Friday, November 2, 2007

မြန်မာစစ်အာဏာရှင်တို့ရဲ့ စာပေကင်ပေတိုင်
ဒေါက်တာလွဏ်းဆွေ

နအဖစစ်အုပ်စု အုပ်စိုးနေတဲ့ ဒီကနေ့ မြန်မာနိုင်ငံမှာ ဘာစာအုပ်ပဲ ထုတ်ချင်ထုတ်ချင် သူတို့ရဲ့လက်ကိုင် တုတ်ဖြစ်တဲ့ စာပေစိစစ်ရေးရုံးကိုမဖြတ်သန်းဘဲ ထုတ်ဝေလို့ မရပါဘူး။ သင်္ကြန်စာအစ ဗေဒင်ဟောစာတမ်းအဆုံး စာပေစိစစ်ရေးရုံးကို ဖြတ်သန်းပြီးမှ ထုတ်ဝေလို့ရတယ်။ ဒါဟာ နအဖစစ်အုပ်စုရဲ့ အာဏာ လက်ဝါးကြီး အုပ်ထားမှုအောက်မှာ စာပေလွတ်လပ်ခွင့် လုံးဝမရှိဘူး ဆိုတာကို ပြဆိုခြင်းပဲ ဖြစ်တယ်။ စာပေစိစစ်ရေးရုံးရဲ့ အာဏာ ပါဝါပြမှုတွေဟာ နအဖသက်ဆိုးရှည် လာတာနဲ့အမျှ တနေ့တခြား ပိုဆိုးလာတယ်။ စာအုပ် ထုတ်ဝေသူတွေ အပေါ် ပိုပြီးနှိပ်ကွပ်၊ ပိုပြီး ဆင်ဆာဖြတ်မှုတွေ များလာတယ်။ အဆင့်ဆင့် ဖြတ်သန်းရမှုတွေ ပိုများလာတယ်။ စာအုပ်ထုတ်ချင်တဲ့ လူတယောက်ဟာ စိတ်ညစ် ရင်မောစရာ ကောင်းအောင် ဖြတ်သန်းပြီးမှ စာအုပ်တအုပ်ကို ထုတ်ဝေဖြန့်ချိခွင့် ရတာဖြစ်တယ်။ အဲဒီလို ထုတ်ဝေခွင့်ရဖို့ အဆင့်ဆင့် ဘယ်လို ဖြတ်သန်းရတယ် ဆိုတာကို နံပါတ်စဉ်တပ်ပြီး တဆင့်ချင်း ပြောပြပါမယ်။

၁။ ရုံးအ၀င်ဝ လက်မှတ်ထိုး ကောင်တာ ။ ။ စာပေစိစစ်ရေးရုံးထဲကို စ၀င်တာနဲ့ အဲဒီကောင်တာမှာ ရှိတဲ့ ဧည့်
စာရင်းစာအုပ်မှာ အချက်အလက်တွေ အကုန်ဖြည့်ပြီး လက်မှတ်ထိုးရတယ်။ အဲဒါကို ရုံးဝန်ထမ်းတယောက်က အချိန်ပြည့်ထိုင်ပြီး စောင့်ကြည့်တယ်။ အဲဒီသလို ထိုင်ကြည့်ဖို့ အောက်ခြေ ရုံးဝန်ထမ်းတွေကို တနေ့တယောက် တာဝန်ချထားတယ်။ ရေးဖြည့်ရတဲ့ ကိုယ်ရေး အချက်အလက် တွေကတော့ နာမည်၊ မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာ၊ တွေ့ဆုံချင်သူ၊ တွေ့ဆုံချင်သည့် ကိစ္စ၊ ၀င်ချိန်၊ ပြန်ထွက်ချိန်၊ လက်မှတ် … စတာတွေ ဖြစ်တယ်။ (အဲဒီ ကောင်တာမှာတင် လူကို ဆင်ဆာ အဖြတ်ခံရလို့ ရုံးထဲ ၀င်ခွင့်မရတဲ့ အဖြစ်အပျက်လည်း ရှားရှားပါးပါး ရှိတယ်။ ဘယ်လိုလဲဆိုတော့ မဂ္ဂဇင်းတိုက် တတိုက်က ရုံးအဖွဲ့ဝင် အမျိုးသမီးတဦးကို ဗြိတိသျှ ယူနီယံဂျက်အလံ ဒီဇိုင်းပါတဲ့ အင်္ကျီဝတ်လာလို့ဆိုပြီး ရုံးထဲ ၀င်ခွင့်မပေးခြင်းဘဲ ဖြစ်တယ်)။

၂။ ငွေတွက်ကောင်တာ ။ ။ ထုတ်ဝေချင်တဲ့ စာမူနဲ့ မျက်နှာဖုံးတွေကို အဲဒီကောင်တာမှာ ပြရတယ်။ မျက်နှာဖုံး အတွက် စိစစ်ခ၊ စာမူအတွက် စိစစ်ခနဲ့ သတ်ပုံကြေးကို စာမျက်နှာ အရေအတွက်ပေါ် မူတည်ပြီး ငွေသွင်းဖို့ တွက် ချက်ပေးတယ်။ အဲဒီက ချလံကို ယူပြီး ရန်ကုန်မြို့ထဲ ဆူးလေလမ်းမ အောက်ဘလောက် မှာရှိတဲ့ မြန်မာ့စီးပွားရေး ဘဏ်(၃)ကို သွားပြီး ငွေသွင်းရတယ်။ ရုံးမှာလည်း ငွေသွင်းပြီးသား ဘဏ်ချလံတွေကို အသင့်ကိုင်ထားပြီး အပိုကြေးနဲ့ ရောင်းတဲ့ ၀န်ထမ်းတွေ ရှိတယ်။ အဲဒီလို ၀ယ်လို့ရရင်တော့ ဘဏ်ကို သွားစရာ မလိုတော့ဘူး။

၃။ ရုံးအုပ်ကြီး ။ ။ ငွေသွင်းပြီးရင် ဘဏ်ချလံနဲ့ တွဲပြီး စာမူ (သို့) မျက်နှာဖုံးကို ရုံးအုပ်ကြီးဆီမှာ ပြရတယ်။ ရုံး အုပ်ကြီးက စာမူ (သို့) မျက်နှာဖုံးပေါ်မှာ လက်မှတ်ထိုးပေးတယ်။ ပြီးရင် အ၀င်စာရင်း သွင်းဖို့နဲ့ အမှုတွဲ ဖိုင်တွဲဖို့ မှတ်ပုံတင် ကောင်တာကို သွားရပါတယ်။

၎။ မှတ်ပုံတင်ကောင်တာ ။ ။ ရုံးကို လာတင်တဲ့ စာမူ (သို့) မျက်နှာဖုံး အ၀င်အထွက် စာရင်းမှတ်တဲ့ စာအုပ်မှာ စာရင်းသွင်း ရပါတယ်။ ပြီးရင် ဖိုင်တခုဝယ်ပြီး အမှုတွဲ တွဲရပါတယ်။ အဲဒီ အမှုတွဲဖိုင်မှာ စာမူ (သို့) မျက်နှာဖုံး၊ ငွေ တွက်ထားတဲ့ ချလံ၊ ငွေသွင်းထားတဲ့ ဘဏ်ချလံ၊ ထုတ်ဝေခွင့် မှတ်ပုံတင်မိတ္တူ၊ စာရေးဆရာရဲ့ကိုယ်ရေးရာဇ၀င် အပြည့်အစုံ ဖြည့်ထားတဲ့စွာက်၊ စာမူ (သို့) မျက်နှာဖုံးကို ထုတ်ဝေခွင့်ပြုဖို့အတွက် (သို့/ညွှန်ကြားရေးမှူး) လိပ်မူ ပြီး ရေးထားတဲ့ လျှောက်လွှာ၊ စာမူ (သို့) မျက်နှာဖုံး အချက်အလက်နဲ့ ပတ်သက်ပြီး ဖြည့်ရတဲ့ လျှောက်လွှာ၊ စိစစ်သူတွေ မှတ်ချက်ရေးမယ့် စာရွက် … စတာတွေ အစုံအလင် ပါရပါမယ်။ အကုန် အစုံအလင်ပါမှ စာမူ (သို့) မျက်နှာဖုံးကို စိစစ်မယ့် စာဖတ်မှူးတွေဆီကို မှတ်ပုံတင် ကောင်တာက ၀န်ထမ်းက ပို့ပေးမှာ ဖြစ်ပါတယ်။ အမှုတွဲ ဖိုင်တွဲပြီးရင် အဲဒီဖိုင်ကို မှတ်ပုံတင် ကောင်တာက ၀န်ထမ်းကလွဲပြီး အပြင်လူ ကြည့်ခွင့် မရှိတော့ပါဘူး။

၅။ စာဖတ်မှူး ။ ။ နှစ်ယောက် (သို့) သုံးယောက်တတွဲ စာဖတ်မှူး အတွဲပေါင်း များစွာရှိတယ်။ အမျိုးသား စာဖတ်မှူးထက် အမျိုးသမီး စာဖတ်မှူးဦးရေက ပိုများတယ်။ အများအားဖြင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန လက်အောက်က ၀န်ထမ်းအမျိုးသမီးတွေ ဖြစ်တယ်။ စိစစ်ရမယ့်စာမူ (သို့) မျက်နှာဖုံးတွေကို အဲဒီစာဖတ်မှူးအ တွဲတွေဆီ ခွဲတမ်းချပေးတယ်။ သူတို့က တမျက်နှာချင်း တကြောင်းချင်း အသေးစိတ်ဖတ်ရှုပြီး စိစစ်သူတွေ မှတ် ချက်ရေးရမယ့် စာရွက်မှာ သူတို့ထင်မြင်ယူဆတဲ့ မှတ်ချက်တွေကို အသေးစိတ် ရေးသားပါတယ်။ ပြီးရင် အမှုတွဲဖိုင်ကို သူတို့အထက်မှာရှိတဲ့ သက်ဆိုင်ရာ ဦးစီးအရာရှိတွေဆီ တင်ရပါတယ်။ မဂ္ဂဇင်းတွေဆိုရင် စာဖတ်မှူး အတွဲတွေ (၄)လတကြိမ် ပြောင်းတယ်။ စာအုပ်ထုတ်ဝေသူ အများစုဟာ မိမိထုတ်မယ့် စာအုပ်ကို ဆင်ဆာလုပ်တာ သိပ်မများအောင် ဒီအဆင့်ကစပြီး စာဖတ်မှူးတွေကို လာဘ်ပေးရတယ်။ လာဘ်ငွေကတော့ ရင်းနှီးမှု အတိုင်းအတာပေါ်မူ တည်ပြီး အနည်းအများ ရှိတယ်။ လာဘ်ငွေကို ကိုယ်တိုင်ပေးတဲ့ ထုတ်ဝေသူလည်း ရှိတယ်။ ရုံးပွဲစားကတဆင့် ပေးတဲ့ ထုတ်ဝေသူလည်း ရှိတယ်။

၆။ ဦးစီးအရာရှိ ။ ။ ဦးစီးအရာရှိ (၃)ဦးရှိတယ်။ သူတို့က သက်ဆိုင်ရာ စာဖတ်မှူးတွေဆီက တက်လာတဲ့ အမှု တွဲ ဖိုင်တွေကို ဖတ်ရှု စစ်ဆေးရတယ်။ စာဖတ်မှူးတွေ တင်ပြတဲ့ ထောက်ချက်တွေကို ဆင်ဆာ လုပ်သင့် မလုပ်သင့် စဉ်းစားပြီး သီးသန့် မှတ်ချက်ထပ်ရေးကာ အထက်ကို ဆက်တင်ပေးရတယ်။ မဂ္ဂဇင်းတွေ ဆိုရင်တော့ တပတ်တကြိမ် လုပ်တဲ့ စုံညီအစည်းအဝေးမှာ သူတို့ကိုယ်တိုင် တက်ရောက်ပြီး အသေးစိတ် တင်ပြပေးရတယ်။ အစည်းအဝေးမှာ ဆုံးဖြတ်တဲ့ ဖြုတ်ခိုင်း ပယ်ခိုင်း ပြင်ခိုင်းတဲ့ စာမျက်နှာတွေ၊ စာပိုဒ်တွေ၊ စာကြောင်းတွေကို နံပါတ်စဉ်နဲ့ မှတ်လာပြီးမှ ထုတ်ဝေသူတွေကို ဆင့်ခေါ် အသိပေးတာ ဖြစ်တယ်။ စုံညီ အစည်းအဝေး ထိုင်တဲ့အထဲမှာ ပါတဲ့ ပုဂ္ဂိုလ်တွေကတော့ ဦးစီးအရာရှိ (၃)ဦး၊ လက်ထောက် ညွှန်ကြားရေးမှူး (၂)ဦး၊ ဒုတိယ ညွှန်ကြားရေးမှူးနဲ့ ညွှန်ကြားရေးမှူး တို့ဖြစ်တယ်။ ဦးစီးအရာရှိ (၃)ဦးရဲ့ တင်ပြချက်တွေအပေါ် ၀ိုင်းဝန်းစဉ်းစားပြီး ညွှန်ကြားရေးမှူးက အဆုံးအဖြတ် ပေးတာ ဖြစ်တယ်။ အဲဒါကြောင့်မို့ ဒီအဆင့်မှာလည်း ထုတ်ဝေသူတွေဟာ မိမိထုတ်ဝေမယ့် စာအုပ်ကို ဆင်ဆာလုပ်တာ နည်းအောင် သက်ဆိုင်ရာ ဦးစီးအရာရှိကို လာဘ်ငွေ တော်တော် ပေးရပါတယ်။

ရ။ လက်ထောက်ညွှန်ကြားရေးမှူး ။ ။ လက်ထောက် ညွှန်ကြားရေးမှူး (၂)ဦးကတော့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက လာတဲ့၊ လုပ်သက် ကြာမြင့်ပြီ ဖြစ်တဲ့ အရပ်သား အမျိုးသား ၀န်ထမ်းတွေများတယ်။ သူတို့ (၂)ဦးက သက်ဆိုင်ရာ ဦးစီးအရာရှိတွေဆီက တက်လာတဲ့ အမှုတွဲဖိုင်တွေကို ဖတ်ရှုစစ်ဆေးပြီး မှတ်ချက်ရေးကာ အထက်ကို ဆက်တင်ပေးရပါတယ်။

၈။ ဒုတိယညွှန်ကြားရေးမှူး ။ ။ စစ်ဘက်က ပုဂ္ဂိုလ်ကို ခန့်တာများတယ်။ သူကလည်း အောက်က တက်လာတဲ့ အမှုတွဲ ဖိုင်တွေကို ဖတ်ရှုစစ်ဆေးပြီး အထက်က ညွှန်ကြားရေးမှူးဆီကို ဆက်တင်ပေးရပါတယ်။

