အဟိ
အဟိတို့ မြန်မာပြည် အမှောင်တိုက်အတွင်းက သတင်းပလင်း တွေကတော့ ကြားလိုက်ရရင် ကျော်မ ကောင်း ကြားမကောင်း နံနံပုပ်ပုပ်တွေချည်းပဲ … အဟုတ်။ ပြည်သူတွေခမျာ စားဝတ်နေရေး ၀ဲဂယက်ထဲမှာ ချာချာလည်၊ ဖတ်ဖတ်မော နေရတဲ့အထဲ နအဖ စစ်အာဏာရူးတွေ ဖိနှိပ်ရက်စက်တာကို ခံရတာက တမှောင့်၊ စစ်အာ ဏာရူးတွေကို ဖော်လံဖားနေတဲ့ အလိုတော်ရိတွေ အသားလွတ် ဗိုလ်ကျတာကို ခံရတာက တမှောင့်နဲ့ မိအေးအခါခါနာတွေ ဖြစ်နေကြရလေရဲ့။ အခုလည်း နအဖ ပြန်ကြားရေး ၀န်ကလေး ဗိုလ်ကျော်ဆန်းကို ကပ်ဖားရပ်ဖား လုပ်နေတဲ့ အလိုတော်ရိ မြတ်ခိုင်တယောက် နအဖအားကိုးနဲ့ ဗိုလ်ကျ အနိုင်ကျင့်တဲ့ သတင်းတပုဒ်ကို ကြားရပြန်ပြီ။
သတင်းက ဒီလိုပါ …။ မြတ်ခိုင်က သူ့သူငယ်ချင်း စာရေးဆရာ တယောက်ရဲ့ သားကို ‘ခွေးမသား’ ဆိုပြီး အသားလွတ် ဆဲလို့ ထိုသူငယ်က မခံမရပ်နိုင်ဖြစ်ပြီး တရားစွဲသတဲ့။ အဲဒါကို မြတ်ခိုင်က ထိုသူငယ်ကို ‘ခွေးမသား’ လို့ ဆဲတာဟာ သူ့သူငယ်ချင်းရဲ့သားဖြစ်လို့ ချစ်စနိုးနဲ့ ဆဲတာပါလို့ သူပိုင် ဂျာနယ်တစောင်ကနေ ထီမထင်တဲ့ ပုံစံနဲ သရော်တော်တော် ပြန်ရေးသတဲ့။ မြတ်ခိုင်ရေးတဲ့ ဆောင်းပါးကို မြတ်ခိုင်ထောင်ထားတဲ့ ထောင်ချောက် အဲလေ … အင်္ဂါစကားဝိုင်း (စာပေသမားတွေ အခေါ် အင်ဖော်မာ စကားဝိုင်း)မှာ အပတ်စဉ်လာပြီး စားသောက်နေတဲ့ ဒါရိုက်တာပြည်စုံက ထောက်ခံစကား ပြောကြားသတဲ့။ ပြောပေးရပေမှာပေါ့ … အသက်ကြီးမှ ပျက်စီးပြီး မြတ်ခိုင်ရဲ့ ပေးစာကမ်းစာတွေကို စားသောက်နေတဲ့ ကျေးဇူးက ရှိနေတာကိုးလို့ ပြောသူက ပြောကြရဲ့။
ဒါရိုက်တာပြည်စုံ ထောက်ခံစကား ပြောပုံကိုလည်း ကြည့်ဦး။ သခင်ကိုယ်တော်မှိုင်းလည်း ဗိုလ်ချုပ်အောင်ဆန်းတို့ကို ‘ခွေးမသား’လို့ ဆဲခဲ့ဖူးတာပဲတဲ့။ လုပ်ပုံ … လုပ်ပုံ … မသိရင် မြတ်ခိုင်ကပဲ သခင်ကိုယ်တော်မှိုင်းနဲ့ ပါဝါတူ ပုဂ္ဂိုလ်လိုလို။ ခိုင်းနှိုင်းပုံကို ပြောပါတယ်။ အဲဒီစကားကို ကြားတဲ့ အဟိမိတ်ဆွေ တယောက်က ဘာပြောလဲဆိုတော့ မြတ်ခိုင်က သခင်ကိုယ်တော်မှိုင်းတော့ မဖြစ်နိုင်ဘူး။ ဖြစ်ချင်းဖြစ်ရင် ‘ကျွန်ကိုယ်တော်ရိုင်း’ ပဲ ဖြစ်လိမ့်မယ်တဲ့။ နအဖဆီမှာ ကျွန်ခံနေပြီး ရိုင်းစိုင်းတဲ့ အယုတ်တမာကောင် မို့လို့ပါတဲ့။ အဟိမိတ်ဆွေ ပေးတဲ့ နာမည်ကို အဟိ သဘောအကျကြီး ကျသွားမိရဲ့။ အဲဒီတော့ သခင်ကိုယ်တော်မှိုင်းနဲ့ မနှိုင်းအပ်တဲ့ မြတ်ခိုင်ဆိုတဲ့ ‘ကျွန်ကိုယ်တော်ရိုင်း’ လေးကို အဟိကလည်း ‘ခွေးမသားမြတ်ခိုင်’ လို့ဆဲရင် စိတ်ဆိုးစရာလား သိချင်မိရဲ့။ စိတ်ဆိုးစရာ ဆိုရင်လည်း မြတ်ခိုင် ပြောသလိုပဲ ချစ်လို့ ဆဲတာလို့ မှတ်ပေးကြပါနော်။ အဟိ …။
(ခေတ်ပြိုင်အင်တာနက်စာမျက်နှာတွင် ဖော်ပြပြီး ဖြစ်ပါသည်)
Sunday, November 18, 2007
ချစ်လို့ ဆဲတာမှတ်ပါ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment