ်ရွာ ဆိပ်ခံတံတားတွေကို စွန့်ခွါပြီး ရေပုံ မရှိသေးတဲ့ ပင်လယ်ထဲ ရွက်လွှင့်လာခဲ့တဲ့ သူတွေ၊ ကြယ်ကိုဘဲ ကြည့်ပြီး လာခဲ့ရတာ။ ဒီတော့ ကျနော်ကလဲ သူတို့ကို ကြယ်ကြည့်ပြီးပဲ ခရီးဆက်ကြတာပေါ့လို့ ပြောလိုက်တယ်၊ သူတို့ကလဲ အိုကေ ပါပဲတဲ့၊ ကျနော်တို့ ကြိုးစား ကြည့်ကြတာပေါ့။ ကျနော်တို့ အောင်မြင်မှုတွေ ရခဲ့ပြီးပြီ၊ အခု ဒီအခြေအနေ ရောက်နေပြီ။ ဒါပေမဲ့ ကျနော်တို့ တကယ့်ကို အခြေခိုင်သွားပြီလား။ မဟုတ်ဘူးဗျ၊ ဒါက ခုလောလောဆယ် အလုပ် ဖြစ်နေတာ။ အလုပ် မဖြစ်တော့ဘူး ဆိုရင် နောက်တမျိုး ကြိုးစား ကြည့်ရဦးမှာပေါ့။ ကျနော်တို့က ခြေကုပ်မြဲသေးတာ မဟုတ်ဘူးလေ။ ကျနော်တို့ နိုင်ငံက သက်တမ်း နှစ် ၄ဝဝဝ ရှိတဲ့ လူ့အဖွဲ့အစည်းလဲ မဟုတ်ဘူး။
မေး။ ခင်ဗျားက တိုင်းပြည့် အန္တရာယ်ကို တကယ့်ကို တွေးပူနေတာပေါ့။
ဖြေ။ ဟုတ်တာပေါ့။
မေး။ ဒါတော့ တကယ့်ကို အံ့သြစရာ ကောင်းတာပဲ။ ကမ္ဘာပေါ်က အကောင်းဆုံး မြို့ထဲမှာ နေတယ်၊ သွားလာနေတယ်၊ ဒါတောင် ခင်ဗျား ပူနေသေးတယ်နော်။
ဖြေ။ ကျနော်တို့ နေရာက ဘယ်မှာလဲ။ ကရစ်ဘီယံ ပင်လယ်ထဲမှာလား။ ဘဟားမားစ်လို အမေရိကန်နဲ့ ကပ်နေတဲ့ နိုင်ငံလား။ မြေထဲပင်လယ် ထဲမှာလား။ မော်လ်တာလို အီတလီနဲ့ ကပ်နေတဲ့ နိုင်ငံလား။ ဟောင်ကောင်လို တရုတ်ပြည်နဲ့ ကပ်နေတဲ့ နိုင်ငံလား။ ဟောင်ကောင်လို တရုပ်ပြည်ရဲ့ အစိတ်အပိုင်း ဖြစ်သွားနိုင်တဲ့ နိုင်ငံလား။ ကျနော်တို့က အရှေ့တောင်အာရှ နိုင်ငံဗျ။ မတည်ငြိမ်တဲ့၊ အခြေ မကျသေးတဲ့၊ လှိုင်းထန်နေတဲ့ ဒေသအလယ်မှာ နေရတာ။ စင်္ကာပူရဲ့ အပေါ်ထပ် အဆောက်အအုံကကော ဘယ်ပေါ်မှာ တည်ဆောက် ထားတာလဲ။ စတုရန်း ကီလိုမီတာ ၇ဝဝ ပဲ ရှိတဲ့ မြေပေါ်မှာ တည်ဆောက်ထားတာဗျ။ အကြံကောင်း ဥာဏ်ကောင်းတွေက ခုထိတော့ အလုပ်ဖြစ်တုံးပါဘဲ။ ဒါပေမဲ့ ချက်ချင်းပဲ အားလုံး ပျက်စီး သွားနိုင်တာပဲဗျာ။
ဒါတွေ အလုပ်ဖြစ်ဘို့ ဆိုတာ နိုင်ငံတကာ ဥပဒေ စည်းမျဉ်း စည်းကမ်းတွေ၊ အင်အားချိန်ခွင်လျှာ ထိန်းညှိမှုတွေရှိတဲ့ ကမ္ဘာကြီး ရှိနေမှဖြစ်မှာ။ ဒါတွေအတွက် အမေရိကန်က ရှေ့ဆုံးက အရေးကြီးတဲ့ နိုင်ငံဘဲ။ ဒီလို နိုင်ငံတကာ ဥပဒေနဲ့ အင်အား ချိန်ခွင်လျှာသာ မရှိရင် ဗီယက်နမ်လဲ ကမ္ဘောဒီးယားမှာ ရှိနေဦးမှာပဲ၊ အင်ဒိုနီးရှားလဲ အရှေ့တီမောမှာ ရှိနေဦးမှာပဲ။ မဟုတ်ဘူးလား။ သူတို့ဘာလို့ ထွက်သွားရတာလဲ။ ဘာလို့လဲဆို မလိုက်နာလို့ မရတဲ့ နှုံးစံတွေ ရှိနေလို့ဘဲ။ နယ်နိမိတ်တွေကို ကျော်နိုင်ရုံလေးနဲ့ မရဘူးလေ။ ဒီကျွန်းလေးပေါ်မှာ လူဦးရေက ၄ သန်းခွဲပဲ ရှိတယ်။ အဲဒီထဲက ၁.၃ သန်းက နိုင်ငံခြားသား အလုပ်သမားတွေ၊ တိုင်းပြည် ကာကွယ်ဘို့ ကြည်းတပ်၊ ရေတပ်၊ လေတပ်တွေလဲ ထားရသေးတယ်။ တညီတညာတည်း ဝိုင်းပြီး ဝိုင်းရံပိတ်ဆို့ ထားလိုက်ရင် ကျနော်တို့ ခံနိုင်ပါ့မလား။ ဟုတ်ပါတယ်၊ လာတိုက်ရင် ကျနော်တို့ တွန်းလှန်နိုင်ပါတယ်။ ဒေသတွင်း စစ်တပ်တွေနဲ့ ကျနော်တို့ တိုက်စွမ်းရည်ကို ကြည့်ရင် ကျနော်တို့ ပြန်တွန်းလှန်နိုင်ပါတယ်၊ သူတို့ တပ်တွေကို ဖျက်ဆီး ပစ်လိုက်နိုင်ပါတယ်။ သုံးပတ်ကြာရင် ဘာဖြစ်မလဲ၊ အစာရေစာတွေ ပြတ်တောက် ကုန်မယ်၊ အဝိုင်းခံရမယ် ပိတ်ဆို့ခံရမယ်။
မေး။ ခင်ဗျားနောက်က ဘယ်သူ လိုက်လာမလဲ၊ ခင်ဗျားပြီးရင် ဘယ်သူ တက်လာမလဲ။
ဖြေ။ ဒီမှာ သူတို့ သိမ်းပိုက်စရာ ရပိုင်ခွင့်တွေ ရှိတယ်လေ။ မဟုတ်ဘူးလား။
မေး။ ခင်ဗျားနာမည် တပ်မပြောချင်တဲ့ အစိုးရဆိုးတွေလား။
ဖြေ။ (မလေးရှား) က ကျနော်တို့ကို (၁၉၆၅) မှာ ကန်ထုတ်လိုက်တုံးက ကျနော်တို့ ကျသွားမှာပဲ၊ သူတို့ ပြုသမျှနုရမှာပဲလို့ တွက်ခဲ့ကြတာဗျ။ ဗြိတိသျှတွေနဲ့ သဘောတူထားခဲ့တဲ့ စည်းကမ်းချက်တွေ အတိုင်း မဟုတ်ဘဲ သူတို့ စည်းကမ်းချက်တွေ အတိုင်း လက်ခံလာရမယ်လို့ ဆိုချင်တာ။ ကျနော်တို့ ပြဿနာက နိုင်ငံ ၂ နိုင်ငံကြား ဖြစ်တဲ့ ပြဿနာသာ မဟုတ်ဘူး။ လူမျိုး၊ ဘာသာရေး၊ ယဉ်ကျေးမှု အကုန်ပါတယ်။ သူတို့ တခြားတနည်းတဖုံသာ လုပ်မယ်ဆိုရင် ဒီလိုဖြစ်မှာမဟုတ်ဘူး။ တရုတ်တွေ၊ အိန္ဒိယ လူမျိုးတွေကို သူတို့ ပညာပေးခဲ့မယ်၊ နိုင်ငံသားတွေအဖြစ် သူတို့ ဆက်ဆံမယ် အသုံးချခဲ့မယ်ဆိုရင်၊ ကျနော်တို့ကို တန်းတူညီတူ ဆက်ဆံမယ်ဆိုရင် သူတို့ ကျနော်တို့ထက် သာမှာပဲ၊ သူတို့မှာ သယံဇာတတွေ အကုန် ရှိတယ်လေ။ ခုနပြောသလို သူတို့လုပ်ရင် ကျနော်တို့က သူတို့နဲ့ ဝမ်းမြောက်ဝမ်းသာ ပြန်ပေါင်းမှာပါ။
မေး။ အခုလို ဖိအားအောက်မှာ နေနေရတာ၊ ဒီလို အချိန်မရွေး ချက်ချင်းကြီး ပြောင်းလဲသွားနိုင်တယ်လို့ စိတ်ထဲ တင်းကြပ်မှုတွေ ဖြစ်နေတာဟာ စင်္ကာပူသားတွေအတွက် ကောင်းတယ်လို့ ခင်ဗျား ထင်ပါသလား။ ဒီလိုဖြစ် နေရင် တိုင်းပြည်ကို ပိုပြီး ထိထိရောက်ရောက် လည်ပတ်နေနိုင်စေတယ်လို့ ခင်ဗျား ထင်သလား။ ငါတို့တော့ ကိုယ့်ဘာသာ နှစ်သိမ့်ကျေနပ်နေလို့ မဖြစ်ဘူး ဆိုပြီးတော့ နိုင်ငံသားကောင်းတွေ ဖြစ်လာနိုင်သလား။
ဖြေ။ အသက် ၅ဝ ကျော်တဲ့ ကျနော်တို့ မျိုးဆက်ပေါ့ဗျာ၊ ဒီမျိုးဆက်က ခင်ဗျားသိတဲ့အတိုင်း ပထမပိုင်း ကာလကို ဖြတ်သန်းခဲ့ရတာ။ အသက် ၃ဝ အောက် မျိုးဆက်က စီးပွါးရေး တနှစ်ပြီးတနှစ် ဖွံ့ဖြိုး တိုးတက်လာတဲ့ အောက်မှာ တည်တည် ငြိမ်ငြိမ် ဖြတ်သန်းခဲ့ရတာ။ ကျနော် ထင်တယ် သူတို့က ထင်မယ်၊ ကျနော်က သူတို့ကို အလုပ်လုပ်ဘို့ စက်ရုံရောင်းလိုက်တာ၊ ပြီးတော့ မညှာမတာ အလုပ် လုပ်ခိုင်းတယ်လို့၊ မဟုတ်ပါဘူးဗျာ အဲဒါ မှားပါတယ်။ ပြဿနာက သူတို့က မယုံတာဗျ။ ကျနော်ထင်တာ မှားချင်လဲ မှားနိုင်ပါတယ်။ ဒါနိုင်ငံတိုင်း ကြုံနေရတဲ့ ပြဿနာဘဲ။ ဂျပန်နိုင်ငံကိုပဲ ကြည့်။ ကျနော် သူတို့ မိဘတွေ အကြောင်းကို ကောင်းကောင်း မှတ်မိတယ်။ စစ်ရှုံးပြီးတော့ သူတို့မှာ ခေါင်းဆောင်ကောင်းတွေ အများကြီးဗျ။ နိုင်ငံရေးတင် မဟုတ်ဘူး၊ စီးပွါးရေးပါ ခေါင်းဆောင်နိုင်တဲ့သူတွေ အဆင့်တိုင်းမှာ ရှိတယ်။ သူတို့ ခရီးအနှံ့ သွားတယ်၊ အလုပ်လုပ်တယ်၊ သူတို့ ပစ္စည်းတွေကို ကျားစီးဖါးစီး ရောင်းတယ်၊ ဂျပန်နိုင်ငံကို ပြန်လည် တည်ဆောက်ကြတယ်။ ကဲ ခုဂျပန် နိုင်ငံသားတွေကို ကြည့်လိုက်။ ငယ်ရွယ်တဲ့ မျိုးဆက်ကို ကြည့်လိုက်ပါ။ သူတို့မိဘ တချို့တလေလို လုပ်သေးရဲ့လားလို့။ ကျနော်တော့ မထင်ဘူး၊ ဒါပေမဲ့ ကျဉ်းထဲကြပ်ထဲ ရောက်ရင်ကော သူတို့ ဒီလို လုပ်ပါဦးမလား။ ကျနော်တော့ လုပ်မယ်လို့ ထင်တယ်။ အဲဒါက သူတို့ ယဉ်ကျေးမှုထဲမှာကို နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ အရာဗျ။ သူတို့လုံးပန်း တိုက်ခိုက်ကြမှာဘဲ။ ရှေးဟောင်း ယဉ်ကျေးမှုရှိတဲ့ နိုင်ငံနဲ့ မရှိတဲ့နိုင်ငံ အဲဒါ ကွာတာဘဲ။ သူတို့က အတွင်းထဲမှာကို အမြစ်တွယ်နေတာ။ ကျနော်တို့က ဒီလိုမဟုတ်ဘူး။ တချိန်တည်းမှာဘဲ ဒီရှေးဟောင်း ယဉ်ကျေးမှုက သက်ကြီးရွယ် အိုပြဿနာ ကိုင်တွယ်တာ၊ တခြားက အခြေချ နေထိုင်သူတွေ၊ လူဝင်မှု ပြဿနာတွေနဲ့ ပတ်သက်လို့ ဆင်ဆင်ခြင်ခြင် ဆုံးဖြတ်ချက် ချနို်င်ဘို့ကျတော့ အနှောင့်အယှက် ဖြစ်နေပြန်ရော။
မေး။ စင်္ကာပူ စစ်တပ်က တကယ်ကောင်းတာဗျ။ ခင်ဗျား ဘယ်တော့လောက် အိမ်နီးချင်း အင်ဒိုနီးရှားကို ဝင်တိုက်ဘို့ စဉ်းစားထားလဲ။
ဖြေ။ (ရယ်လျက်) ကျနော်တို့ လိုချင်တာ ငြိမ်းချမ်းပြီး အေးဆေးတဲ့ ကမ္ဘာကြီးပါ၊ ဒါပါဘဲ။ ကျနော်တို့ ဘဝတွေကို တစုံတရာ တည်ဆောက်ခဲ့ပြီးပြီ။ သူတို့ဘဝတွေကို အဲဒီလို ပိုကောင်းလာအောင် ကျနော်တို့လို ဖြစ်လာအောင် ကူညီ တည်ဆောက်ပေးရမယ် ဆိုရင်လဲ ဝမ်းမြောက်ဝမ်းသာ ကူညီမှာပါ။ ကျနော်တို့ LKY School of Public Policy အစီအစဉ်ကို စထားပြီ။ သူတို့ကို စကောလားရှစ်တွေ ပေးနေတယ်၊ ကျနော်တို့ နိုင်ငံကို စီမံ အုပ်ချုပ်မှု ကောင်းတဲ့ အစိုးရစနစ်နဲ့ တည်ဆောက်ထားတယ် ဆိုတာ သူတို့ကို သက်သေ ပြချင်တာပါဘဲ။ ခင်ဗျားတို့ကို ဓါးပြတိုက်ပြီး တည်ထောင်ထားတာ မဟုတ်ပါဘူး။
မေး။ ကျနော် (ပလိတ်) က ပရင့်စတန် တက္ကသိုလ် ဝုဒ်ရိုးဝီလ်ဆင် ပြည်သူ့ရေးရာနှင့် နိုင်ငံတကာရေးရာ ကျောင်းက ဘွဲ့ရထားတဲ့သူပါ။ ကျနော်က ဒီလို ပြည်သူ့ မူဝါဒ သင်ပေးတဲ့ ကျောင်းတွေကို အလွန်သဘောကျ နှစ်ခြိုက်တဲ့ သူပါ။ ကျနော် ထင်တယ်၊ ခင်ဗျားတို့ ခုပြောတဲ့ စင်္ကပူ မူဝါဒကျောင်းက တကယ့်ကို ကောင်းတဲ့ ကျောင်းပါ။ ခင်ဗျားတို့ တကယ်တော်တဲ့ ဌာနကြီးမှူး (ကုလသမဂ္ဂ သံအမတ်ဟောင်း Kshore Mahbubani) ကို ရွေးချယ် တာဝန် ပေးထားတယ်လို့လဲ ထင်ပါတယ်။ ကျနော် အဲဒီကို မကြာသေးခင်က အပေါ့စား စီမီနာ တခု သွားလုပ်ခဲ့သေးတယ်။ အဲဒီက ကျောင်းသားတွေရဲ့ အရည်အသွေးက ကျနော့်ကို နောက်ကောက် ချလိုက်တာဘဲ။
ဖြေ။ ကျနော်ကတော့ ဒါဟာ ထိုက်တန်တဲ့ ရင်းနှီး မြှုပ်နှံမှုလို့ ထင်တယ်။ ဘာလို့လဲဆို ဒေသတွင်းက ကျောင်းသားတွေ ဒီမှာ ကျောင်းလာတက်ပြီး သွားရင် သူတို့ဒေသ ပြန်ရောက်တဲ့အခါ သူတို့ဆီက မီဒီယာတွေ၊ သူတို့ဆီက ခေါင်းဆောင်တွေကို ဒီနိုင်ငံ ဒီလို အောင်မြင်နေတာ ဒီလို လုပ်ခဲ့လို့လို့ သူတို့ ပြန်ပြောနိုင်ကြမှာ။ ပထမအချက်က ရိုးသားမှု၊ ဒုတိယအချက်က ဆင်ခြင်တုံတရား၊ တတိယအချက်က ဆုံးဖြတ်ချက်ချတာ၊ စတုတ္ထ အချက်က ဒီဆုံးဖြတ်ချက် အတိုင်းလုပ်တာ။ ဆုံးဖြတ်ချက်တိုင်းကို ရွေးချယ်စရာ အားလုံး ဖြစ်လာနိုင်သမျှ အကျိုးဆက် အားလုံးကို သေသေချာ ချာစဉ်းစားပြီးမှချတာ။
မေး။ ကျနော် ခင်ဗျားနဲ့ သဘောတူပါတယ်။ သင်ရိုးညွှန်းတမ်းကို ကြည့်လိုက်ရင် တကယ့်ကို အထင်ကြီးစရာ ဆိုတာ တွေ့တာပဲ။ ခင်ဗျားက အင်္ဂလန်မှာ ပညာသင်ခဲ့တယ်၊ ခင်ဗျားတို့ဆီက ထိပ်တန်း ခေါင်းဆောင် တော်တော်များများကလည်း အမေရိကန် ဒါမှမဟုတ် အင်္ဂလန် နိုင်ငံတွေမှာ ပညာသင်ခဲ့ကြတာပဲ။ အနောက်နိုင်ငံတွေမှာ နှစ်ရှည်လများ ပညာသင်ခဲ့လို့ သူများထက် သိသိသာသာ သာတာ၊ ခေါင်းဆောင် ဖြစ်လာတာ ကိုယ်လျှောက်ချင်တဲ့လမ်းကို လျှောက်ခဲ့နိုင်တာ။ အမေရိကန် အဆင့်မြင့် တက္ကသိုလ် ပညာရေးဟာ ခုလဲ ကြောက်စရာ ကောင်းလောက်အောင် ကောင်းတုံးပဲလို့ ခင်ဗျား ထင်ပါသလား။
ဖြေ။ အရည်အချင်း ရှိတဲ့သူတွေ ခင်ဗျားနိုင်ငံထဲကို ဆက်ရောက်လာဦးမယ် ဆိုရင်၊ အဲဒီမှာပဲ ဆက်နေအောင် လုပ်ထားနိုင်မယ်ဆိုရင် ဒီလို လုပ်ထားနိုင်သမျှ ဒီအခြေအနေကို ခင်ဗျားတို့ ထိန်းထားနိုင်မှာဘဲ။ ခင်ဗျားတို့ ဒီလို ဆက်လုပ်မှာလား။ နောက် ၁ဝ နှစ် နှစ် ၂ဝ ပေါ့။ ခင်ဗျားတို့ ဒီအတိုင်း ဆက်လုပ်မှာပဲလို့ ထင်တယ်။ နောက်နှစ် ၃ဝ၊ ၄ဝ၊ ၅ဝ တော့ ဒီလို ဖြစ်တော့မှာ မဟုတ်ဘူး။ ကျနော် မသေချာဘူး၊ ဘာလို့လဲဆို အဲဒီအချိန်ကျရင် တခြား ပိုဆွဲဆောင်မှု ရှိတဲ့နိုင်ငံတွေ၊ ခင်ဗျားတို့လောက် ဆွဲဆောင်မှု ကောင်းတဲ့နိုင်ငံတွေ ရှိနေမှာကြောင့်ဘဲ။ ဒါတွေက ခင်ဗျားတို့ ရခဲ့တဲ့ သွင်းအားစု အပိုတွေလေ။
ကျနော် ဘယ်လိုမြင်သလဲ ဆိုတာ ခင်ဗျားကို ရှင်းပြပါရစေ။ စင်္ကာပူသာ သူ့နိုင်ငံတွင်းက ပါရမီရှင်တွေ အရည်အချင်းရှိ သူတွေ သက်သက်သာ မှီခိုအားကိုး လုပ်ခဲ့မယ်ဆိုရင် ခုလို အောင်မြင်ခဲ့မှာ မဟုတ်ဘူး။ ဗြိတိသျှတွေ အုပ်စိုးတဲ့ခေတ်က ဒီဒေသတွင်းမှာ ကျနော်တို့က ပညာရေးရဲ့ ဗဟိုချက်မှာ ရှိခဲ့တာဗျ။ တော်တော်များများ ပညာလာသင်ကြတယ်၊ ပြီးတော့ ဒီမှာပဲ ဆက်နေကြတယ်။ ကျနော်တို့ ထိပ်တန်းအလွှာက အဲဒီလို ကျယ်ပြန့်တဲ့ အခြေခံကလာတာ။ ကျနော့် ပထမဆုံးဝန်ကြီးအဖွဲ့ ၁ဝ ယောက်ထဲမှာ ၂ ယောက်ဘဲ စင်္ကာပူမှာမွေး စင်္ကာပူမှာ ကြီးပြင်းခဲ့တဲ့ လူပါတယ်။ ကျန်တာတွေက မလေးရှား၊ တရုတ်၊ သီရိလင်္ကာ၊ အိန္ဒိယနဲ့ တခြား နေရာအနှံ့က လာကြတဲ့သူတွေ။ ပိုကျယ်ပြန့်တဲ့ ဒေသကြီးက အကောင်းဆုံး လူတွေကို စုထားနိုင်ခဲ့တာ။ ဒါခင်ဗျားတို့ အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်ပဲ။ ခင်ဗျားတို့လဲ ပထမတော့ ဥရောပက အကောင်းဆုံး အတော်ဆုံးတွေကို ဆွဲခေါ်ခဲ့တယ်။ အခွင့်အရေးတွေ ပေးပြီးတော့။ လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ် လောက်ကတော့ တကမ္ဘာလုံးက အကောင်းဆုံး အတော်ဆုံးတွေကို ခေါ်ထားနိုင်ခဲ့တယ်၊ အာရှ အပါအဝင်ပေါ့။ ခင်ဗျားတို့ ဒီအတိုင်းသာ ဆက်လုပ်သွားမယ်ဆိုရင် ရှေ့မှာလဲ ဒီလိုဘဲ ဆက်ပြီး အောင်မြင်နေဦးမှာဘဲ။ လာချင်အောင် ဆွဲဆောင်ရုံနဲ့ မရဘူး၊ အဲဒီမှာ နေအောင် ဆွဲထားနိုင်မှ ဖြစ်မှာ။
မေး။ ခင်ဗျားတို့ကကော ဘယ်လို လုပ်သလဲ။
ဖြေ။ ကျနော်တို့ တရုတ်တွေနဲ့ အိန္ဒိယ လူမျိုးတွေကို စကောလားရှစ်တွေ အများကြီး ပေးတယ်လေ။ အဲဒီထဲက လေးပုံတပုံလောက်ဘဲ ဒီမှာ ဆက်နေတယ်ဆိုရင် ကျနော်တို့ အောင်မြင်တာဘဲ၊ အထူးသဖြင့် တရုတ်လူမျိုးတွေပေါ့။ သူတို့ ဒီကိုလာကြတယ်၊ ဒီမှာ အင်္ဂလိပ် ပညာရေးစနစ်ကို ရကြတယ်၊ ကျနော်တို့ဆီက ဘွဲ့တွေ၊ ဒီဂရီတွေ ရကြတယ်၊ ပြီးတော့ အမေရိကကို ထွက်သွားကြတယ်၊ အမေရိက က မြက်က ပိုနုတယ်ဆိုတာ သူတို့သိတယ်လေ။ အိန္ဒိယ လူမျိုးတွေကတော့ ထူးဆန်းတယ်။ အများစုက စင်္ကာပူမှာပဲ ဆက်နေကြတယ်။ ဘာလို့လဲဆို သူတို့က အိမ်ပြန်ပြီး ဆွေမျိုး မိသားစုတွေနဲ့ တွေ့ချင်ကြတယ်လေ။ အမေရိကန်က ဝေးလွန်းတယ်။ ကျနော်တို့ ဘယ်လောက်ကြာကြာ ခုလိုဆက်ပြီး အသာရ နေနိုင်မှာလဲ။ တရုတ်နဲ့ ပတ်သက်ရင် နောက်ထပ် အနှစ် ၂ဝ၊ ၃ဝ လောက်ပါဘဲ၊ ဒါပြီးရင် ကျနော်တို့ရဲ့ သူတို့ကို ဆွဲဆောင် နိုင်စွမ်းအားက ကုန်သွားပြီ။ သူတို့ကို ကျနော်တို့က ပိုကောင်းတဲ့ အခွင့်အလမ်းတွေ၊ အဆင့်အတန်းတွေ မပေးနိုင်တော့ဘူး။ အိန္ဒိယကတော့ နဲနဲပိုကြာမယ်၊ နောက်ထပ်နှစ် ၅ဝ၊ ၆ဝ လောက်အတွင်းသူတို့ အပေါ်ထပ် အဆောက်အဦက ကျနော်တို့ကို မီဦးမှာ မဟုတ်ဘူး၊ ဘာဘဲဖြစ်ဖြစ်ဗျာ ဒါတွေက ကျနော်ပူစရာတွေ မဟုတ်တော့ပါဘူး။
မေး။ အိန္ဒိယနဲ့ ပတ်သက်ရင် အမေရိကန်က လူတွေက သိပ်ထင်ကြတယ်။ နိုင်ငံခြားရေးရာ စာစောင်တွေနဲ့ တခြား စာစောင်တွေမှာဆို အိန္ဒိယကို နောက်အသစ်ပေါ်မဲ့ စူပါပါဝါလောက် ပြောကြတာ။ ကျနော်လွန်ခဲ့တဲ့ ၃ လလောက်က နယူးဒေလီကို ရောက်ခဲ့သေးတယ်၊ ကျနော့် အထင်တော့ အိန္ဒိယ အဲဒီ အခြေအနေ ရောက်ဘို့ အဝေးကြီး လိုပါသေးတယ်။
ဖြေ။ သူတို့ နိုင်ငံရေးစနစ် ဘာဖြစ်ဖြစ်၊ သူတို့ လူ့အဖွဲ့အစည်းက ရောနှောနေတဲ့ လူ့အဖွဲ့အစည်းဗျ။ သူတို့က လူမျိုး တမျိုးတည်း မဟုတ်ဘူး။ ခင်ဗျားဒေလီမှာ မိန့်ခွန်းတခု ပြောတယ် ဆိုပါစို့။ (ဝန်ကြီးချုပ်) မန်မိုဟန်ဆင်းက ဟင်ဒီလို ပြောရင် တိုင်းပြည်ရဲ့ ၃ဝ% ၄ဝ% က နားလည်တယ်၊ အင်္ဂလိပ်လို ပြောရင် အထက်တန်းလွှာ ၃ဝ % လောက် နားလည်မယ်။
တရုတ်ကျတော့ သူတို့ ခေါင်းဆောင်တယောက် မိန့်ခွန်းပြောရင် ၉ဝ% က နားလည်တယ်။ သူတို့က ဘာသာစကား တမျိုးတည်း ပြောကြတာ၊ လူမျိုးကလည်း တမျိုးထဲ။ အိန္ဒိယကျတော့ ရုံးသုံး ဘာသာစကားကိုက တကယ်တော့ ၃၂ ခု ရှိတာဗျ။ တခြား ဘာသာစကား ၃ဝဝ ကျော်လောက်လည်း ရှိသေးတယ်။ ခင်ဗျား ဥရောပကို ကြည့်လိုက်၊ ဘာသာစကားက ၂၅ ခု၊ တိုင်းပြည်က ၂၇ ခုရှိတယ်။ ခင်ဗျား ဘယ်လို လုပ်မလဲ။ ဥရောပ ပါလီမန်လား။ ကျနော်တို့ စင်္ကာပူမှာ ဘာသာစကား တခုတည်းစနစ်သာ မပြောင်းခဲ့ရင် ဒီတိုင်းပြည်ကို အုပ်ချုပ်လို့ ရမှာ မဟုတ်ဘူးဗျ။
ဂုရုဝန်ကြီး ခင်ဗျာ၊ ကျေးဇူး အများကြီး တင်ပါတယ်။
No comments:
Post a Comment