၉။ ညွှန်ကြားရေးမှူး ။ ။ စစ်ဘက် ထောက်လှမ်းရေးနဲ့ ပြည်သူ့ ဆက်ဆံရေးတပ်က ဗိုလ်မှူးအဆင့်တွေကို ခန့် တာ များတယ်။ ၁၉၈၈ ခုနှစ်ကနေ အခုအချိန်အထိ ညွှန်ကြားရေးမှူး ခန့်ခဲ့တာ (၄)ဦးရှိပြီ ဖြစ်တယ်။ ဗိုလ်မှူးမောင်ဝင်း၊ ဗိုလ်မှူးတင်စိုး၊ ဗိုလ်မှူးအေးထွန်းနဲ့ အခုနောက်ဆုံးခန့်တဲ့ ဗိုလ်မှူးတင့်ဆွေတို့ ဖြစ်တယ်။ အကုန်လုံးဟာ သဘောထား တင်းမာသူတွေသာ ဖြစ်တယ်။ သူတို့ဟာ စာပေစိစစ်ရေးရုံးနဲ့ ကပ်ရက်က တိုက်အိမ်မှာပဲ နေကြတယ်။ လာဘ်ပေးချင်တဲ့ သူတွေက ရုံးချိန် ပြင်ပကျမှ အိမ်ကို လာပေးကြတာ များတယ်။ စာပေစိစစ်ရေးရုံးမှာ အောက်ခြေ ၀န်ထမ်းကအစ ညွှန်ကြားရေးမှူး အဆုံး လာဘ်ပေးပြီးမှ အလုပ်ပြီးမြောက်တာ ဖြစ်တယ်။ ညွှန်ကြားရေးမှူးတွေဟာ စာပေလောကထဲက ရင်းနှီးတဲ့ ထုတ်ဝေသူတွေဆီမှာလည်း ရှယ်ယာ ထည့်ဝင်ပြီး သီးသန့်လုပ်ငန်း ထူထောင်ထားကြတယ်။

၁၀။ ညွှန်ကြားရေးမှူးချုပ် ။ ။ စာပေစိစစ်ရေးရုံးမှာ ရုံးမထိုင်ဘဲ ဆရာစံလမ်းမှာရှိတဲ့ ပြည်ထဲရေး ၀န်ကြီးဌာနမှာ ရုံးထိုင်တယ်။ တပတ်တခါ စာပေစိစစ်ရေးရုံးက ကားနဲ့လာပို့တဲ့ အမှုတွဲဖိုင်တွေကို ဖတ်ရှုစစ်ဆေးပြီး လက် မှတ်ထိုးကာ ဒုတိယ ပြည်ထဲရေးဝန်ကြီးဆီ တင်ပေးရပါတယ်။

၁၁။ ဒုတိယ ပြည်ထဲရေးဝန်ကြီး ။ ။ ညွှန်ကြားရေးမှူးချုပ်ဆီက အမှုတွဲဖိုင်တွေကို ဖတ်ရှုစစ်ဆေးပြီး လက်မှတ် ထိုးကာ ၀န်ကြီးဆီ ဆက်တင်ပေးရတယ်။

၁၂။ ပြည်ထဲရေးဝန်ကြီး ။ ။ တက်လာတဲ့ အမှုတွဲဖိုင် အားလုံးကို ပြည်ထဲရေးဝန်ကြီးက လက်မှတ်ထိုး ပြီးတော့မှ စာအုပ်တအုပ်ကို ပုံနှိပ်ခွင့်ရတာ ဖြစ်ပါတယ်။ ဖြန်ချိခွင့် ရဖို့အတွက်လည်း ပုံနှိပ်ပြီးတဲ့ စာအုပ်အချောကို အခုအဆင့်တွေအတိုင်း ပြန်ပတ်ပြီးမှ ဖြန့်ချိခွင့်ပေးတာ ဖြစ်ပါတယ်။ အဆင့်တဆင့်မှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ် မအားလပ်ဘူး ဆိုရင်တော့ စောင့်လို့တော့ နေရစ်ဦး ဆိုသလိုပဲ။ အဆင့်တဆင့်က ထစ်ထားရင် နောက်တဆင့်ကို တက်မှာ မဟုတ်တဲ့အတွက် ချောချောချူချူ ဖြစ်အောင် အဆင့်တိုင်းမှာ လာဘ်ပေးရတာ ဖြစ်ပါတယ်။ ညွှန်ကြားရေးမှူးဆီက ခွင့် ပြုဆိုတဲ့ မှတ်ချက်နဲ့ ပြန်ကျလာရင်တော့ ၀န်ကြီးရုံးက မပို့ခင် ပြန်လည်ပြင်ဆင်ပြီး အစက ပြန်ပတ်ရပါတယ်။

၁၃။ ကွပ်ကဲ ။ ။ နိုင်ငံရေးအရ အထူးစောင့်ကြည့်ခံရတဲ့ ပုဂ္ဂိုလ်တွေရဲ့ စာမူတွေ၊ မဂ္ဂဇင်းတွေကို စောင့်ကြည့် ဖတ်ရှုတဲ့ အဖွဲ့ဖြစ်ပါတယ်။ စစ်မဟာဗျူဟာ လေ့လာရေးဌာနမှာ ရုံးထိုင်တယ်လို့ သိရပါတယ်။ ဘယ်လိုပုဂ္ဂိုလ်တွေက ဖတ်ရှုတယ် ဆိုတာကိုတော့ အတိအကျ မသိရပါဘူး။ ထောက်လှမ်းရေးဌာနက ပုဂ္ဂိုလ်တွေလို့ အကြမ်းဖျင်း သိရပါတယ်။ စာပေစိစစ်ရေးရုံးက ခွင့်ပြုပေမယ့် ကွပ်ကဲအဖွဲ့က ခွင့်မပြုလို့ ဖြုတ်ပေး၊ ပြင်ပေး ရတာတွေ မကြာခဏရှိပါတယ်။ ဘာသာရေးစာမူတွေ ဆိုရင်လည်း သက်ဆိုင်ရာ သာသနာရေး ဦးစီးဌာကို သွားရောက် စိစစ်ခိုင်း ပြီးတော့မှ စာပေစိစစ်ရေးရုံးကို လာတင်ခိုင်းတာ ဖြစ်ပါတယ်။
အထက်မှာ တင်ပြခဲ့သလို အဆင့်ပေါင်းများစွာ ဖြတ်သန်းပြီးမှ စာအုပ်တအုပ်ထုတ်ဝေခွင့်ရတာကို ကြည့် ရင် နအဖစစ်အုပ်စု ဗိုလ်ကျစိုးမိုးနေတဲ့ လက်အောက်မှာ စာပေလွတ်လပ်ခွင့် လုံးဝမရှိဘူးဆိုတာ ဘွင်းဘွင်းကြီး ပေါ်နေပါတယ်။ ဒါဟာ ဗဟိုချုပ်ကိုင်မှု ကြီးမားလွန်းတဲ့ စစ်အာဏာရှင်ရဲ့ ဆိုးကျိုးတွေကြောင့် ဖြစ်တယ်။ ဆက်လက်ပြီး စာပေစိစစ်ရေးရုံးရဲ့ ဆင်ဆာဖြတ်ပုံ ဖြတ်နည်းတွေ၊ အာဏာနဲ့ အနိုင်ကျင်ပုံတွေ အကြောင်းကို တင်ပြပါဦးမယ်။

(Mizzima ဂျာနယ်တွင် ဖော်ပြပြီး ဖြစ်ပါသည်)

1 comment:

Mr B said...

ဒေါက်တာလါဏ်းဆွေ ခင်ဗျား
စာပေစီစစ်ရေးနှင့် free Aung San Suu Kyi ပုံကို တွဲသုံးထားတာ မသင့်လျှော်ပါ ခင်ဗျား။ မသိတဲ့လူလာကြည့်ရင် နောက်က အိမ်က စာပေစီရေးရုံးလိုလို၊ ဒေါ်အောင်ဆန်းစုကြည်ကဘဲ စိစစ်ရေးလုပ်သလို ဖြစ်နေပါတယ်။