Thursday, November 22, 2007

တောက်ခေါက်သံများ .... ပုန်းခိုကျင်းများနှင့် .... ရွှေဝါရောင် တော်လှန်ရေး၏ အခန်းဆက် ....

အောင်ရင်ငြိမ်းချမ်း

ကိုလွဏ်းဆွေ ဘလော့မှာ ဆရာအောင်ဝေးရဲ့ အက်ဆေးကဗျာကို တွေ့ရတော့ တော်တော် စိတ်မကောင်း ဖြစ်ရ ပါတယ်။ ဆရာအောင်ဝေး ရင်ဘတ်ထဲမှာ ဘာတွေ ဖြစ်နေတယ်.. ဘယ်လိုတွေ ခံစားနေရတယ် ဆိုတာကိုလည်း တိုက်ရိုက် မြင်ခွင့်ရလိုက်တယ်။ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး ဒီရေဟာ ဆရာအောင်ဝေး ရင်ဘတ် ထဲမှာ အရှိန်အမြင့်မားဆုံး တက်နေဆဲပါ..။ ဒါပေမယ့် တပြိုင်တည်းမှာ ဆရာဟာ အားမလို အားမရတွေ ဖြစ်နေ တယ်.. ကြေကွဲနေတယ်.. ပေါက်ကွဲနေတယ်.. ။ ခံစားချက် မျိုးစုံကို တပြိုင်နက်တည်း ခံစားနေရတယ်..။

ဆရာက ပြင်ပမှာ ရောက်နေတဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေကိုလည်း အားမလိုအားမရ ဖြစ်နေတယ်..။ ကရုဏာ ဒေါသ ဖြစ်နေတယ်..။ လှောင်အိမ်ထဲမှာ သီကြွေးနေတဲ့ ငှက်ကလေးတွေလို့ ဆိုထားတယ်..။ လှောင်အိမ်ထဲက ငှက်ကလေးတွေဟာ ဘယ်လိုပင် တေးသီပါစေ မလွတ်မြောက်နိုင်ဘူးတဲ့..။ ဆရာအောင်ဝေးဟာ လမ်းမတွေ ပေါ်မှာ နောက်တပွဲ နွှဲကြဖို့ စိတ်ဇောသန်နေတယ်..။ အချိန်နဲ့အမျှ စစ်အာဏာရှင်ကို ဖြုတ်ချဖို့ စဉ်းစားနေတယ်။ နည်းလမ်းရှာနေတယ်။ ရွှေဝါရောင် ဒီရေလိုင်းတွေ သူ့ရင်ထဲမှာ ၀ုန်းဒိုင်းကြဲ တိုးဝှေ့ တိုက်ခတ်နေဆဲ။ ပြီးတော့ စစ်အစိုးရရဲ့ ဒိုင်ယာလော့ကိုလည်း လှောင်ပြောင်ထားတယ်..။ သူ့ခေတ်ပြိုင်ရဲဘော် ကဗျာဆရာတွေကိုလည်း တိုက်ပွဲဝင်ကြဖို့ ဆော်သြထားတယ်။

တကယ်တော့ ဆရာအောင်ဝေးဟာ စစ်အာဏာရှင်ကို ချဲလင့်လုပ်ခဲ့သူ၊ ယခု လက်ရှိအခြေ အနေမှာ ပုန်းခိုကျဉ်း ထဲမှာ ကာလကြာရှည် ပုန်းခိုနေရသူ မျိုးချစ်ကဗျာဆရာ တယောက်ဖြစ်ပါတယ်..။ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး ကာလမှာ ကိုဇာဂနာ၊ ကိုကျော်သူတို့နဲ့ အတူ ပြည်သူလူထုကို ရှေ့တန်းကနေ ဦးဆောင်ခဲ့သူဖြစ် တယ်..။ ကိုကျော်သူ ခေါ်အစစ်ခံရပြီး ပြန်လွတ်လာတော့ ပုန်းခိုကျင်းထဲကနေ လှမ်းပြီး အားပေးစကား ပြောကြား ခဲ့သူ ဖြစ်တယ်။ စက်တင်ဘာ ၂၄ရက်နေ့မှာ ဆူးလေရှေ့မှာ ကျော်ကိုကိုတို့နဲ့ အတူ လူထုပရိသတ်ကို ရဲဝံ့စွာ တရားဟောခဲ့သူ ဖြစ်တယ်။ အောက်တိုဘာ ပထမပတ်မှာ ဗွီအိုအေ သတင်းဌာန “သူယုံကြည်ရာ အစီအစဉ်” ကနေ စစ်အစိုးရကို ဗြောင် စိန်ခေါ်ခဲ့သူဖြစ်တယ်..။

ပုန်းရှောင်နေရတဲ့ အရှင်ဂမ္ဘီရနဲ့ သူ့ရဲဘော် ရဟန်းများ၊ ကိုဌေးကြွယ်၊ ကိုလှမျိုးနောင်၊ မမီးမီး၊ ကိုအောင်သူ၊ ကိုစိုးထွန်း၊ ကိုထွန်းမြင့်အောင်၊ မနီလာသိန်း၊ မစုစုနွေး၊ မဖြူဖြူသင်း၊ ကိုကျော်ကိုကို၊ ကိုလင်းထက်နိုင်၊ ကိုစည်သူ မောင်နဲ့ မဟန်နီဦး တို့လိုပဲ ဆရာအောင်ဝေး ဟာလည်း စစ်အစိုးရကနေ အပြင်းအထန် လိုချင်နေသူ တယောက် ဖြစ်ပါတယ်..။ ကိုဌေးကြွယ်၊ ကိုအောင်သူ၊ မမီးမီးတို့ ကတော့ အောက်တိုဘာ ၁၃ ရက်နေ့က ပဲခူးတိုင်း အင်းတကော် ရာဘာခြံထဲမှာ ပုန်းအောင်းနေတုန်း အဖမ်းခံခဲ့ရပြီ။ ကိုလှမျိုးနောင်လည်း အလွန်ဆိုးရွားနေတဲ့ မျက်စိကို ခွဲစိတ်ရန် ပုန်းခိုကျင်းထဲက ထွက်အလာ အဖမ်းခံခဲ့ရပြီ။ အခု မျက်စိ တဖက်ပျက်သွားပြီ ကြားရ။ စည်သူမောင်နဲ့ ဟန်နီဦးလည်း အဖမ်းခံခဲ့ရ။ အခု သူတို့တွေ အင်းစိန် နရသိန်မှာ။ အရှင်ဂမ္ဘီရနဲ့ မစုစုနွေး တို့လည်း ဒီလအစောပိုင်းမှာ အသီးသီး အဖမ်းခံခဲ့ကြရ။

အရှင်ဂမ္ဘီရဟာ နိုင်ငံတော်ကို ပုန်ကန်သူ၊ ရွှေဝါရောင် တော်လှန်ရေးကို ဦးစီးဦးဆောင်ပြုသူအဖြစ် သေဒဏ် (သို့မဟုတ်) တသက်တကျွန်း ပစ်ဒဏ်ချမှတ် ခံရလိမ့်မယ်လို့ သူ့မိသားစုကို ရေမြေ့သနင်း ဘ၀ရှင် မင်းတရားကြီးရဲ့ လက်မရွံ့ လူသတ်သမားတွေက သွားရောက် ပြောကြားခဲ့တယ်လို့ ကြားရတယ်။

ဆရာအောင်ဝေးရေ…

လက်မရွံ့ လူသတ်သမားတွေရဲ့ လက်ကနေ လွတ်အောင် ပုန်းရှောင်ရင်း ခြောက်အိပ်မက်တွေ မက်နေရတဲ့ ဆရာ့ရဲ့ လက်ရှိအခြေအနေကို ထပ်တူထပ်မျှ ကိုယ်ချင်းစာမိပါတယ်..။ ဆရာ့မိသားစုလည်း ဆရာ့အတွက် စိုးရိမ်ပူပန် နေကြရော့မယ်..။ ဆရာ့ဝင်ငွေ တခုတည်းအပေါ်မှာသာ ရပ်တည်နေရတယ်ဆိုရင် ဆရာ့မိသားစုတော့ အခက်တွေ့နေကြပြီပေါ့..။

ကောင်းကင်တခုလုံး မီးဟုန်းဟုန်း တောက်နေမှတော့ ပျိုးပင်တွေကို ဘယ်လိုများ ကြဲတော့မှာလဲ..။ ရွှေဝါရောင် တော်လှန်ရေးမှာ ပန်းတချို့တော့ ကြွေလွင့်ခဲ့ရပေါ့..။ ဒါပေမယ့် မကြာခင် ရောက်လာတော့မယ့် နွေဦးကို ဘယ်သူကများ တားဆီးထားနိုင်မှာလဲလေ..။

မည်သို့ဆိုစေ ဆရာ့စိတ်ဓာတ်တွေ အမြင့်ဆုံးမှာ ရှိနေတယ်လို့ ဆရာကဆိုထားလို့ ၀မ်းသာကျေနပ်ရပါတယ်။ တော်လှန်ရေးက မပြီးသေးပါဘူး။ အခုမှ ပထမဆုံး စာမျက်နှာကို လှန်ခဲ့ကြပေါ့။ အဆုံးမှာတော့ အောင်ပွဲဟာ ပြည်သူလူထုနဲ့အတူ ရှိရမှာပါ။ ဧရာဝတီ သတင်းဌာနက ရဲဘော်ကျော်စွာမိုး ရေးတဲ့ ဆောင်းပါးခေါင်းစည်းထဲက အတိုင်းပဲ “လှုပ်ရှား ရုန်းကန်နေသရွေ့ မျှော်လင့်ချက်ရှိနေသည်” ပါပဲ။ ကျနော်တို့ တိုက်ပွဲကို ဆက်ကြရမယ်..။ ဘယ်သူ့ ဘယ်သူကိုမှ အပြစ်တွေပုံချ မနေကြေး ဆရာရေ..။ ကိုယ်ကျရာ အခန်းကို အကောင်းဆုံး ကပြကြ ရလိမ့်မယ်..။ တိုင်းပြည်အတွက်၊ သာသနာအတွက် ကျနော်တို့ စွန့်လွှတ် တိုက်ပွဲဝင် ကြရလိမ့်မယ်။ ကျနော်တို့မှာ တခြားရွေးချယ်စရာ လမ်းမရှိတော့ဘူး..။

ရွှေဝါရောင် တော်လှန်ရေးက သွေးစွန်း စာမျက်နှာတို့ရဲ့ အခန်းဆက်တစ်ခု ဖြစ်သလို စက်တင်ဘာသစ်ရဲ့ မော်ကွန်းနီလည်း ဖြစ်တယ် ..။ သို့မဟုတ်.. အမှောင်ခေတ်ကို အဆုံးသတ်မယ့် အဖိနှိပ်ခံ လူတန်းစားတို့ရဲ့ မိစ္ဆာသို့ တိုက်ပွဲခေါ်သံပေါ့..။ ဒီတိုက်ပွဲမှာ ပြည်သူအား လုံးပါဝင် ကြရလိမ့်မယ်..။ ပြည်သူလူထု အားလုံးကို မိစ္ဆာက စိန်ခေါ်နေပြီ..။ အရူံးမပေးသေးသရွေ့ ဘယ်တော့မှ ရူံးနိမ့်လိမ့်မယ် မဟုတ်ဘူး..။

ဆရာတခါက ရေးခဲ့ဖူးတဲ့ ကျနော်တို့ ကြိုက်ခဲ့ရတဲ့ “ခြင်္သေ့” ကဗျာထဲကအတိုင်း “တောသုံးတောင်သို့ အ၀င်မှာ ခြင်္သေ့ဟာ သမင်မ မျက်လုံးကို ပခုံးပေါ် ပစ်တင်လိုက်တယ်... ဒီကောင် လွမ်းခဲ့ပါတယ် ညီမလေးရယ်၊ ငါ့နှလုံး သားမှာ ပန်းများဝေဖူး ဒီနွေဦးဟာ မင်းခူးယူဖို့ပါ... ကန္တာရ မဆန်ပါဘူး ငါ ဒဏ်ရာရခဲ့တာပါ” ဆိုသလိုပေါ့.. သူရဲကောင်းမှန်ရင် ဒဏ်ရာဒဏ်ချက်တွေတော့ ရှိကြပေလိမ့်မယ် ဆရာရေ.. ဒါပေမယ့် ဆရာဟာ ခြင်္သေ့တစ် ကောင်ရဲ့ ရဲရင့်မူမျိုးနဲ့ အခက်အခဲ အားလုံးကို ရင်ဆိုင်ကျော်လွှား နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဆရာအောင်ဝေး.. လွတ်အောင် ပုန်းနိုင်ပါစေ..။ တော်လှန်ရေး တာဝန်တွေ ဆက်လက်ထမ်း ဆောင်နိုင်ပါစေ..။

အောင်ရင်ငြိမ်းချမ်း
(၂၁-အောက်တိုဘာ-၂၀၀၇)

(လွတ်မြောက်ရာလမ်း ဘလော့ဂ်မှ ကူးယူဖော်ပြပါသည်)

Essays from a Bomb-shelter
Aung Way

1. Survive on the run
In the small dark rooms while I was hidding, it seemed there was a Nightingale's sacrifice lamp lightening upon me.
From the murky bottlenecks when I was fleeing, it seemed there was a Madame Lenin's lover lamp following me closely.
Through the black haunted wilderness where I was crossing, it seemed there was an Aung San Suu Kyi's unafraid lamp guiding me to freedom.
Hello! My sweet enemies, do you know how I can survive on the run for so long because the sun always rises in my mind.

2. If – and –Then
If you're only strong in proposal politics and nobody is fighting in the front line then it's like a bird singing in a cage-nothing happen.
If you're only hungry in future democracy and nobody is protesting on the urban streets then it's like a tiger starving in a gaol-nothing happen.
If you're only interested in junta's dialogue and nobody is rallying under the revolution flag then it's like a storm blowing in a tea cup-nothing happen.
Oh! My comrade poets, If you're only crazy in poetry and poetry and nobody is screaming at a red squre of the deaths then it's like a sword rusting in a scabbard-nothing happen.

Aung Way
14-10-2007

No comments: