Sunday, November 4, 2007
ရေမီးရှားပြည် ဘာမတတ်မင်းကြီးနှင့် ဘာမသိအမတ်များ၏ ညီလာခံ တနေရာ …
ဘာမတတ်မင်းကြီး ။ ။ ဘာမသိ အမတ်များတို့ …
ဘာမသိအမတ်များ ။ ။ ရှေ့တော်မှောက်၌ ခစားလျက်ရှိကြောင်းပါ ဘုရား …
ဘာမတတ်မင်းကြီး ။ ။ အိမ်း … ဒါနဲ့ … ကုလားသမဂ နိုင်ငံက ဆိုလား သံတမန်ကြီး ရောက်ပလားကွဲ့ …
ဘာမသိအမတ်များ ။ ။ ရက်ပိုင်းအတွင်း ရောက်ရန်ရှိကြောင်းပါ ဘုရား …
ဘာမတတ်မင်းကြီး ။ ။ သဟာနဲ့ ကုလားသမဂ တိုင်းပြည်ဆိုတာ ဘယ်နားမှာတုန်းကွဲ့၊ သံတမန် ၀န်မင်း မောင်ညံ့ဖျင်းကလေးရဲ့ …
ဝန်မင်းမောင်ညံ့ဖျင်း ။ ။ မှန်လှပါ ဂမ်ဘာရီဆိုတဲ့ သံတမန်ကြီး အလွန်အသားမည်းပုံ ထောက်ရင် ကုလားသမဂ တိုင်းပြည်ဟာ အာဖရိကတိုက်မှာ ရှိနိုင်ကြောင်းပါ ဘုရား …
ဘာမတတ်မင်းကြီး ။ ။ အိမ်း … ငါကိုယ်တော်မြတ်၏ ဘုန်းတန်ခိုး အာနုဘော်ကြောင့် အာဖရိက တိုင်းပြည် များကပင် အခစားဝင်ရောက် လာပေးသကိုး … သဟာနဲ့ ဦးပြည်းကတုံးတွေ ထောင်ထားခြားနားမှု အခြေအနေ ကကော ဘယ့်နှယ်ရှိသတုန်း … စစ်သူကြီးချုပ် ငါရလေပန်း လျှောက်တင်စမ်းပါဦးကွဲ့ …
ငါရလေပန်း ။ ။ မှန်လှပါ … ကျနော်မျိုးကြီးနဲ့ ပါကွက်သား ၀န်ကြီး ငကြောင်သောင်းတို့ရဲ့ စစ်ဦးဘီလူးကဲ့သို့ နှိမ်းနင်းမှုကြောင့် ယခု ငြိမ်ဝပ်ပိပြားလျက် ရှိကြောင်းပါ။ ယခုအခါ ကျနော်မျိုးကြီးတို့ရဲ့ ရေမီးရှားပြည်ကို အရပ်ရပ် နေပြည်တော်များမှ ထိတ်လန့် တုန်လှုပ်လျက် ရှိကြောင်းပါ ဘုရား …
ဘာမတတ်မင်းကြီး ။ ။ အိမ်း … ကောင်းလှပေတယ် မောင်မင်းတို့။ အလို … ဟိုက အခစား ၀င်ရောက်လာ တာ ပြန်ကြားရေး ၀န်ကလေး ငကြောင်ဆန်း မဟုတ်လားကွဲ့ … ဘာများထူးသတုန်း မောင်မင်း …
ဝန်မင်းငကြောင်ဆန်း ။ ။ မှန်လှပါ … ယမမင်းထံမှ သ၀ဏ်လွှာ ရောက်ရှိကြောင်းပါ ဘုရား …
ဘာမတတ်မင်းကြီး ။ ။ အလို … ယမမင်းဆိုတာ ဟို ယိုးဒယားပြည်က ရာမဘုရင်(၉) မဟုတ်လားကွဲ့ … အံမယ် … သူ့ နန်းသက်(၆၀)ပြည့် ပွဲတုန်းက ငါ့ကို မဖိတ်ဘဲ ချန်ခဲ့ပြီးတော့ အခုကျမှ ဘာ့အတွက် သ၀ဏ်လွှာ ပို့ ရသတုန်းကွဲ့ ... ငါကိုယ်တော်မြတ် ရွှေစိတ်တော် ဆိုးတော်မူတယ်ကွယ် …
ဝန်မင်းငကြောင်းဆန်း ။ ။ မှန်လှပါ … ယိုးဒယားဘုရင် မဟုတ်ကြောင်းပါ … ယခု သ၀ဏ်လွှာက ယမပြည်က ဖြစ်ကြောင်းပါ ဘုရား …
ဘာမတတ်မင်းကြီး ။ ။ ဟုတ်ကဲ့လားကွဲ့ ... ဒါဆို ယမပြည်ဆိုတာ ဘယ်နားမှာတုန်း မောင်မင်းရဲ့ … လျှောက်တင်စမ်းပါဦး …
ဝန်မင်းငကြောင်ဆန်း ။ ။ မှန်လှပါ … ယမပြည်ဆိုသည်မှာ အလွန်အင်မတန် ပူသည်ဆိုသောကြောင့် အီကွေတာ တ၀ိုက်မှ တိုင်းပြည်ဖြစ်နိုင်ကြောင်းပါ ဘုရား …
ဘာမတတ်မင်းကြီး ။ ။ အသေးစိတ် လျှောက်တင်စမ်း မောင်မင်း …
ဝန်မင်းငကြောင်ဆန်း ။ ။ ယမမင်းကြီးမှ အရှင်မင်းကြီးရဲ့ ယုတ်မာပုံ … အဲ … အဲ … လုပ်ဆောင်ပုံများကို သ ဘောကျတော် မူသောကြောင့် ယမပြည်၏ ဂုဏ်ထူးဆောင် နိုင်ငံသားအဖြစ် ဂုဏ်ပြုပြီး ယမပြည်သို့ အချိန်အခါမ ရွေး ကြွရောက်ရန် ယမပြည်၏ တံခါးသော့များကိုပါ တပါတည်း ပေးပို့လိုက်ကြောင်းပါ ဘုရား ...
ဘာမတတ်မင်းကြီး ။ ။ အိမ်း … ကောင်းလေစွ … ငါ၏ ဘုန်းတခိုးကား အရပ်ရပ် နေပြည်တော်သို့တိုင် ကျော်စောပေတော့သကိုး … ကဲ .. ကဲ ယမပြည့်ရှင် ယမမင်းကြီးထံ ငါကိုယ်တော်မြတ် ၀မ်းမြောက်တော်မူ တဲ့အကြောင်း အလျင်အမြန် အီးမေးလ် … အဲ … အဲ … သ၀ဏ်လွှာတစောင် ပြန်ကြားတော်မူစမ်း သံတမန်ဝန် မင်း မောင်ညံ့ဖျင်းကလေးရဲ့လေ…
ဝန်မင်းမောင်ညံ့ဖျင်း ။ ။ မှန် … မှန် … မှန်လှပါ … အမိန့်တော်မြတ် အတိုင်းပါ ဘုရား …
သမိန်ပေါသွပ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment