Friday, November 9, 2007

မေဃ၀တီ၊ ကြခတ်ဝိုင်းနှင့် မင်းခရဟန်း၊ ကမ်းနားသစ်ပင်

ဒေါင်းတမန်

(၁)

မြန်မာစာပေတွင် မင်းခယောက်ျား ဟူသော စကားသာ ရှိခဲ့ပေသည်။ ယခုမှ မင်းခရဟန်း ဟူသော စကားကို တီထွင်ရမည့် အခြေအနေမျိုး ဆိုက်နေပေသည်။ အဘယ့်ကြောင့်ဆိုသော် ကြခတ်ဝိုင်း ဆရာတော် ကဲ့သို့သော နအဖ မင်းတရားကြီး အကျိုးအတွက်ဆိုလျှင် ရွပ်ရွပ်ချွံချွံ နာမည်ပင် သေသေ အမှုတော် ထမ်းရွက်မည့် ဆရာတော်ကြီးများ အကြောင်းကို ကြားနေ ဖတ်နေရသောကြောင့် ဖြစ်ပါသည်။

ခေတ်အဆက်ဆက် ရာဇ၀င်တွင် အုပ်စိုးသူ မင်းအပေါ် သြဇာညောင်းသော သာသနာပိုင်များ၊ မင်းဆရာများ အကြောင်းသာ ဖတ်ဖူးခဲ့ပါသည်။ ဘုရင်၏ အမိန့်ကို နာခံခဲ့ ၊ ခိုင်းဖတ်ဖြစ်ခဲ့ရသော ဆရာတော်ကြီးများ အကြောင်း ကိုမူ မမှတ်သားမိခဲ့ဖူးပါ။ ယခုမူ ရာဇ၀င်တွင် စာတင်လောက်စရာ အာဏာရှင်များ၏ လက်ညှိုးထောင် ခေါင်းညိတ် ကြခတ်ဝိုင်း ဆရာတော်ကြီးဆိုတာ ပေါ်ထွက်လာခဲ့ပါပြီ။

အကြင်မင်းမှုထမ်း တဦးသည် အမှုတော်ကို ဦးဆွေးဆံမြည့် သက်စွန့်ကြိုးပမ်း ထမ်းရွက်ခဲ့လျှင် မင်းဖြစ်သူက မြှောက်စား၍ မင်းစိုးရာဇာအပါး အနီးကပ် ခစားခွင့် ရတော့သည်။ ထိုသူအား မင်းခယောင်္ကျားဟု ခေါ်ကြလေသည်။ အနှီကဲ့သို့ မင်းအပါး ခစားနေသည်မှာ ရဟန်းတော်များ ဖြစ်သည်ကို ယခုလို တွေ့မြင်ကြရသောအခါ မင်းခရဟန်း ဟုသာ ဆိုထိုက်လှပေစွ။

စက်တင်ဘာ သပိတ်မှောက် ကံဆောင်ပွဲကြီးတွင် အနှီရဟန်းတို့သည် ရဟန်းဘ၀ တလျှောက်လုံး မိမိတို့ကို ဆွမ်းကပ်ခဲ့သော ဒကာပြည်သူတို့၏ ဆန္ဒကို လျစ်လျူရှု၍ အာဏာရှင်များ ဘက်သို့လိုက်ကာ ရုပ်သေးရုပ်ပမာ အသုံးတော်ခံ ပါလေသည်။ ဘ၀တူ ဘုရားသားတော် ရဟန်းများ သွေးမြေကျရသည်ကိုပင် ကန့်ကွက် ဖြောင်းဖျရမှန်း သတိမရဘဲ မျက်စိမှိတ်၊ ပါးစပ်ပိတ် နေနိုင်ရက်ပါပေသည်။

နီးရာဓားကို ကြောက်ရသောကြောင့် အာဏာရှင်များ အငြိုအငြင်ကို မခံရဲခြင်းပေလောဟု ဖေးဖေးမမ တွေးဆ ကြည့်မိသော်လည်း ထိုအချက် တခုတည်းကြောင့်ဟု ဆို၍ မရစကောင်းချေ။ ကြခတ်ဝိုင်း အပါအ၀င် အလိုတော်ရိ ဆရာတော်ကြီးများတွင် ထောက်ထားစရာ အခြားကိစ္စများလည်း ရှိနေနိုင်ပါသည်။ ကြခတ်ဝိုင်း ဆရာတော်ကြီးဆိုလျှင် ဘဏ်တွင် အပ်နှံထားမိသော ငွေသိန်းပေါင်း ၃၇၀၀၀ကျော် (နအဖ ငြိုငြင်လျှင်) ဆုံးရှုံးမည့် ကိစ္စမျိုး ပူပင်ကောင်း ပူပင်ပါလိမ့်မည်။

အခြား ဆရာတော်ကြီးများ ဆိုလျှင်လည်း နာယက ရာထူးများမှ လျောကျမည့်အရေး
တွေးပူကောင်း ပူပေလိမ့်မည်။ သို့မဟုတ် နအဖတွင် ဆရာတော်ကြီးများကို အိတ်ထဲ အပိုင်ထည့်ထား နိုင်လောက်အောင် အကျပ်ကိုင် ထားနိုင်သည့် ကျွန်တော်တို့ မသိသော အောက်လမ်းနည်းများလည်း ရှိနေနိုင်ပါသည်။

မည်သို့သော အကြောင်းကြောင့်ပင် ဖြစ်စေ ထိုဆရာတော်ကြီးများ ကလည်း ကိုယ့်လမ်းကို ကိုယ်ရွေးသွားကြပါသည်။ နောင်တွင်သာ မိမိတို့ တာဝန်မကျေခဲ့မှုကြောင့် မိမိတို့၏ ရဟန်းငယ်သားများ ခိုမှီရာမဲ့ ဖြစ်ခဲ့ရခြင်း၊ ကျောင်းများ ဖျက်ဆီးခံခဲ့ရခြင်း၊ ဘာသာ၊ သာသနာ အစော်ကား ခံခဲ့ရခြင်းတွေ အားလုံးအတွက် နောင်တမရကြပါစေနဲ့ ဟုသာ ကျနော်တို့ ဆုတောင်းကြရန် ရှိပါသည်။

(၂)

ထိုသို့သော မင်းဆရာများ၏ ကံကြမ္မာအကြောင်း ဆက်ပြီး တင်ပြ လိုပါသေးသည်။

တခါက ဗိုလ်ချုပ်ခင်ညွန့် ကိုးကွယ်ခဲ့သော မေဃ၀တီ အမည်ရှိ ဆရာတော်ကြီး တပါး ရှိခဲ့ဖူးပါသည်။ ထိုဆရာတော်ကြီးသည် အင်းအိုင်လက်ဖွဲ့ အစီအရင် အင်မတန် တော်သည်ဟု နာမည်ကြီးပါသည်။ ယခင်က သင်္ကန်းကျွန်းတွင် မထင်မရှား သီတင်းသုံးခဲ့ရသော ထိုဘုန်းကြီးမှာ သူပေးခဲ့သော အစီအရင်တခု အပေါက်အလမ်း တည့်သွားသောကြောင့် ဗိုလ်ချုပ်ခင်ညွန့်က မြှောက်စားသည်တွင် ဗွီအိုင်ပီဘုန်းကြီး နေ့ချင်းညချင်း ဖြစ်သွားပါတော့သည်။

ထို့နောက် မေဃ၀တီ ကျောင်းလည်း ခမ်းနားခဲ့သည်။ ဗိုလ်ချုပ်ခင်ညွန့်နှင့် ပတ်သက်လိုသူများကလည်း အခွင့်အရေး ရလိုရငြား ဘုန်းကြီးကျောင်းသို့ ၀င်ထွက်ကြသည်။ ထိုကျောင်းဝင်း အတွင်းတွင် လာသမျှ ဧည့်သည်မပြောနှင့် ကပ္ပိယ လက်ထဲတွင်ကအစ လက်ကိုင်ဖုန်း ရှိသည်။ လာသမျှ ဧည့်သည်အားလုံးကို နေ့တိုင်း သတ်သတ်လွတ်ထမင်း ကျွေးနိုင်သည်။ ဆရာတော်ကြီးကလည်း သူဘုန်းတန်ခိုး ကြီးလာသလို သူ့တပည့် ဗိုလ်ချုပ်ခင်ညွန့် တန်ခိုးထွားနေဖို့ သူစွမ်းသလောက် အစီအရင်တွေ ဆက်လုပ်ပေးနေခဲ့တာပါပဲ။

သူတို့ တန်ခိုးမှိန်ချိန် ရောက်လာတော့ ဗိုလ်ချုပ်ခင်ညွန့် မပြုတ်ခင် သုံး၊ လေး ရက် အလိုမှာ ဆရာတော်ကြီး နှလုံးသွေးကြော ပိတ်တယ်လို့ ဆိုပါတယ်။ အိပ်ရာထဲ ဘုံးဘုံးလဲပါတယ်။ သတင်းမေး လာကြသူတွေ ဆိုတာ ကျောင်းနဲ့ အပြည့်ပါပဲ။ ဆရာတော်ကြီး မီးစာကုန်လို့ပဲ ခင်ညွန့်ရဲ့ ဘုန်းကံပျောက်သလား မဆိုနိုင်ဘူး။ နောက်သုံးလေးရက် အကြာမှာ ခင်ညွန့် ပြုတ်ပါတယ်။ ခင်ညွန့်လည်း ပြုတ်ရော ဆရာတော်ကြီး အနားမှာ ၀ိုင်းနေခဲ့တဲ့ ဒကာတွေလည်း ချက်ချင်း ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်တော့တာပါပဲ။ ခြွေရံသင်းပင်းနဲ့ နေ ရတာ သာယာနေတတ်တဲ့ ဆရာတော်တွေအတွက် ဆိုရင်တော့ အကြီးအကျယ် သံဝေဂစရာပါ။

ဆရာတော်ကြီးကတော့ ခဏတဖြုတ်တော့ ထူထောင် လာပါသေးတယ်။ ဒါပေမယ့် တပည့်အတွက် စိတ်ထိခိုက်လို့ပဲ ရောဂါထပ်ဖောက် သွားသလား၊ တပည့်နဲ့ ကံကြမ္မာတူပဲ ဗိုလ်ချုပ်မှူးကြီးရဲ့ ကျူပင်ခုတ် ကျူငုတ်မကျန် နှိပ်ကွပ်ခြင်း ခံရမှာကိုပဲ လန့်သွားလို့လား မဆိုနိုင်ဘူး။ နောက်လေးငါးရက် အကြာမှာ ပျံလွန် တော်မူသွားပါတယ်။ ဘုန်းကြီးပျံပွဲကိုတောင် နအဖက အကြီးအကျယ် လုပ်ခွင့်မပေးလို့ အကျဉ်းရုံး လုပ်ခဲ့ရပါတယ်။

(၃)

မင်းခယောင်္ကျား၊ ကမ်းနားသစ်ပင် … တဲ့။
မင်းဧကရာဇ်အပါး ခစားတဲ့ အစေအပါး ကျွန်ယုံတွေရဲ့ ဘ၀ဟာ ခိုင်မြဲလေ့ မရှိပါဘူး။
အဲဒီလိုပဲ မင်းခရဟန်း … တဲ့
ကျနော်တို့ ဆက်ပြီး စောင့်ကြည့်ကြပါစို့လား ခင်ဗျာ …။

ဒေါင်းတမန်

1 comment:

Ing Weber said...

Dear Writer,
I remember that the Tharawadi and his queen were not complaining their Sayadaw ( Min Saya Phongyi) when the latter had beaten Maung Lwin , would be King Mindon. This is one example.
Bagyidaw did not harm Bamaw Sayadaw when the latter criticise the king " Ba-yin-par ma-wa bu".This is second example.
These examples show that Burmese Kings (rulers, heads of state) respect their monks.
Now a day the heads of the state were influenced by materialist, communist. So the latest generation Burmese Rulers can kill their own buddhist monk.
I am wondering if they would kill their own parents who stand against them.
In fact the public is parent of the arm forces.
We have to wait and see how these evil mined leaders would end their lives.