ပျံလွန်တော်မူ သံဃာတော်များ၏ ဖြစ်ရပ်အမှန် ဖေါ်ထုတ်ရန်
သာသနာ့ ဥသျှောင်အဖွဲ့ မေတ္တာရပ်
သာသနာ့ ဥသျှောင်အဖွဲ့ မေတ္တာရပ်
သတင်း - မဇ္ဈိမ (၂-၁၁-၂၀၀၇)
မြန်မာ စစ်အစိုးရကို ပျံလွန်တော်မူ သံဃာတော်များ၏ ဖြစ်ရပ်အမှန် ဖေါ်ထုတ်ပေးရန် သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ်က တောင်းဆိုလိုက်သည်။သာသနာတော် ညှိုးနွမ်းစေမည့် အပြုအမူ အပြောအဆိုနှင့် သံဃာတော်များအပေါ် လုပ်ကြံစွပ်စွဲ ပုတ်ခတ်မှုများ ချက်ချင်း တုန့်ပြန်ရန်၊ နိုင်ငံတော် သံဃာ့ မဟာနာယက ဆရာတော်ကြီးများကို အသုံးချပြီး ဓမ္မနည်းလမ်း မကျသော အမိန့် ဥပဒေများကို ထုတ်ပြန်ခြင်း မပြုရန်၊ သာသနာနှင့် စပ်ဆိုင်သော ဘုရား၊ ကျောင်းကန် စေတီ ပုထိုးများအပေါ်၌ စခန်းချနေသော လက်နက်ကိုင် တပ်ဖွဲ့များ ချက်ချင်း ထွက်ခွာရန် အောက်တိုဘာ ၃၁ ရက်နေ့က ထုတ်ပြန်သော မေတ္တာ ရပ်ခံချက်က ဆိုသည်။
"စစ်အစိုးရက အမျိုးဘာသာ၊ သာသနာကို ဖျက်ဆီးနေတယ်။ တောင်းဆိုထားတဲ့ အချက်တွေ မရမချင်း သပိတ်မလှန်သေးဘူး" ဟု သာသနာ့ ဥသျှောင် အဖွဲ့ချုပ် အတွင်းရေးမှူး ဆရာတော် ဦးဂုဏိဿရ က မိန့်ကြားသည်။
ဗုဒ္ဓဟူးနေ့တွင် ပခုက္ကူ သံဃာတော်များ ငြိမ်းချမ်းစွာ ဆန္ဒပြမှုသည် သာသနာ့ ဥသျှောင်အဖွဲ့၏ ဆန္ဒနှင့် တထပ်တည်း ဖြစ်ကြောင်းနှင့် ဆန္ဒပြ သံဃာတော်များ ဘေးအန္တရာယ် မကျရောက်အောင် ဒကာ၊ ဒကာမများ ပူးပေါင်းပါဝင် စောင့်ရှောက်၊ ကူညီထောက်ပံ့ခြင်း ပြုလုပ်ရန် ထုတ်ပြန်ချက်က ဆိုသည်။ ဥသျှောင် အဖွဲ့ချုပ် အနေဖြင့် "နိုင်ငံတကာ ဘာသာပေါင်းစုံ အဖွဲ့အစည်းများနှင့် နားလည် ချစ်ကြည်မှု ရယူ၍ အကျိုးတူ လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရန်" အချက် အပါအဝင် ဦးတည်ချက် (၆) ချက်ကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဆရာတော်မှ ထပ်မံ မိန့်ကြားသည်။
သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ်ကို မြောက်အမေရိက၊ အာရှ၊ ဥရောပမှ ဆရာတော် ၄၉ ပါးမှ နှစ်ရက်ကြာ အစည်းဝေး ပြုလုပ်ပြီး အောက်တိုဘာ ၂၈ ရက် နေ့တွင် ကယ်လီဖိုးနီးယားတွင် ဖွဲ့စည်းခဲ့သည်။
ပီနန် ဆရာတော်ကြီး ဦးပညာဝံသသည် ဥက္ကဋ္ဌ ဆရာတော်အဖြစ် တာဝန်ယူပြီး၊ မစိုးရိမ် မဟယနယက ဆရာတော်ကြီး ဦးကောဝိဒါဘိဝံသသည် ပဓာနစေရ (ဒါရိုက်တာ) ဆရာတော် အဖြစ် တာဝန်ယူ ဆောင်ရွက်နေသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အတွင်းခံဘောင်းဘီနဲ့ ပစ်ကစားလို့ ရပြီ
သတင်း-ဧရာဝတီ (၂-၁၁-၂၀၀၇)
ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား အမျိုးသမီး အတွင်းခံ ဘောင်းဘီဖြင့် ပစ်ကစားသည့် အင်တာနက် ဂိမ်းတမျိုးကို အမေရိကန် နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့ အခြေစိုက် Mochi Media ကုမ္ပဏီက စတင်ထုတ်လုပ်လိုက်သည်။သတင်း-ဧရာဝတီ (၂-၁၁-၂၀၀၇)
“Panties for Peace” ဟု အမည်ရသည့် အဆိုပါဂိမ်းသည် မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်သည့် ပထမဆုံး ဂိမ်းဖြစ်ပြီး ရွေ့လျား ခုန်ပေါက်နေသည့် ဗိုလ်ချုပ်မှူးကြီးအား အတွင်းခံဘောင်းဘီဖြင့် ပစ်ရသည်။ ဗိုလ်ချုပ်မှူးကြီးအား အတွင်းခံ ဘောင်းဘီ ထိမှန်ပါလျှင် ခန္ဓာကိုယ်တစဆီ ပဲ့ထွက်သွားသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်အခြေစိုက်သည့် Lanna Action for Burma အဖွဲ့က အောက်တိုဘာ ၁၆ ရက်နေ့တွင် အမျိုးသမီး အတွင်းခံဘောင်းဘီများကို မြန်မာသံရုံးသို့ပို့သည့် လှုပ်ရှားမှုအား စတင်လုပ်ဆောင်ခဲ့ကြပြီး စင်ကာပူ၊ သြစတေးလျနှင့် ဥရောပနိုင်ငံများရှိ မြန်မာ့နိုင်ငံရေးလှုပ်ရှားသူ အမျိုးသမီးများလည်း လိုက်ပါလှုပ်ရှားကြသည်။
လော့စ်အင်ဂျလီစ်မြို့တွင်နေထိုင်သည့် ကိုအောင်မိုးဝင်းက “မြန်မာပြည်နဲ့ပတ်သက်တဲ့ ဒီလိုဂိမ်းမျိုး တခါမှ မတွေ့ဖူး သေးဘူး။ တော်တော်ထိရောက်တဲ့ message လို့ ပြောရမယ်။ ဆော့ရတာလည်း လွယ်ပါတယ်။ အများစုကတော့ သဘောကျမယ်ထင်တာပဲ” ဟု ဧရာဝတီကို ပြောသည်။
နည်းပညာတိုးတက်ခြင်း၏ အကျိုးကျေးဇူးဖြစ်ပြီး ထိရောက်သည့် လှုပ်ရှားမှုတခုဖြစ်သည်ဟုလည်း ကိုအောင်မိုးဝင်းက ပြောသည်။ ၎င်းဂိမ်းကိုမသိသေးသည့် မိတ်ဆွေ၊ သူငယ်ချင်းများကိုလည်း ဖြန့်ဝေပေးသည်ဟု ဆက်ပြောသည်။
No comments:
Post a Comment